Home / (၁၃၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့သို့ ပေးပို့သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ သဝဏ်လွှာ

(၁၃၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့သို့ ပေးပို့သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ သဝဏ်လွှာ

၁။        ယနေ့သည် မေဒေးဟု လူသိများသော အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ ဖြစ်ကာ မြန်မာနိုင်ငံ၌ အလုပ်သမားနေ့အဖြစ် သတ်မှတ်ကျင်းပလာခဲ့သည်မှာ ယခုနှစ်သည် (၈၄) ကြိမ် မြောက် အခါသမယဖြစ်ပါသည်။ ဤနေ့ထူးနေ့မြတ်အခါသမယတွင် အလုပ်သမားပြည်သူ အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာ၍ လုပ်ငန်းဆောင်တာများ အောင်မြင်ကာ ဘေးအန္တရာယ် အပေါင်းမှ ကင်းဝေးပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

၂။         အကြမ်းဖက်စစ်အာဏာရှင်အုပ်စုက ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၁) ရက်နေ့တွင် နိုင်ငံတော်၏ အာဏာကို သိမ်းယူခဲ့ကြပြီး လူမဆန်သောအပြုအမူများဖြင့် လက်နက်အားကိုး၍ ပြည်သူများအား ချုပ်ကိုင်စိုးမိုးရန် ကြိုးပမ်းလျက်ရှိခြင်းကြောင့် တိုင်းပြည်၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှုတို့ ဆုတ်ယုတ်သွားခဲ့ပြီး ဖြစ်ပါသည်။ သို့သော်လည်း ဒီမိုကရေစီကို မြတ်နိုးတန်ဖိုး ထားကြသော မိမိတို့ ပြည်သူများသည် အုပ်ချုပ်မခံဘဲ ခုခံတော်လှန်လာကြကာ ယခုတစ်နှစ် ကျော်ကာလအတွင်းတွင် တာဝန်အသီးသီးကို ညီညွတ်စွာ ပူးပေါင်းပါဝင်ထမ်းဆောင်ခဲ့မှုများ ကြောင့် အောင်မြင်မှု အသီးအပွင့်များကို မျက်မြင်ကြုံတွေ့နေကြရပြီဖြစ်ပါသည်။

၃။        စစ်အာဏာရှင်များအား ဆန့်ကျင်တော်လှန်ကြရာတွင် အကြမ်းမဖက် အာဏာဖီဆန် မှုဖြင့် ဦးဆောင်ဆန့်ကျင်ခဲ့ကြသည့် ပြည်သူ့ဝန်ထမ်းသူရဲကောင်းများ၊ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံ နှင့် ဘဏ်များမှ ဝန်ထမ်း၊ အလုပ်သမားများ၏ ဦးဆောင် ဆန့်ကျင်လှုပ်ရှားမှုများသည် ဤမြန်မာ့ နွေဦးတော်လှန်ရေး၏ ပဲ့ဦးဆန့်ကျင်လှုပ်ရှားမှုများဖြစ်ပြီး တော်လှန်ရေးတွင် အလွှာအသီးသီး၏ ပါဝင်မှုကို များစွာ မြှင့်တင်နိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံ၌ ပြည်သူ့အစိုးရလက်ထက်တွင် အလုပ် သမားထု၏ အခြေခံအခွင့်အရေးများ၊ လူမှုဖူလုံရေးစနစ်များနှင့် အကာအကွယ်ပေးရေးတို့ အတွက် ဥပဒေ၊ မူဝါဒများ အားကောင်းလာစေရန် ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း စစ်အာဏာ သိမ်းမှုနောက်ပိုင်း နိုင်ငံတစ်ဝှမ်းရှိ အလုပ်သမားများသည်လည်း အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလာမှုနှင့်အတူ အလုပ်သမား အခွင့်အရေးများဆုံးရှုံးနေရပြီး အလုပ်လက်မဲ့ပြဿနာများ၊ စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရလျက် ရှိပါသည်။

၄။        စစ်အာဏာရှင်များအား ဆန့်ကျင်တော်လှန်ရာ၌ ပြည်သူ့ဝန်ထမ်း၊ အလုပ်သမားများ ၏ ပါဝင်မှုသည် အရေးပါသော အင်အားစုတစ်ရပ်ဖြစ်ပြီး အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင်လည်း ပြည်သူ့ဝန်ထမ်းများနှင့် စက်ရုံ၊ အလုပ်ရုံများ၏ ကျွမ်းကျင်သူ အလုပ်သမားသည် ယခုထက် ပိုမိုအရေးပါသော အရင်းအမြစ်များ ဖြစ်ပါသည်။ အနာဂတ်ကို မှန်းမျှော်၍ အလုပ်သမားထုအတွက် လိုအပ်သည့် ဥပဒေများ၊ ရပိုင်ခွင့်များ၊ အခွင့်အရေးများ အတွက် နိုင်ငံတကာဥပဒေများ၊ သတ်မှတ်ချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက် သွားရမည့်အပြင် တော်လှန်ရေးကာလအတွင်း ဆုံးရှုံးသွားသည့် ရပိုင်ခွင့်နှင့် အခွင့်အရေးများကို ပြန်လည်ကုစားပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၅။        မဝေးသောအနာဂတ်တွင် မြန်မာနိုင်ငံ၌ စစ်အာဏာရှင်များ၏ လူမဆန်သော အပြု အမှုများ၊ ဖိနှိပ်မှုစနစ်ဆိုးများနှင့် ခွဲခြားဆက်ဆံမှုများကို အပြီးတိုင် ပပျောက်စေရန် မိမိတို့အနေ ဖြင့် အတူတကွ ပူးပေါင်း လုပ်ဆောင်ကြရမည်ဖြစ်ပြီး အလုပ်သမားများနှင့် ပြည်သူအားလုံး၏ အနာဂတ် မျှော်လင့်ချက်ဖြစ်သော တန်းတူအခွင့်အရေးများနှင့် လူနေမှုဘဝများအတွက် အာမ ခံချက် အပြည့်အဝပေးနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ လက်တွဲညီညီ ကြိုးစား လျှောက်လှမ်းကြပါစို့ဟု ခွန်အားသစ်ယူလျက် ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top