မူလ / ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမဲဆန္ဒနယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီး တင်သွင်းခဲ့သည့် အရေးကြီးအဆိုနှင့်စပ်လျဉ်း၍ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စီစီသက်၏ ဆွေးနွေးချက်

ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမဲဆန္ဒနယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီး တင်သွင်းခဲ့သည့် အရေးကြီးအဆိုနှင့်စပ်လျဉ်း၍ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စီစီသက်၏ ဆွေးနွေးချက်

“အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ အပါအဝင် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှုများကို အမြန်ဆုံးအဆုံးသတ်နိုင်ရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုက်အဝန်းက ထိရောက်သော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆိုတိုက်တွန်းကြောင်း” အရေးကြီးအဆိုနှင့်စပ်လျဉ်း၍ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စီစီသက်၏ ဆွေးနွေးချက်
 
၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်
 
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးနှင့်တကွ ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးသို့ တက်ရောက်လာကြသော နိုင်ငံတော်အကြီးအကဲ များနှင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ နိုင်ငံတကာ လွှတ်တော်အမတ် များနှင့် သံတမန်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး မင်္ဂလာပါရှင့်။
 
ကျွန်မကတော့ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စီစီသက် ဖြစ်ပါတယ်ရှင့်။ ကျွန်မအနေဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး မဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီး တင်သွင်းခဲ့တဲ့  “အရပ်သား ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအပါအဝင် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့်စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်လျက်ရှိသည့်ရာဇဝတ်မှုများ အမြန်ဆုံးအဆုံးသတ်နိုင်ရေးအတွက် ကုလသမဂ္ဂလုံခြုံရေး ကောင်စီနှင့် နိုင်ငံတကာအသိုက်အဝန်းတို့က ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေး ရန် တောင်းဆိုတိုက်တွန်းကြောင်း” အရေးကြီးအဆိုကို ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ 
 
လေးစားအပ်ပါတဲ့ ပြည်ထောင်စုလွှတ်တော်နာယကကြီးရှင့်။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ တရားမဝင်အာဏာလုစစ်ကောင်စီဟာ လက်နက်အားကိုးဖြင့် ပြည်သူ့ အာဏာကို လုယူခဲ့ပြီး နိုင်ငံအနှံ့အပြားရှိ ပြည်သူများအပေါ် လူသားမဆန်သော အကြမ်းဖက် ညှင်းပမ်း နှိပ်စက်သတ်ဖြတ်မှုများ၊ ဖမ်းဆီးထောင်ချမှုများ၊ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ၊ စစ်ဘေးရှောင် စခန်းများအပါအဝင် အရပ်သားပြည်သူများနေရာများသို့ လက်နက်ကြီးများဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော်လည်းကောင်း တိုက်ခိုက်ခြင်းများကို ရည်ရွယ်ချက်ရှိရှိ နိစ္စဓူဝ ကျူးလွန်လျက် ရှိပါတယ်။ 
 
ယခုလတ်တလောဖြစ်ပွားခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ရှိ ပဇီကြီး ကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီဟာ အရပ်သားပြည်သူများကို လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခြင်း၊ စက်သေနတ်များ၊ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကြောင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ (၁၈၁) ဦး သေဆုံးခဲ့ရပြီး အပြင်းအထန် ဒဏ်ရာရရှိသူ (၂၉) ဦး ရှိခဲ့ပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီးရှိ လက်ယက်ကုန်းကျေးရွာမှာ စာသင်ကျောင်းကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခံရခြင်းများကြောင့် ကျောင်းသား လူငယ်လူရွယ် များလည်း အသက်ဆုံးရှုံးခဲ့ရသည်မှာ အလွန်စိတ်မကောင်းဝမ်းနည်းဖွယ် ဖြစ်ခဲ့ရပါတယ်။ တိုင်းပြည် အတွက်လည်း အလွန်ပင်နစ်နာတဲ့ ဖြစ်ရပ်များဖြစ်ပါတယ်။ ထို့နည်းတူစွာပင် ကချင်ပြည်နယ်၊ ကရင် ပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့တွင်လည်း အကြိမ်ပေါင်းများစွာ ကျူးလွန် နေခဲ့တာပဲ ဖြစ်ပါတယ်။ 
 
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီးရှင့်။ ကျွန်မတို့ တနင်္သာရီတိုင်း ဒေသကြီးတွင် ယနေ့အချိန်ထိ လေကြောင်းတိုက်ခိုက်မှုများ မရှိသေးသော်လည်း နေအိမ်များ မီးရှို့ ဖျက်ဆီးခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်းနှင့် နေအိမ်ရှိ အဖိုးတန်ပစ္စည်းများအား ဝင်ရောက်ယူဆောင် ခြင်းကိစ္စများအား မကြာခဏဆိုသလို အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်လျက်ရှိပါတယ်။ ကျွန်မရဲ့ မဲဆန္ဒနယ်ဖြစ်သည့် တနင်္သာရီမြို့နယ်အပါအဝင် ပုလောမြို့နယ်၊ လောင်းလုံးမြို့နယ် သရက်ချောင်း မြို့နယ်နှင့် ထားဝယ်မြို့နယ်တို့တွင်လည်း ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပုလောမြို့နယ် သည် နေအိမ် (၃၂၄) လုံး မီးရှို့ဖျက်ဆီးခံရသည်အထိ မီးရှို့ဖျက်ဆီးခံရမှုအများဆုံးမြို့နယ် ဖြစ်ပါတယ်။ ရေဖြူမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့က ပြည်သူ (၃) ဦးအား ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး နေအိမ်ရှိအဖိုးတန်ပစ္စည်းများအား ယူဆောင်သွားခြင်းများလည်း ဖြစ်ပေါ်ခဲ့ပြီး တနင်္သာရီမြို့နယ်တွင်လည်း အကြမ်းဖက်စစ်ကောင်စီမှ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာ များသို့ လက်နက်ကြီးများနှင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုတို့ကြောင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလနှင့် မတ်လအတွင်း ဥယျာဉ်ကမ်းကျေးရွာမှ အသက် (၈၈) နှစ်အရွယ် အဖွားအိုတစ်ဦး၊ ဘန်းလမွတ်ကျေးရွာ မှ အသက် (၉) နှစ်အရွယ် ကလေးယောက်ျားလေးတစ်ဦးနှင့် လယ်သစ်ကျေးရွာမှ အသက် (၁၀) နှစ် အရွယ် ကလေးယောက်ျားလေး (၁) တစ်ဦး၊ စုစုပေါင်း (၃) ဦးတို့ လက်နက်ကြီး ထိမှန်သေဆုံးခဲ့ရပါ တယ်။ ထို့အပြင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ စစ်ဘေးရှောင်အချို့မှ ၎င်းတို့ လိုအပ်တဲ့ ပစ္စည်းများယူဆောင်ရန် မိမိနေရပ်သို့ ခေတ္တပြန်ရောက်ချိန် စစ်ကောင်စီတပ်သားများရဲ့ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများကို ခံခဲ့ရပါတယ်။
 
လောင်းလုံးမြို့နယ်တစ်ကြော စစ်ကောင်စီ၏ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုကြောင့် လောင်းလုံးမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့သလို စစ်အုပ်ချုပ်ရေး ကြေညာထားသည့် တနင်္သာရီ မြို့နယ်နှင့် ပုလောမြို့နယ်တို့တွင်လည်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ မိမိတို့ တိုင်းဒေသကြီး အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်များ အားကောင်းသည့်ဒေသများကို စစ်ကောင်စီက ထိုးစစ်ဆင်မှု များ ပိုမိုပြုလုပ်လာပြီး အရပ်သားဖမ်းဆီးသတ်ဖြတ်မှု၊ နေအိမ်မီးရှို့မှုများ ပိုမိုပြုလုပ်လာနေကြပါတယ်။ တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်သို့ ကင်းထောက်လေယာဉ်များ၊ တိုက်ခိုက်ရေးလေယာဉ်များလည်း လာရောက်ပျံဝဲထားပြီးဖြစ်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် မည်သည့်အချိန်တွင်လေကြောင်း တိုက်ခိုက်မှုအန္တရာယ် ကျရောက်လာမလဲဆိုသည့် အတွေးဖြင့် ကြောက်ရွံ့ စိုးရိမ်ပူပန်နေကြရပါတယ်။
 
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးရှင်။ အကြမ်းဖက် စစ်ကောင်စီ ၏ လူသားမဆန်စွာ ကျူးလွန်နေမှုများသည် ဂျီနီဗာကွန်ဗန်းရှင်း၊ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ နိုင်ငံတကာဥပဒေများနှင့် ပြည်တွင်းဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် နေခြင်းဖြစ်သောကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့အနေဖြင့် မသိကျိုးကျွန်မပြုဘဲ အမြန်ဆုံး တားဆီးအရေးယူပေးရန် လိုအပ်လာတဲ့အချိန်ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။
 
တော်လှန်ရေးကာလ (၂) နှစ်ကျော်အတွင်းတွင် ပြည်သူလူထုအနေဖြင့် နေ့စဉ် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ပိုမိုကြုံတွေ့လာရသလို စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အခက် အခဲများစွာ ကြုံတွေ့နေရပါတယ်။ ဒါကြောင့် အပြစ်မဲ့ပြည်သူလူထုအပေါ် အကြမ်းဖက် စစ်ကောင်စီ ရဲ့ လူမဆန်စွာ ဥပဒေမဲ့ရမ်းကားနေမှုများ အမြန်အဆုံးသတ်နိုင်ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီနဲ့ နိုင်ငံတကာအသိုက်အဝန်းတို့က ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေး ပါရန် တောင်းဆိုတိုက်တွန်းကြောင်း အရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်ကြီးက လက်ခံ ဆွေးနွေးအတည်ပြုပေးပါရန် လေးလေးနက်နက် ထောက်ခံတင်ပြအပ်ပါတယ်ရှင်။ 
 
အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။
Scroll to Top