မူလ / CRPH သို့ လှူဒါန်းနိုင်မည့် CRPH – Official Fundraiser Program အား မိတ်ဆက်ခြင်း

CRPH သို့ လှူဒါန်းနိုင်မည့် CRPH – Official Fundraiser Program အား မိတ်ဆက်ခြင်း

CRPH သို့ လှူဒါန်းနိုင်မည့် CRPH – Official Fundraiser Program (CRPH – OFP) အား မိတ်ဆက်ခြင်း
၂၇ ဧပြီ ၂၀၂၁ခုနှစ်


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representing Pyidaungsu Hluttaw-CRPH) သည် လက်ရှိ မြန်မာနိုင်ငံအရေးအတွက် နိုင်ငံတကာမှ ရန်ပုံငွေကောက်ခံလျက်ရှိသော တစ်သီးပုဂ္ဂလ အဖွဲ့အစည်းများ၊ အကူအညီပေးသူများ အားလုံးနှင့် ချိတ်ဆက်၍သော်လည်းကောင်း၊ စာရင်း ရယူစိစစ်၍သော်လည်းကောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ၏ တရားဝင် ရန်ပုံငွေကောက်ခံသည့် အဖွဲ့အစည်းများအဖြစ် အသိအမှတ်ပြုလိုက်ခြင်းဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ မှ ဦးဆောင်၍ အဆိုပါအဖွဲ့အစည်းများမှတဆင့် မြန်မာနိုင်ငံအတွက် ပိုမိုထိရောက်သော ရန်ပုံငွေ အကူအညီများ ပေးနိုင်ရန် ရည်ရွယ်ပြီး CRPH – Official Fundraiser Program (CRPH – OFP) အား မိတ်ဆက်ပေးလိုက်ပါသည်။ချိတ်ဆက် စာရင်းပေးသွင်းသော ရန်ပုံငွေကောက်ခံသည့် အဖွဲ့အစည်းဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ CRPH မှ အဆင့်ဆင့် စစ်ဆေးပြီး တရားဝင် CRPH – Official Fundraiser Certificate အား ထုတ်ပေးသွားမည်ဖြစ်သည်။ CRPH မှ ပေးအပ်သော ထို Certificate တွင် ရန်ပုံငွေ ကောက်ခံသူ၏ စာရင်းသွင်း အသိအမှတ် QR Code ပါဝင်ပြီး အလှူရှင်များအနေဖြင့် တရားဝင်အဖွဲ့အစည်းဟုတ် မဟုတ် ထို QR Code ကို အလွယ်အကူ ဖတ်ရှုစစ်ဆေးပြီး အတု အစစ် ခွဲခြားနိုင်မည်ဖြစ်သည်။

ရန်ပုံငွေကောက်ခံသည့် အဖွဲ့အစည်းအဖြစ် တရားဝင်မှတ်ပုံတင်လိုပါက နိုင်ငံအလိုက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ အထောက်အကူပြုအဖွဲ့ CRPH Support Group များမှ တဆင့် လည်းကောင်း၊ CRPH – OFP တွင် တရားဝင်မှတ်ပုံတင်ထားသော ရန်ပုံငွေအဖွဲ့အစည်းများမှ တဆင့် လည်းကောင်း CRPH – OFP တရားဝင် အလှူငွေကောက်ခံမှု စီမံရေးအဖွဲ့ထံသို့ ဆက်သွယ် စာရင်းပေးနိုင်ပါသည်။ထို တရားဝင် အသိအမှတ်ပြု ရန်ပုံငွေအဖွဲ့အစည်းများမှ တစ်ဆင့် လှူဒါန်းသော နိုင်ငံတကာအလှူရှင်များအားလည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ မှ ကျေးဇူးတင်လွှာ မှတ်တမ်းအား လှူဒါန်းသူ၏ အီးမေးလ်မှတစ်ဆင့် တိုက်ရိုက်ပေးအပ်သွားမည်ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် လက်ခံရရှိသော အလှူငွေများဖြင့် နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားအတွက် လိုအပ်သော ထောက်ပံ့မှုများအပြင်၊ အခက်အခဲတွေ့ကြုံနေရသော ပြည်သူ့ဝန်ထမ်းများ၊ စစ်အာဏာသိမ်းမှုအတွင်း အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးခဲ့ရသူများ နှင့် ဘေးသင့်ပြည်သူများအတွက်လည်း ထောက်ပံ့ ကူညီမှုများကို တိုက်ရိုက်လှူဒါန်းပေးသွားမည်ဖြစ်ပါကြောင်း အသိပေးပန်ကြားရင်း တရားဝင် ရန်ပုံငွေအဖွဲ့အစည်းများမှ တစ်ဆင့် လိုအပ်နေသော ပြည်သူများထံသို့ ငွေကြေး အထောက်အပံ့ ထည့်ဝင်ကူညီပေးသွားရန် ဖိတ်ခေါ်အပ်ပါသည်။အသေးစိတ်အချက်အလက်များသိရှိလိုပါက အောက်ပါ ဖေ့စ်ဘုတ်စာမျက်နှာသို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

https://www.facebook.com/crph.ofp.official/



Scroll to Top