“အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ အပါအဝင် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှုများကို အမြန်ဆုံးအဆုံးသတ်နိုင်ရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုက်အဝန်းက ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆိုတိုက်တွန်းကြောင်း” အရေးကြီးအဆိုနှင့်စပ်လျဉ်း၍ ချင်းပြည်နယ်၊ မတူပီမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရာလ်ပဲန်းထန်၏ ဆွေးနွေးချက်
၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်နေ့
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီးနှင့်တကွ ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်အထူးအစည်းအဝေးသို့ တက်ရောက်လာကြသော နိုင်ငံတော်အကြီးအကဲ များနှင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ နိုင်ငံတကာလွှတ်တော် အမတ် များ၊ နိုင်ငံတကာသံတမန်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ အားလုံးမင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ချင်းပြည်နယ်၊ မတူပီဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရာလ်ပဲန်းထန် ဖြစ်ပါတယ်။
ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီး (စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမဲဆန္ဒနယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်) တင်သွင်းတဲ့ “အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများအပါအဝင် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်လျက်ရှိသည့် ရာဇဝတ်မှုများ အမြန်ဆုံး အဆုံး သတ်နိုင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုက်အဝန်းက ထိရောက်သော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆိုတိုက်တွန်းကြောင်း” အရေးကြီးအဆိုကို ထောက်ခံဆွေးနွေး သွားမှာ ဖြစ်ပါတယ်။
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များခင်ဗျာ။ အကြမ်းဖက်စစ်ကောင်စီသည် အရပ်သားအစိုးရထံမှ လက်နက်အားကိုးဖြင့် ဥပဒေမဲ့ အာဏာသိမ်းယူခဲ့တဲ့အပြင် နိုင်ငံတော်အား တရားမဝင် အုပ်ချုပ်ထားနိုင်ရန် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူ များအပေါ် လူမဆန်သော အကြမ်းဖက်သတ်ဖြတ်မှုများ၊ ညှင်းပမ်းနှိပ်စက်မှုများ၊ ဖမ်းဆီးထောင်ချမှု များ၊ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ၊ စစ်ဘေးရှောင်စခန်းများအပါအဝင် အရပ်သားပြည်သူများရှိ သည့် နေရာများသို့ လက်နက်ကြီးများအပါအဝင် လေကြောင်းဖြင့် တိုက်ခိုက်ခြင်းများကို စနစ်တကျ ရည်ရွယ်ချက်ရှိရှိ နေ့စဉ်တိုးမြှင့်လုပ်ဆောင်လျက်ရှိပါတယ်။ မိမိတို့ဒေသဖြစ်သည့် ချင်းပြည်နယ် အတွင်း နေရာအနှံ့အပြားတွင် ပြည်သူလူထုကို ဦးတည်ပြီး လေကြောင်းတိုက်ခိုက်မှုများ အကြမ်းဖက် စစ်ကောင်စီက ကျူးလွန်လျက်ရှိပါတယ်။
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးခင်ဗျာ။ အကြမ်းဖက်စစ်ကောင်စီသည် ချင်းပြည်နယ်နေရာအနှံ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များကို အသုံးပြုပြီး ကလေးသူငယ်များအပါအဝင် အပြစ်မဲ့ပြည်သူများကို ဗုံးကျဲတိုက်ခိုက်မှုကြောင့် သေကြေဒဏ်ရာရရှိမှု၊ နေအိမ်နှင့် ဘုရားကျောင်း များပါ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြရပါတယ်။ အထူးသဖြင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ခွန်ဖို ကျေးရွာကို မတ်လ ၃၀ ရက်နေ့၊ နံနက် ၁၀ နာရီ မိနစ် ၂၀ ခန့်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ (၉) ဦး သေဆုံးခဲ့ပြီး ဒဏ်ရာ (၁၀) ဦး ရရှိခဲ့ပါသည်။ နေအိမ် (၁၅) လုံး မီးလောင် ပျက်စီးခဲ့ပါတယ်။ တားလိုကျေးရွာမှာလည်း ပြည်သူ (၂) ဦးသေဆုံးပြီး (၉) ဦး ဒဏ်ရာရကာ နေအိမ် (၁၀) လုံး၊ ဘုရားကျောင်း (၁) ကျောင်းနှင့် ဝန်ထမ်းနေအိမ် (၁) လုံး ပျက်စီးခဲ့ရပါတယ်။ ဟားခါးမြို့ နယ်မှာလည်း ဧပြီလ ၁၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ချွန်ချွန်းကျေးရွာ၊ ဟန်လောကျေးရွာ၊ ပီခူး ကျေးရွာတို့ကို နေ့စဉ်ဗုံးကျဲတိုက်ခိုက်၍ နေအိမ်များ အလုံး (၈၀) ထက်မနည်း မီးလောင်ပြာကျပြီး ဒေသခံအချို့ ဒဏ်ရာရရှိသူများလည်းရှိပါတယ်။ မေလ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ ဗန်းထန် ကျေးရွာ၊ ဗန်းဆော့ကျေးရွာတို့မှာလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် အိမ်ခြေ (၄၀) ကျော် ပျက်စီး ပြီး ပြည်သူများထိခိုက်ဒဏ်ရာရသူများလည်းရှိပါတယ်။ ဖလန်းမြို့နယ်မှာလည်းပဲ ဝေဘူလမြို့နယ်နဲ့ ဗားရ်ကျေးရွာတို့ကို ဧပြီလ ၁၀ ရက်၊ နံနက် ၁၁:၀၀ နာရီအချိန်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် CDM ကျောင်းဆရာ/ဆရာမ (၃) ဦးအပါအဝင် အပြစ်မဲ့ပြည်သူ (၁၁) ဦး သေဆုံးပြီး (၅) ဦး ဒဏ်ရာ ရရှိ ကာ နေအိမ် (၁၃) လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ပန်းပါရွာကို ဧပြီလ ၁၆ ရက်၊ ညနေ ၃ နာရီ ဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးသူငယ် (၂) ဦး နှင့် အသက် (၇၀) အရွယ် အမျိုးသမီး (၁) ဦး၊ စုစုပေါင်း (၃) ဦး သေဆုံးခဲ့ရပါတယ်။ လူနေအိမ် အဆောက်အဦအချို့လည်း ပျက်စီးခဲ့ရပါတယ်။ မိမိတို့ဒေသမှာ စစ်ရေးတင်းမာနေတဲ့ ဆောမြို့နယ်နဲ့ ထီးလင်းမြို့နယ်၊ တလေးရွာကနေ ဘေးလွတ်ရာကို တိမ်းရှောင်သည့်သူတွေ (၂,၀၀၀) ခန့်ရှိပြီး စားနပ် ရိက္ခာ အကူအညီလည်း များစွာလိုအပ်လျက်ရှိပါတယ်။
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးခင်ဗျာ။ မိမိတို့ချင်းပြည်နယ် သာမက ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း စသည့် တစ်ပြည်လုံး နေရာ အနှံ့အပြား စစ်ကောင်စီက လေကြောင်းဖြင့် ရက်ရက်စက်စက် လူမဆန်စွာ ဗုံးကျဲတိုက်ခိုက်လျက် ရှိကြောင်း၊ ပြည်တွင်းသာမက ပြည်ပကလည်း သိရှိကြပြီးဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီ၏ အရပ်သားပြည်သူများအပေါ် လူမဆန်စွာ ဗုံးကျဲတိုက်ခိုက်သည့် စက်ဆုပ်ဖွယ်လုပ်ရပ်အပြင် ရာဇဝတ် မှုကို သိသိကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ၊ ပြောင်ပြောင်တင်းတင်း ကျူးလွန်ဖောက်ဖျက်ခြင်း ဖြစ်ပါတယ်။ ဤသို့ လူသားမျိုးနွယ်အပေါ် နေရာအနှံ့ လေကြောင်းဖြင့် အစုလိုက်အပြုံလိုက် လူမျိုးတုန်း သတ်ဖြတ် ခြင်းသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်သည့်အတွက် လူသားမျိုးနွယ်အပေါ် ကျူးလွန်လျက်ရှိသည့် ရာဇဝတ်မှုများ အမြန်ဆုံး အဆုံးသတ်နိုင်ရေးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာ အသိုက်အဝန်းက ထိရောက်သော အရေးယူကူညီမှုများ ပြုလုပ်ပေးနိုင်ပါရန်၊ အမျိုးသားညီညွတ်ရေး အစိုးရအပါအဝင် တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့ဆက်ဆံပြီး လက်တွေ့ကျကျ ပံ့ပိုးကူညီမှု များ ပေးအပ်ကာ လေကြောင်းမပျံသန်းရဇုန် (No Fly Zone) နှင့် လေကြောင်းရန် ကာကွယ်ပေးနိုင် ရေးတို့အတွက် မိမိအနေဖြင့် တောင်းဆိုတိုက်တွန်းကြောင်း အရေးကြီးအဆိုကို ပြည်ထောင်စု လွှတ်တော်ကြီးက အတည်ပြုပေးပါရန် လေးလေးနက်နက် ထောက်ခံဆွေးနွေးအပ်ပါတယ်ခင်ဗျာ။
အားလုံးကိုကျေးဇူးတင်ပါတယ်။


