မူလ / ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမဲဆန္ဒနယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီး တင်သွင်းခဲ့သည့် အရေးကြီးအဆိုနှင့်စပ်လျဉ်း၍ ကယား(ကရင်နီ)ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၅) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်ဖ၏ ဆွေးနွေးချက်

ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမဲဆန္ဒနယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီး တင်သွင်းခဲ့သည့် အရေးကြီးအဆိုနှင့်စပ်လျဉ်း၍ ကယား(ကရင်နီ)ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၅) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်ဖ၏ ဆွေးနွေးချက်

“အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ အပါအဝင် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှုများကို အမြန်ဆုံးအဆုံးသတ်နိုင်ရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုက်အဝန်းက ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆိုတိုက်တွန်းကြောင်း” အရေးကြီးအဆိုနှင့်စပ်လျဉ်း၍ ကယား (ကရင်နီ) ပြည်နယ်၊  မဲဆန္ဒနယ်အမှတ် (၅) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်ဖ၏ ဆွေးနွေးချက်
 
၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်
 
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီး၊ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် တကွ ဝန်ကြီးဌာနအသီးသီးမှ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များနှင့် ပြည်တွင်းပြည်ပမှ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး မင်္ဂလာပါခင်ဗျာ။
 
ကျွန်တော်ကတော့ ကယား/ကရင်နီပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၅) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းပန်ဖ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမဲဆန္ဒနယ်မှ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီး တင်သွင်းတဲ့  “အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ အပါအဝင် အကြမ်းဖက် စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်လျက် ရှိသည့် ရာဇဝတ်မှုများ အမြန်ဆုံးအဆုံးသတ်နိုင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာ အသိုက်အဝန်းက ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆိုတိုက်တွန်း ကြောင်း” အရေးကြီးအဆိုကို ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
 
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးခင်ဗျာ။ အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတော်၏ အာဏာအား ဥပဒေမဲ့ ဆက်လက်ချုပ်ကိုင် ထားနိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမည်ခံ တရားမဝင်အဖွဲ့အစည်း ဖွဲ့စည်းပြီးနောက် နိုင်ငံတစ်ဝှမ်း၌ ဥပဒေမဲ့ ဖမ်းဆီးထောင်ချခြင်းများ၊ လူမဆန်သော ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခြင်း များ၊ အများပြည်သူပိုင်အိုးအိမ်နဲ့ အဖိုးတန်ပစ္စည်းများအား လုယက်ဖျက်ဆီးခြင်းနှင့် ဥပဒေမဲ့ သိမ်းယူ ခြင်းများအပြင် ဘာသာရေးအဆောက်အဦများ၊ ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများ၊ လူနေအိမ် များကို မီးရှို့ဖျက်ဆီးခြင်းနှင့် စစ်ဘေးရှောင်စခန်းများအပါအဝင် အရပ်သားပြည်သူများ နေရာများသို့ လက်နက်ကြီးနဲ့ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် တိုက်ခိုက်ခြင်းများကို စနစ်တကျ ရည်ရွယ်ချက်ရှိရှိ နေ့စဉ်တိုးမြှင့်ဆောင်ရွက်လျက်ရှိပါတယ်။
 
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ပဇီကြီးကျေးရွာ၊ ဒီပဲယင်းမြို့နယ်ရှိ လက်ယက်ကုန်း ကျေးရွာ၊ ကချင်ပြည်နယ်၊ အနန့်ပါဒေသတို့၌ လေကြောင်းဖြင့်လည်းကောင်း၊ ကယားပြည်နယ်၊ ဖရူ ဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင် ဖမ်းဆီးမီးရှို့၍လည်းကောင်း၊ လူအစုလိုက်အပြုံလိုက် သေစေရန် ရည်ရွယ်တိုက်ခိုက်သတ်ဖြတ်ခြင်းသည် စစ်ကောင်စီက နိုင်ငံတစ်ဝှမ်းလုံး၌ ကျူးလွန် လျက်ရှိသည့် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအနက်မှ အဆိုးရွားဆုံးသော အကြမ်းဖက်လုပ်ရပ်များ ဖြစ်ပါတယ်။
 
မိမိတို့ ကယားပြည်နယ်မှာ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု – PKPF မှ ပြုစုထားတဲ့ စာရင်းအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ကာ ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ မတရားဖမ်းဆီး ထိန်းသိမ်းခံနေရတာက (၂၇၉) ဦးရှိပါတယ်။ စစ်အာဏာသိမ်းမှုနဲ့ စစ်အာဏာသိမ်းမှုဂယက်ကြောင့် သေဆုံးရတဲ့ အရပ်သားပြည်သူစုစုပေါင်းက (၇၁၁) ဦးရှိနေပါတယ်။ အဲ့ဒီမှာ မတရားဖမ်းဆီး သတ်ဖြတ် ခံရတဲ့ အရပ်သားပြည်သူ (၃၁၈) ဦးနဲ့ စစ်ဘေးရှောင်ရင်း မြေမြှုပ်မိုင်းနင်းမိတာ၊ လက်နက်ကြီး ပစ်ခတ် ခံရတာ၊ စစ်ကြောင်းထိုးခံရတာ၊ လေကြောင်းတိုက်ခိုက်ခံရတာ၊ အဟာရနှင့် ဆေးဝါးပြတ်လပ်ပြီး သေဆုံးတာက (၁၃၄) ဦးဖြစ်ပါတယ်။ မတရားအာဏာသိမ်းထားတဲ့  စစ်ကောင်စီကို ခုခံရင်း  သေဆုံး သွားတာက (၂၅၉) ဦးဖြစ်ပါတယ်။ ကရင်နီလူအခွင့်အရေးအဖွဲ့ရဲ့ စာရင်းအရ ကယားပြည်နယ်မှာ စစ်ဘေးရှောင်ဒုက္ခသည် နှစ်သိန်းကျော် ဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်သားများက လေကြောင်းနဲ့ ပစ်ခတ်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးနေတာ ကြောင့် ဒေသခံရွာသူရွာသားများ ထောင်သောင်းသိန်းချီ အိုးမဲ့အိမ်မဲ့ ဖြစ်နေကြရပါတယ်။ 
 
မင်းအောင်လှိုင် ဦးဆောင်သော စစ်အာဏာရှင်များသည် နိုင်ငံတကာအသိုက်အဝန်းက လက်ရှိကြုံတွေ့နေရသည့် ပဋိပက္ခအပေါ် ဖြေရှင်းဆောင်ရွက်နိုင်ရန် ကြိုးပမ်းအားထုတ်မှုများကို လုံးဝလျစ်လျူရှုလျက် တိုင်းပြည်အား ပိုမိုဆိုးရွားတဲ့ အခြေအနေရောက်သွားစေရန် အကြမ်းဖက်မှု များကို တိုးမြှင့်လုပ်ဆောင်လျက်ရှိခြင်းကြောင့် ပြစ်ဒဏ်မှ ကင်းလွတ်နေခြင်းကို အဆုံးသတ်ပေးရန် နှင့်် နိုင်ငံတကာအသိုက်အဝန်း၏ အရေးယူဆောင်ရွက်မှုများ ထိထိရောက်ရောက်နဲ့ တိုးမြှင့်လုပ်ဆောင် ပေးရန် လိုအပ်လျက်ရှိနေပါတယ်။  
 
မတရားဖမ်းဆီးအကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအနေဖြင့် မိသားစုဝင် များနှင့် တွေ့ဆုံခွင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားအခွင့်အရေး အပြည့်အဝရရှိစေရေးနှင့် အမြန်ဆုံး လွတ်မြောက်ရေးတို့အတွက် စစ်ကောင်စီအပေါ် ပိုမိုဖိအားပေး လုပ်ဆောင်ပေးရန် တောင်းဆိုလိုပါ တယ်။
 
တော်လှန်ရေးကာလအတွင်း အပြစ်မဲ့ပြည်သူလူထုအပေါ် အကြမ်းဖက်စစ်ကောင်စီရဲ့ အရက်စက်ဆုံးနဲ့ အဆိုးရွားဆုံး လုပ်ဆောင်နေမှုများအား အမြန်ဆုံး အဆုံးသတ်နိုင်ရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာအသိုက်အဝန်းက ထိရောက်သော အရေးယူ ဆောင်ရွက် မှုများ ပြုလုပ်ပေးရန် တောင်းဆိုတိုက်တွန်းကြောင်း အရေးကြီးအဆိုကို လေးလေးနက်နက် ထောက်ခံ တင်ပြအပ်ပါတယ်ခင်ဗျာ။
 
အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။
 
အရေးတော်ပုံမုချအောင်ရမည်။
Scroll to Top