မူလ / ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမဲဆန္ဒနယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီး တင်သွင်းခဲ့သည့် အရေးကြီးအဆိုနှင့်စပ်လျဉ်း၍ ကယား(ကရင်နီ)ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၁၀) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရောဘတ်ညေးရယ်၏ ဆွေးနွေးချက်

ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမဲဆန္ဒနယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီး တင်သွင်းခဲ့သည့် အရေးကြီးအဆိုနှင့်စပ်လျဉ်း၍ ကယား(ကရင်နီ)ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၁၀) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရောဘတ်ညေးရယ်၏ ဆွေးနွေးချက်

“အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ အပါအဝင် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှုများကို အမြန်ဆုံးအဆုံးသတ်နိုင်ရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုက်အဝန်းက ထိရောက်သော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆိုတိုက်တွန်းကြောင်း” အရေးကြီးအဆိုနှင့်စပ်လျဉ်း၍ ကယား(ကရင်နီ)ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၁၀) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရောဘတ်ညေးရယ်၏ ဆွေးနွေးချက်
 
၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်နေ့
 
လေးစားအပ်ပါတဲ့ ပြည်ထောင်စုလွှတ်တော် နာယကကြီး၊ ယာယီသမ္မတကြီး၊ ပြည်ထောင်စု ဝန်ကြီးချုပ်နှင့်တကွ ဝန်ကြီးဌာနအသီးသီးမှ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များနှင့် ပြည်တွင်းပြည်ပမှ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး မင်္ဂလာပါ လို့ လေးလေးစားစား ကျွန်တော့အနေဖြင့် နှုတ်ခွန်းဆက်သပါတယ်။ 
 
ကျွန်တော်ကတော့ ကယား (ကရင်နီ) ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၁၀) မှ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဦးရောဘတ်ညေးရယ် ဖြစ်ပါတယ်။ ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီး (စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမဲဆန္ဒနယ်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်) တင်သွင်းတဲ့  “အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုများ အပါအဝင် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်လျက်ရှိသည့် ရာဇဝတ်မှုများ အမြန်ဆုံးအဆုံးသတ်နိုင်ရေး ကုလသမဂ္ဂလုံခြုံရေး ကောင်စီနှင့် နိုင်ငံတကာအသိုက်အဝန်းက ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆိုတိုက်တွန်းကြောင်း” အရေးကြီးအဆိုကို ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ 
 
လေးစားအပ်ပါတဲ့ ပြည်ထောင်စုလွှတ်တော်နာယကကြီးခင်ဗျာ။ မင်းအောင်လှိုင် ဦးဆောင်တဲ့ တရားမဝင်အကြမ်းဖက်စစ်ကောင်စီဟာ အရပ်သားအစိုးရထံ မှ လက်နက်အားကိုးဖြင့် ဥပဒေမဲ့ အာဏာသိမ်းခဲ့တဲ့အပြင် နိုင်ငံတော်အား တရားမဝင်အုပ်ချုပ်ထား နိုင်ရန် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူလူထုအပေါ်မှာ လူမဆန်သော အကြမ်းဖက်သတ်ဖြတ်မှုများ၊ ညှင်းပမ်း နှိပ်စက်မှုများ၊ ဖမ်းဆီးထောင်ချမှုများ၊ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ၊ စစ်ဘေးရှောင်စခန်းများ အပါအဝင် အရပ်သားပြည်သူများနေရာများသို့ လက်နက်ကြီး၊ လေကြောင်းဖြင့် တိုက်ခိုက်ခြင်းများ ကို စနစ်တကျ ရည်ရွယ်ချက်ရှိရှိ နေ့စဉ်တိုးမြှင့်လုပ်ဆောင်လျက်ရှိတာကို ကျွန်တော်တို့ အသိဆုံး ဖြစ် ပါတယ်။ ကျွန်တော်တို့ မျက်မြင်ထင်ရှားတွေ့နေရပါတယ်။ ယနေ့အထိ ပြည်သူ့အိုးအိမ် (၆၀,၀၀၀) ကျော် မီးရှို့ဖျက်ဆီးခံရပြီး ဘာသာရေးအဆောက်အဦများ၊ ဆေးရုံ၊ ဆေးပေးခန်းများ၊ စာသင်ကျောင်း များကိုပါ တိုက်ခိုက်ဖျက်ဆီးမှု လုပ်ဆောင်လျက်ရှိနေပါတယ်။
 
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ပဇီကြီးကျေးရွာ၌ အကြမ်းဖက်စစ်ကောင်စီ၏ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနှင့် ကလေး သူငယ်များအပါအဝင် အရပ်သားပြည်သူ (၁၈၀) ကျော် ထိခိုက်သေဆုံးခဲ့ရပါတယ်။ ယခုကဲ့သို့သော အရပ်သားပြည်သူများအပေါ်၌ ပစ်မှတ်ထားတိုက်ခိုက်မှုသည် ပထမဆုံးအကြိမ်မဟုတ်ဘဲနဲ့ ကချင် ပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့တွင် အကြိမ်မြောက်များစွာ ကျူးလွန် လုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ယင်းရွာရှိ အမျိုးသား (၄၀) ကျော်အား လက်ပြန်ကြိုးတုပ်ရင်း ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သလို ဖားကန့်မြို့နယ်၊ အနန့်ပါဒေသ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ (၆၀) ကျော် ထိခိုက်သေဆုံးခဲ့ရပါတယ်။
 
မိမိတို့ ကယား (ကရင်နီ) ပြည်နယ်မှာ အာဏာသိမ်းပြီးကာလ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ကုန်မှ ၂၀၂၃ ခုနှစ်၊ ဧပြီလကုန်အထိ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု (၃၆၃) ကြိမ်  ပြုလုပ်ထားပြီး ၂၀၂၃ ခုနှစ်၊ ယခုနှစ် ၄ လအတွင်း လေကြောင်းတိုက်ခိုက်မှု (၁၇၉) ကြိမ်ရှိပြီ ဖြစ်ပါ တယ်။ သတ်ဖြတ်ခံရသူ အရပ်သား (၃၁၈) ဦးရှိပြီး စစ်ဘေးရှောင်သေဆုံးသူမှာလည်း  (၁၃၄) ဦး ခန့်ရှိ ပါတယ်။ အကြမ်းဖက်စစ်ကောင်စီက စစ်ဘေးရှောင်နေရာများ၊ စစ်ဘေးရှောင်များရဲ့ ဆေးရုံဆေးခန်း များ၊ နားခိုရာ ဘာသာရေးအဆောက်အဦများကို လက်နက်ကြီးဖြင့် လည်းကောင်း၊  လေကြောင်းဖြင့် သော်လည်းကောင်း တိုက်ခိုက်ခြင်းကို နေ့စဉ်နှင့်အမျှ ပြုလုပ်လျက်ရှိနေပါတယ်။ ဒါကြောင့် ဘာသာရေး အဆောက်အအုံများ ပျက်စီးမှု (၃၄) လုံး၊ အရပ်သား နေအိမ်ပျက်စီးမှု (၁,၄၉၇) လုံးခန့် ရှိခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ပထမ လေးလပတ်အတွင်းမှာ အာဏာသိမ်းပြီးနောက် စစ်ရှောင်ဒေသများထဲတွင် ကယား (ကရင်နီ) ပြည်နယ်ဟာလည်း တတိယအများဆုံးဖြစ်နေပါတယ်။ စစ်ကောင်စီမှ အဆိုးရွားဆုံးကျူးလွန် တဲ့ ဖြစ်စဉ်မျိုးတစ်ချို့ကို ကျွန်တော့အနေဖြင့် ဖော်ပြရမယ်ဆိုလျှင် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ မြန်မာစံတော်ချိန်ကတော့ နံနက် ၁၁ နာရီခွဲတွင် ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊  အနောက်ဖက်ခြမ်းမှာရှိတဲ့ ကျေးရွာအနီးမှာ နယ်မြေရှင်းလင်းရေးအတွက် ထိုးစစ်ဆင်လာတဲ့ အာဏာ သိမ်းရန် ကြိုးပမ်းနေတဲ့ အကြမ်းဖက်စစ်အုပ်စု၏ တပ်မ (၆၆) လက်အောက်ရှိ ခမရ (၁၀၈) ဦးဆောင် တဲ့ စစ်ကြောင်းဟာ အမျိုးသမီးနဲ့ အသက်မပြည့်သေးတဲ့ ကလေးသူငယ်များအပါအဝင် အပြစ်မဲ့ပြည်သူ ရွာသူရွာသား (၄၀) ခန့်ကို ဖမ်းဆီးသွားပြီး ၎င်းတို့ကို လက်နောက်ပြန်ကြိုးတုပ်ပြီးမှ တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် အစုလိုက်အပြုံလိုက် အရှင်လတ်လတ်မီးရှို့သတ်ဖြတ်တဲ့ဖြစ်စဥ်ဟာ အဆိုးရွားဆုံး ဖြစ်စဉ် ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ ဘာသာရေးအဆောက်အဦနဲ့ပတ်သက်ပြီးတော့မှ ကျွန်တော်တို့ ကရင်နီပြည်နယ်မှာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့မှာ ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်၊ ဒေါညေခူရွာကို အကြမ်းဖက်စစ်တပ်တွေ လာရောက်ခိုနားပြီးတဲ့အချိန်၊ ပြန်ထွက်တဲ့အချိန် ဘုရားကျောင်းကို မီးရှို့တဲ့ ဖြစ်စဉ်ဟာလည်း စစ်တပ်ရဲ့ အာဏာသိမ်းမှုနောက်ဆက်တွဲ ကြောက်မက်ဖွယ်ရာ တစ်ခုဖြစ်တယ်။ ထိုနည်းလည်းကောင်းပဲ ၂၀၂၂ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့မှာ ဒီမောဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာမှာရှိတဲ့ အိုမင်းမစွမ်း သီလရှင်ကျောင်းကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုဖြစ်စဉ်ကလည်း စစ်ကောင်စီ၏ ကျူးလွန်တဲ့ အဆိုးရွားဆုံး စစ်ရာဇဝတ်မှုတစ်ခုပါ။ ဒီစစ်ရှောင်နေတဲ့ ပြည်သူတွေရဲ့ စခန်းမှာ လွိုင်ကော်မြို့ အရှေ့ဖက်အခြမ်းမှာ စစ်ရှောင်နေတဲ့ ပြည်သူလူတွေကို ၄-၂-၂၀၂၃ ရက်နေ့မှာ လေယာဉ်ဖြင့် ဗုံးကျဲတယ်၊ စျေးများ ပျက်စီးရတယ်။ လေကြောင်းကြောင့် ပြည်သူလူထုတွေက ရွှေ့ပြောင်းပြီးမှ နောက်ထပ်စစ်ရှောင်စခန်းတစ်နေရာကို ရှောင်တိမ်းနေရတယ်။ ၂၀၂၃ ခုနှစ်၊ ဧပြီလ အတွင်း နေ့စဉ်ရက်ဆက် လေကြောင်းဖြင့် ဒေါမကြီးဆေးခန်းတွေ၊ နောက်ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့ မှာ ဒီအနောက်ဖက်ခြမ်းမှာရှိတဲ့ ဆေးခန်းကိုလည်း လေကြောင်းဖြင့်တိုက်ခိုက်တဲ့ အဆိုးရွားဆုံးဖြစ်စဉ် ကို ကျွန်တော်တို့တွေ တွေ့ရတယ်။ လက်ရှိ ကျွန်တော်တို့ ကရင်နီပြည်နယ်မှာ စစ်ရှောင်ပြည်သူလူထု အနေဖြင့် နေစရာမြေမရှိဆိုတဲ့ အခြေအနေမျိုးမှာ ပေါ်ပေါက်နေတဲ့ အခြေအနေမျိုး ကြုံတွေ့နေရတယ်။ အခက်အခဲတွေက စစ်ကောင်စီရဲ့ အဆိုးရွားဆုံး ရာဇဝတ်မှုသော်လည်းကောင်း၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုသော်လည်းကောင်း ထင်ထင်ရှားရှား  မိမိတို့ တွေ့နေရပါတယ်။ 
 
အကြမ်းဖက်စစ်ကောင်စီသည် အပြစ်မဲ့အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်း၊ နိုင်ငံရေး အကျဉ်းသားများအား ညှင်းပမ်းနှိပ်စက်ခြင်း၊ သေဒဏ်ပေးခြင်း၊ မြို့များ၊ ကျေးရွာများကို မီးရှို့ဖျက်ဆီး ခြင်း၊ ကလေးသူငယ်နှင့် အမျိုးသမီးများအား အကြမ်းဖက်ခြင်းတို့ကို ကျူးလွန်လျက်ရှိပြီး သူတို့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအခြေအနေတွေကို တစ်ကမ္ဘာလုံးကလည်း အာရုံစိုက်စောင့်ကြည့်နေ ကြရတဲ့ အနေအထားသာ ဖြစ်ပါတယ်။ 
 
“စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူး လွန်လျက်ရှိသည့် ရာဇဝတ်မှုများကို နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ ပေးပို့၍ အပြည်ပြည်ဆိုင်ရာ တရား စီရင်နိုင်ရေးကို ကမ္ဘာ့နိုင်ငံများက ပူးပေါင်းဆောင်ရွက်ပေးရေး” ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ နိုင်ငံ တကာ အသိုက်အဝန်းကို အရေးကြီးအဆိုကနေတစ်ဆင့် ထပ်လောင်း တောင်းဆိုလိုပါတယ်။
 
သက်တမ်းအားဖြင့် (၂) နှစ်ကျော်လာပြီဖြစ်တဲ့ တော်လှန်ရေးကာလအတွင်း အပြစ်မဲ့ပြည်သူ လူထုအပေါ် အကြမ်းဖက်စစ်ကောင်စီရဲ့ ဥပဒေမဲ့ ရမ်းကားစွာ လုပ်ဆောင်နေမှုများအား အမြန်ဆုံး အဆုံးသတ်နိုင်ရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာအသိုက်အဝန်းက ထိရောက် သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးပါရန် တောင်းဆိုတိုက်တွန်းကြောင်း အရေးကြီးအဆိုကို  လေးလေးနက်နက် ထောက်ခံတင်ပြအပ်ပါတယ်ခင်ဗျာ။
 
အားလုံးကို ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
Scroll to Top