မူလ / ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမဲဆန္ဒနယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီး တင်သွင်းခဲ့သည့် အရေးကြီးအဆိုနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ်၊ အင်ဂျန်းယန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလမာနော်အောင်၏ ဆွေးနွေးချက်

ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမဲဆန္ဒနယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီး တင်သွင်းခဲ့သည့် အရေးကြီးအဆိုနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ်၊ အင်ဂျန်းယန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလမာနော်အောင်၏ ဆွေးနွေးချက်

“အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ အပါအဝင် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှုများကို အမြန်ဆုံးအဆုံးသတ်နိုင်ရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုက်အဝန်းက ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆိုတိုက်တွန်းကြောင်း” အရေးကြီးအဆိုနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ်၊ အင်ဂျန်းယန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလမာနော်အောင်၏ ဆွေးနွေးချက်

၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်နေ့

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးနှင့်တကွ ယာယီသမ္မတကြီး၊ ပြည်ထောင်စုဝန်ကြီးချုပ်၊ ဝန်ကြီးဌာနအသီးသီးမှ ပြည်ထောင်စုဝန်ကြီးများ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များနှင့် ပြည်တွင်းပြည်ပမှ ဧည့်သည်တော်များအားလုံး ဘေးအန္တရာယ်ကင်းဝေးပြီး ကျန်းမာချမ်းသာကြပါစေလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ကချင်ပြည်နယ်၊ အင်ဂျန်းယန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလမာနော်အောင် ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီး၊ ကလေးမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့် “အရပ်သားများအပေါ် လေကြောင်း တိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများအပါအဝင် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှု များကို အမြန်ဆုံးအဆုံးသတ်နိုင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုက်အဝန်းက ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆိုတိုက်တွန်းကြောင်း” အရေးကြီး အဆိုကို ထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးခင်ဗျား။ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူက ရွေးကောက် တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရထံက နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ ခက်မ (၃) ဖြာကို လက်နက်အားကိုးနဲ့ မတရားလုယူထားပြီး နိုင်ငံအတွင်း ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေသည်မှာ ယခုဆိုရင် (၂) နှစ်ကျော်ကာလသို့ ရောက်ရှိနေပြီဖြစ်ပါတယ်။ အာဏာသိမ်း ဖြစ်စဉ်ကာလအစမှာပင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ ပြည်သူများကို အင်အားအလွန်အကျွံသုံးပြီး သွေးထွက်သံယို နှိမ်နှင်းမှုများပြုလုပ်ခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီဟာ ယခုအချိန်မှာ အရပ်သား များကို ပစ်မှတ်ထားကာ လေကြောင်းမှ တိုက်ခိုက်မှုများပြုလုပ်ခြင်း၊ လူနေအိမ်များအား မီးရှို့ဖျက်ဆီး ခြင်းတို့ကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ပြုလုပ်နေပါတယ်။ Data for Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ထုတ်ပြန်ထားတဲ့စာရင်းများအရ မြန်မာနိုင်ငံမှာ အိမ်ခြေစုစုပေါင်း (၆၀,၄၅၉) ဟာ အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းများရဲ့ မီးရှို့ဖျက်ဆီးခြင်းကို ခံထားရပါတယ်။ ဒါ့အပြင် လေကြောင်းသုံး တိုက်ခိုက်မှုများကြောင့်လည်း သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ ကလေး သူငယ်များမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီးခင်ဗျာ။ ကျွန်တော့အား မှတ်တမ်းဓာတ်ပုံများနှင့်တကွ တင်ပြဆွေးနွေးခွင့်ပြုပါခင်ဗျာ။ ဒါကတော့ အမျိုးသားညီညွတ်ရေး အစိုးရ၏ လူ့အခွင့်အရေးဝန်ကြီးဌာနမှ ၁၅-၃-၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာချက် (၄/၂၀၂၃) ဖြင့် ကြေညာချက်တွင် စစ်အာဏာသိမ်းချိန်မှစ၍ ၁၃-၃-၂၀၂၃ အထိ အစုအလိုက်အပြုံလိုက် သတ်ဖြတ် မှု (၆၄) ကြိမ်အထိ ကျူးလွန်မှုများကြောင့် အရပ်သားပြည်သူ (၇၆၆) ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။

စစ်ကောင်စီရဲ့ ဒီလိုဆိုးရွားတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုမှာ ကျွန်တော်တို့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါရွာကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ဒီလေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၇၀) နီးပါး အသက်ဆုံးရှုံးခဲ့ရပြီး (၆၀) ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ အကြမ်းဖက်စစ်ကောင်စီက သေဆုံးသူတွေကို သင်္ဂြုဟ်ခွင့်မပြုသလို ဒဏ်ရာရရှိသည့် ပြည်သူများအား ဆေးကုသမှုပေးရန်အတွက်ကိုလည်း ပိတ်ပင် တားဆီးမှုများ ပြုလုပ်ခဲ့သည့်အတွက် ပြည်သူတွေရဲ့အသက်ဟာ မဆုံးရှုံးသင့်ဘဲ ပိုမိုဆုံးရှုံးခဲ့ရသည်မှာ လွန်စွာဝမ်းနည်းဖွယ်ရာကောင်းလှပါတယ်။

ဒါကတော့ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင် ဖားကန့်မြို့၊ မဇွပ်ယန်ကျေးရွာမှာ စစ်ကောင်စီက ဒေသခံများအား ဥပဒေမဲ့ဖမ်းဆီးနေသည့် မှတ်တမ်းဓာတ်ပုံပဲဖြစ်ပါတယ်။ RFA က သီးသန့် ပြုစုထားတဲ့ စာရင်းတွေအရ ကချင်ပြည်နယ်၊ ဖားကန့်မှာပဲ ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီ စစ်ကြောင်းတွေက ကျေးရွာထဲကိုဝင်ပြီး ဖမ်းဆီးခဲ့တဲ့ ပြည်သူ (၇၀၀) ကျော်ရှိခဲ့ပြီး အဲဒီထဲက (၅၀၀) ကျော်သာ ပြန်လည်လွတ်မြောက်လာသေးကြောင်းကိုလည်း သိရှိရပါတယ်။

ဒါ့အပြင် Data for Myanmar ရဲ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းကာလ ၂ နှစ်အတွင်း ကချင်ပြည်နယ်တွင် မီးရှို့ခံရသည့် အိမ်ခြေ (၄၀၀) ကျော်အထိ ရှိလာပြီး ဒါကတော့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရှိ ပြည်သူပိုင် နေအိမ်များအား မီးရှို့ဖျက်ဆီးမှု မြင်ကွင်းပဲဖြစ်ပါတယ်။

ဒါကတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဝေဟင်နဲ့ မြေပြင်တို့မှ စစ်ကြောင်းထိုးတိုက်ခိုက်မှုများကြောင့် တော၊ တောင်များတွင် ခိုလှုံနေကြသည့် ဒေသခံပြည်သူများဖြစ်ကြပြီး ၎င်းတို့အတွက် သန့်ရှင်းသောရေ၊ အမိုးအကာနှင့်၊ ဆေးဝါး စားနပ်ရိက္ခာများ လိုအပ်လျက်ရှိနေပါတယ်။

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီးခင်ဗျာ။ ကချင်ပြည်နယ်မှ ဒေသခံပြည်သူများဟာ ပြည်တွင်းစစ်မီးကို နှစ် (၆၀) ကျော်ကြာ ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ တိုင်းရင်းသားပြည်သူများ ဖြစ်ကြပါတယ်။ ၂၀၂၁ ခုနှစ်၊ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းမှုပြီး နောက် ကချင်ပြည်နယ်အတွင်းမှာ စစ်ဘေးရှောင်ဦးရေ (၁၅၀,၀၀၀) ဝန်းကျင်အထိ တိုးမြှင့်လာခဲ့ရပါ တယ်။ ဒီဒေသခံများဟာ စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲဖြစ်တဲ့ စီးပွားရေးကျဆင်းမှုများနဲ့ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုများကို ကြုံတွေ့နေကြရပြီး တစ်ဘက်မှာလည်း အကြမ်းဖက် စစ်ကောင်စီရဲ့ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းများ၊ မြို့၊ ရွာများရှိ စာသင်ကျောင်း၊ ဆေးရုံနဲ့ သာသနာရေးအဆောက်အအုံတို့တွင် တပ်စခန်းချနေထိုင်ခြင်းများ၊ အရပ်သားပြည်သူများအား ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်နေခြင်းများကြောင့် ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုများနှင့် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ကြောင့်ကြ ခြင်းများကို နေ့စဉ် ရင်ဆိုင်ကျော်ဖြတ်နေကြရပါတယ်။ 
 
အကြမ်းဖက်စစ်ကောင်စီနဲ့ အပေါင်းအပါများဟာ လူသားမျိုးနွယ်စုအပေါ် ၎င်းတို့ကျူးလွန် ထားသည့် စစ်ရာဇဝတ်မှုများအတွက် ထိုက်တန်သောပြစ်ဒဏ်များကို ကြိမ်းသေ ပြန်လည် ပေးဆပ် ကြရမှာ ဖြစ်ပါတယ်။
 
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးခင်ဗျာ။ ယခုအချိန်မှာ ၎င်းတို့ရဲ့ အကြမ်းဖက်လုပ်ရပ်များ ရပ်တန့်စေရေးအတွက် ရည်ရွယ်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့ အရေးနှင့်စပ်လျဉ်း၍ ထုတ်ပြန်ထားသည့် Resolution 2669 (2022) နဲ့ နိုင်ငံတကာအသိုက်အဝန်းတို့ က ထုတ်ပြန်နေသည့် Statement များ၊ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်နေခြင်း တို့ကိုလည်း ထောက်ခံကြိုဆိုပါကြောင်းနှင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ သို့သော် လည်း အကြမ်းဖက်စစ်ကောင်စီကိုယ်တိုင် အာဆီယံအစည်းအဝေးတွင် လက်မှတ်ရေးထိုး သဘော တူညီခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ရဲ့ အခြေခံအကျဆုံး အချက်ဖြစ်တဲ့ အကြမ်းဖက်မှု များ ရပ်တန့်ရေးဆိုတဲ့အချက်ကိုပင် ယနေ့အချိန်ထိ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု မရှိသေး တာကို လက်ယက်ကုန်း၊ အနန့်ပါနဲ့ ပဇီကြီးတို့အား လေကြောင်းသုံးတိုက်ခိုက်မှုများမှတစ်ဆင့် မျက်ဝါး ထင်ထင်မြင်တွေ့နိုင်ပါတယ်။ သို့ဖြစ်ပါသောကြောင့် မြန်မာပြည်သူများရဲ့ အသက်ဘေးအန္တရာယ်နှင့် လူမှုဘဝလုံခြုံရေးများ အမြန်ဆုံးပြန်လည်ရရှိနိုင်ရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် နိုင်ငံ တကာအနေဖြင့် ယခုထက်ပိုမိုထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးပါရန်၊ အာဆီယံ အသိုက်အဝန်းအနေဖြင့် အာဆီယံဘုံသဘောတူညီချက်များအား လက်တွေ့ အကောင်အထည် ဖော်ဆောင်မှုမရှိသော အကြမ်းဖက်စစ်ကောင်စီအစား CRPH၊ NUG တို့နှင့် ပိုမိုထိတွေ့ဆက်ဆံမှုများ ပြုလုပ်ပါရန်၊ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့ပြီး လက်တွေ့ကျသော ပံ့ပိုးကူညီမှုများ ပေးအပ်ပါရန် ထပ်လောင်းတောင်းဆိုရင်း အဆိုရှင်၏ အရေးကြီး အဆိုအား လေးလေးနက်နက် ထောက်ခံဆွေးနွေး အပ်ပါတယ်ခင်ဗျား။
 
အားလုံးကို ကျေးဇူးတင်ပါတယ်။ 
 
အရေးတော်ပုံ အောင်ရမည်။
Scroll to Top