Home / ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေး ပထမနေ့ အောင်မြင်စွာ ကျင်းပပြီးစီး

ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေး ပထမနေ့ အောင်မြင်စွာ ကျင်းပပြီးစီး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်

ယနေ့ နံနက် ၁၀ နာရီတွင် ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေး ပထမနေ့ အစီအစဉ်ကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ လုပ်ငန်းလမ်းညွှန်နှင့်အညီ အစီအစဉ် (၁၄) ရပ်ဖြင့် ကျင်းပခဲ့ပါသည်။ အစည်းအဝေးအဖွင့်တွင် ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးတော်ပုံများနှင့် နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့ကြသော သူရဲကောင်းများအား ဂုဏ်ပြုသောအားဖြင့် (၁၀) စက္ကန့် ငြိမ်သက် အလေးပြုခဲ့ကြပါသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က အသီးသီး မိန့်ခွန်းပြောကြားခဲ့ကြပါသည်။

ဆက်လက်၍ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန် အမတ်များအဖွဲ့ (APHR) ၏ ပူးတွဲဥက္ကဋ္ဌ (Hon. Charles Santiago) မစ္စတာ ချာလ်းစ်ဆန်တီရေဂိုက အမှာစကားပြောကြားခဲ့ပြီး လွှတ်တော်က မှတ်တမ်းတင်ခဲ့ပါသည်။

ထို့အပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ရေးရာကော်မတီများ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ၊ နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အားကောင်းစေရေးကြိုးပမ်းမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းဆောင်ရွက်ချက်များ ဖြစ်ပေါ်တိုးတက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များဆိုင်ရာ အစီရင်ခံစာတို့အား လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး လွှတ်တော်က မှတ်တမ်းတင်ခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီက တင်သွင်းသည့် “မြန်မာနိုင်ငံ၌ ဖက်ဒရယ် ဒီမိုကရေစီစနစ် တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးနှင့် ဒေသတွင်းတည်ငြိမ်ရေးတို့အတွက် ဆက်လက်ပံ့ပိုးကူညီပေးရန်နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသော အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး နိုင်ငံတကာအသိုက်အဝန်းသို့ တိုက်တွန်းကြောင်း” အဆိုကို နိုင်ငံတကာဆက်ဆံရေးကော်မတီ အဖွဲ့ဝင် ဦးအာကာမျိုးထက်က တင်သွင်းခဲ့ပြီး ကယား/ကရင်နီပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၅) မှ ဦးစိုင်းပန်ဖက အဆိုကို ထောက်ခံဆွေးနွေးခဲ့သဖြင့် ၎င်းအဆိုကို အစည်းအဝေး ဒုတိယနေ့အစီအစဉ်တွင် လက်ခံဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့ကာ ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေး ပထမနေ့အစီအစဉ်အား နေ့လယ် ၁၃:၄၅ နာရီခန့်တွင် ရပ်နားခဲ့ပါသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သံတမန်များ၊ နိုင်ငံတကာမှ ဧည့်သည်တော်များနှင့် မီဒီယာများ ပါဝင်တက်ရောက်ခဲ့သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top