မူလ / ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမဲဆန္ဒနယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီး တင်သွင်းခဲ့သည့် အရေးကြီးအဆိုနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်၊ တာချီလိတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းစွမ်း၏ ဆွေးနွေးချက်

ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမဲဆန္ဒနယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီး တင်သွင်းခဲ့သည့် အရေးကြီးအဆိုနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်၊ တာချီလိတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းစွမ်း၏ ဆွေးနွေးချက်

“အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ အပါအဝင် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှုများကို အမြန်ဆုံးအဆုံးသတ်နိုင်ရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုက်အဝန်းက ထိရောက်သော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆိုတိုက်တွန်းကြောင်း” အရေးကြီးအဆိုနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်၊  တာချီလိတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းစွမ်း၏ ဆွေးနွေးချက်
 
၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်
 
လေးစားအပ်ပါတဲ့ ပြည်ထောင်စုလွှတ်တော်နာယကကြီး၊ ပြည်ထောင်စုယာယီသမ္မတကြီး၊ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်တကွ ဝန်ကြီးဌာနအသီးသီးမှ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော် အသီးသီးမှ ကိုယ်စားလှယ်တော်ကြီးများနှင့် ပြည်တွင်းပြည်ပမှ ဖိတ်ကြားထားသော ဧည့်သည်တော် များအားလုံး ကျန်းမာရွှင်လန်းပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သ လိုက်ပါတယ်။ 
 
ကျွန်တော်ကတော့ ရှမ်းပြည်နယ်၊ တာချီလိတ်မဲဆန္ဒနယ်မှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းစွမ် ဖြစ်ပါတယ်။  ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီး (စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး မဲဆန္ဒနယ်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်) မှ တင်သွင်းတဲ့  “အရပ်သား ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအပါအဝင် အကြမ်းဖက် စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်လျက် ရှိသည့် ရာဇဝတ်မှုများ အမြန်ဆုံး အဆုံးသတ်နိုင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာ အသိုက်အဝန်းက ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆိုတိုက်တွန်း ကြောင်း” အရေးကြီးအဆိုကို ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ 
 
လေးစားအပ်ပါတဲ့ ပြည်ထောင်စုလွှတ်တော် နာယကကြီးခင်ဗျာ။ နိုင်ငံတစ်ဝှမ်းလုံး၌ ကျယ်ကျယ်ပြန့်ပြန့် ခုခံတော်လှန်ခြင်းကြောင့် အရှုံးနှင့်ရင်ဆိုင်နေရတဲ့ နိုင်ငံတော်၏ အာဏာကို လက်နက်အားကိုးဖြင့် အဓမ္မလုယူခဲ့တဲ့  အကြမ်းဖက်စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများ အား တိုးမြှင့်လုပ်ဆောင်နေသည့်နည်းတူ မြေပြင်မှာလည်း ကျေးရွာများနှင့် လူနေအိမ်များအား  မီးရှို့ ဖျက်ဆီးမှုများကိုလည်း ရည်ရွယ်ချက်ရှိရှိ စနစ်တကျလုပ်ဆောင်လျက်ရှိပါတယ်။ 
 
လွန်ခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ပဇီကြီးကျေးရွာ၌ အကြမ်းဖက်စစ်ကောင်စီ၏ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနှင့် ကလေး သူငယ်များအပါအဝင် အရပ်သားပြည်သူ (၁၈၀) ကျော် ထိခိုက်သေဆုံးခဲ့ရပါတယ်။ ယခုကဲ့သို့ အရပ်သား ပြည်သူများအပေါ်၌ ပစ်မှတ်ထားတိုက်ခိုက်မှုသည် ပထမဆုံးအကြိမ်မဟုတ်ဘဲ ကချင်ပြည်နယ်၊ ကရင် နီပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့တွင် အကြိမ်မြောက်များစွာ ကျူးလွန် လုပ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ယင်းရွာရှိ အမျိုးသား (၄၀) ကျော်အား လက်ပြန်ကြိုးတုပ်၍ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သလို ဖားကန့်မြို့နယ်၊ အနန့်ပါဒေသ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၆၀) ကျော် ထိခိုက်သေဆုံးခဲ့ရပါတယ်။
 
အကြမ်းဖက်စစ်ကောင်စီကြောင့် အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဧပြီလကုန်အထိ (၂) နှစ်ကျော်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းမြို့နယ်နဲ့ ကယားပြည်နယ်တို့မှာ အရပ်သား (၄၅၂) ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ဖမ်းဆီးသတ်ဖြတ်ခံရသူ (၃၁၈) ဦးရှိပြီး စစ်ဘေး ရှောင်ရင်း သေဆုံးသွားသူ (၁၃၄) ဦးရှိပါတယ်။ အကြမ်းဖက်စစ်ကောင်စီသည် လေကြောင်း တိုက်ခိုက် မှုများ (၃၆၃) ကြိမ်ပြုလုပ်ခဲ့တဲ့အပြင် လက်နက်ကြီးများနဲ့ပါ ပစ်ခဲ့တာကြောင့် ဘာသာရေးအဆောက် အအုံ (၃၄) လုံး၊ ဆေးရုံဆေးခန်းနဲ့ အရပ်သားနေအိပ် (၁,၄၉၇) လုံးပျက်စီးခဲ့ရပါတယ်။ ဖမ်းဆီးခံထား ရသူ (၂၇၉) ဦးအထိရှိခဲ့ပြီး အဲဒီ့အထဲမှာ သေဒဏ်ချမှတ်ခံထားရတဲ့သူ (၄)ဦးပါဝင်နေပါတယ်။ ယခုလ ၅  ရက်နေ့၊ နံနက် ၄ နာရီမှ ၇ နာရီအထိ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ် အတွင်းရှိ တောင်စလုံးရွာအပါအဝင် နိုင်ငံတစ်ဝှမ်းလုံးမှာ နေ့စဉ်နဲ့အမျှ အကြမ်းဖက်စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်ပြီး လုပ်ဆောင်နေမှုများကို မြန်မာပြည်သူလူထုကြီးက ခါးသီးစွာ ခံစားနေ ရပါတယ်။   
 
ဒါကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုက်အဝန်းများအနေနဲ့ အာဏာသိမ်းစစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် ရာဇဝတ်မှုများ အမြန်ဆုံး အဆုံးသတ်နိုင်ရေး၊ နိုင်ငံတကာဥပဒေများနှင့်အညီ မြန်မာပြည်သူများကို ကာကွယ်ပေးရန် တာဝန်ရှိမှုကို ကမ္ဘာ့နိုင်ငံများ အနေဖြင့် သိရှိ၍ ထိရောက်သော အရေးယူမှုများ ပြုလုပ်နိုင်ရန် အမြန်ဆုံးပူးပေါင်းလုပ်ဆောင်ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျား။ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဆက်လက်ပြီး တုံ့ဆိုင်းနေမယ် ဆိုရင် မြန်မာပြည်သူတွေရဲ့ အသက်ပေါင်းများစွာ ထပ်မံဆုံးရှုံးနေရဦးမှာ ဖြစ်ပါတယ်။ 
 
အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့ဆက်ဆံပြီး လက်တွေ့ကျသော ပံ့ပိုးကူညီမှုများပေးရေးအတွက် အရေးကြီးအဆိုကနေတစ်ဆင့် ထပ်လောင်း တောင်းဆိုလိုပါတယ်။
 
တော်လှန်ရေးကာလအတွင်း အပြစ်မဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်စစ်ကောင်စီရဲ့  နိုင်ငံတကာဥပဒေများနှင့် လူ့အခွင့်အရေးကြေညာစာတမ်းများကိုပါ နေ့စဥ်ရက်ဆက် ကျူးလွန်နေမှု များအား အပြီးတိုင်ချုပ်ငြိမ်းသွားစေရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာ အသိုက်အဝန်းက ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆိုတိုက်တွန်း ကြောင်း အရေးကြီးအဆိုကို လေးနက်စွာ ထောက်ခံပါကြောင်း တင်ပြအပ်ပါတယ်ခင်ဗျာ။
 
အားလုံးကို ကျေးဇူးတင်ပါတယ်။
 
အရေးတော်ပုံ အောင်ရမည်။
Scroll to Top