“အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအပါအဝင် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှုများကို အမြန်ဆုံးအဆုံးသတ်နိုင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုက်အဝန်းက ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆိုတိုက်တွန်းကြောင်း” အရေးကြီးအဆိုနှင့်စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီဒွန်း၏ ဆွေးနွေးချက်
၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ပြည်တွင်းပြည်ပမှ ဧည့်သည်တော်များအားလုံး မင်္ဂလာပါရှင်။
ကျွန်မကတော့ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီဒွန်း ဖြစ်ပါတယ်။ ယခု စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီး တင်သွင်းခဲ့တဲ့ အရေးကြီးအဆိုကို ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
လေးစားအပ်ပါတဲ့ ပြည်ထောင်စုလွှတ်တော် နာယကကြီးရှင့်။ အဆိုရှင်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးက လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးသွားသကဲ့သို့ တရားမဝင်အာဏာသိမ်း စစ်ကောင်စီရဲ့ တိုးမြှင့်လုပ်ဆောင်လျက်ရှိတဲ့ ရာဇဝတ်မှုတွေ၊ အကြမ်းဖက်မှုတွေဟာ နေ့စဉ်နဲ့အမျှ မြင်တွေ့ကြားသိနေရတဲ့ အခြေအနေကို ရောက်ရှိနေပြီဖြစ်ပါတယ်။ လက်နက်အားကိုးနဲ့ ဖိနှိပ်အုပ်ချုပ်နိုင်ဖို့ အာဏာသိမ်းစစ်တပ်ရဲ့ ကြိုးပမ်းမှုကို အသက်ပေးခုခံတွန်းလှန်ရင်း ဒီမိုကရေစီကို ကာကွယ်ထိန်းသိမ်းနေကြတဲ့ မြန်မာပြည်သူတွေကို ကမ္ဘာ့နိုင်ငံအများစုရဲ့ လျစ်လျူရှုခံနေရတာဟာ အင်မတန် ဝမ်းနည်းစရာကောင်းတဲ့ကိစ္စဖြစ်ပါတယ်။
ယနေ့ မြန်မာပြည်သူတွေရဲ့ ခုခံတွန်းလှန်မှုဟာ နိုင်ငံရေးသဘောထား မတိုက်ဆိုင်မှုကြောင့်မဟုတ်ဘဲ ဒီမိုကရေစီနည်းကျမဟုတ်တဲ့ အကြမ်းဖက်အာဏာသိမ်းစစ်တပ်ရဲ့ ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကနေ ကိုယ်ကိုယ့်ကို ကာကွယ်နိုင်ဖို့ ကြိုးပမ်းနေကြတာဖြစ်ပါတယ်။ ဒီမိုကရေစီကို ကာကွယ်ဖို့ ညီညွတ်မှုတွေဟာ အားကောင်းမလာပေမယ့် နိုင်ငံတစ်ဝှမ်း၌ စစ်အာဏာရှင်တွေကတော့ ဖိနှိပ်မှုတွေ ပိုလုပ်လာတာကြောင့် ကျွန်မတို့မြန်မာနိုင်ငံအတွက်သာမက ကမ္ဘာကြီးတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ထိခိုက်လာမှာကို အလွန်စိုးရိမ်မိပါတယ်။
ကျွန်မတို့ ပဲခူးတိုင်းမှာလည်း ပြည်သူများဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုမျိုးစုံကို ခါးသီးစွာ ခံစားနေကြရပါတယ်။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂၊ ၁၃ ရက်နေ့တွင် တရားမဝင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီမှ ရွှေကျင်မြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့တဲ့အတွက် နေအိမ်များပျက်စီးခဲ့ရပြီး ဒေသခံအပြစ်မဲ့ပြည်သူများ (၂၀,၀၀၀) ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ ယခု မေလ ၂ ရက်နေ့တွင် ထန်းတပင်မြို့နယ်၊ ကျေးရွာ (၃) ရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့်အတွက် (၃) ဦး သေဆုံးပြီး၊ (၂) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် မတ်လ (၁၃) ရက်နေ့အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အရပ်သားပြည်သူ (၅) ဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အကြိမ်ပေါင်း (၆၄) ကြိမ်ထက် မနည်း ကျူးလွန်ထားပြီး ထိုကျူးလွန်မှုကြောင့် အရပ်သားပြည်သူစုစုပေါင်း (၇၆၆) ဦး အသက်ဆုံးရှုံးခဲ့ရပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကလည်း ၁၅-၃-၂၀၂၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့ အခုလို လူမဆန်တဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကို အမြန်ဆုံး အဆုံးသတ်တားဆီးနိုင်ဖို့ နည်းလမ်းအမျိုးမျိုးနှင့် ဆက်လက်ကူညီပေးကြရန် ကမ္ဘာတစ်ဝှမ်းက မိတ်ဆွေလွှတ်တော်ကိုယ်စားလှယ်များကို ဒီနေ့အစည်းအဝေးကတစ်ဆင့် တောင်းဆိုလိုပါတယ်။
တဆက်တည်းမှာပဲ မိမိတို့ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ရပ်တည်ပေးကာ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များက ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို တရားဝင်အသိအမှတ်ပြုပြီး မိမိတို့၏ ဒီမိုကရေစီအရေး ကြိုးပမ်းမှုများအပေါ် ပံ့ပိုးကူညီနေကြသည့် နိုင်ငံတကာပါလီမန်များအဖွဲ့၊ ဥရောပပါလီမန်နှင့် အာဆီယံပါလီမန်များအဖွဲ့ကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ပြီးခဲ့သည့် မတ်လအတွင်းက ကျင်းပခဲ့သည့် (၁၄၆) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့ညီလာခံတွင် ဆိုးရွားသော ပဋိပက္ခများကြောင့် ထိခိုက်ခံစားနေကြရသည့် မြန်မာပြည်သူများအပေါ် ကူညီပေးနိုင်ရေးအတွက် ညီလာခံ၏ ဆုံးဖြတ်ချက်တွင် ထည့်သွင်းချမှတ်ပေးခဲ့မှုအပေါ် ကြိုဆိုထောက်ခံပါကြောင်း ပြောကြားလိုပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ အာဆီယံအပါအဝင် နိုင်ငံတကာအသိုက်အဝန်းက ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့သော်လည်း လက်တွေ့မှာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အားနည်းနေခြင်းကြောင့် နိုင်ငံအသီးသီး၏ ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန် သက်ဆိုင်ရာ မိမိတို့၏ အစိုးရများသို့ တောင်းဆိုတိုက်တွန်းပေးရန် မိတ်ဆွေလွှတ်တော်ကိုယ်စားလှယ်များ၏ ဆက်လက်ပံ့ပိုးကူညီမှုများကို တောင်းဆိုတိုက်တွန်းလိုပါတယ်။
ပြီးခဲ့သည့် ဧပြီလတွင် Westminster Hall တွင် UK လွှတ်တော်ကိုယ်စားလှယ်များက စီစဉ်ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများဆိုင်ရာ ဆွေးနွေးပွဲများကဲ့သို့ လူကြီးမင်းတို့၏ လွှတ်တော်များတွင် မြန်မာနိုင်ငံ၏ အခြေအနေများကို ဆွေးနွေးပြီး လူကြီးမင်းတို့၏ အစိုးရအပေါ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးကြိုးပမ်းမှုတွင် မည်သို့မည်ပုံ ပံ့ပိုး ကူညီပေးရန်၊ အကြမ်းဖက်စစ်တပ်အပေါ် အရေးယူဒဏ်ခတ်မှုများ တိုးမြှင့်လုပ်ဆောင်ပေးရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများရပ်တန့်ပေးရန် တောင်းဆိုမှုများဖြင့် လူကြီးမင်းတို့၏ စည်းလုံးညီညွတ်မှုကို ပြသပေးဖို့ မေတ္တာရပ်ခံတောင်းဆိုလိုပါတယ်။
မိမိတို့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များဟာ အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြားကနေ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိဖို့နှင့် အာဏာသိမ်းစစ်ခေါင်းဆောင်များရဲ့ ရက်စက်ကြမ်းကြုတ်မှုများကို အဆုံးသတ်နိုင်ရေးအတွက် ပြည်တွင်းပြည်ပမှ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်နေကြရတာဖြစ်ပါတယ်။ ကျွန်မတို့တွေ လုပ်ဆောင်နေကြရပါတယ်။ ဥပဒေပြုသူများဖြစ်တာနဲ့အညီ တရားဥပဒေစိုးမိုးရေးနှင့် ကောင်းမွန်သော ဥပဒေမူဝါဒများဖြင့် ပြည်သူတို့၏ လူမှုဘဝ တိုးတက်ကောင်းမွန်ရေးကို ဦးတည်ကြိုးပမ်းပေးကြရမှာဟာ ပြည်သူ့ ကိုယ်စားလှယ်များရဲ့ အဓိကတာဝန် ဖြစ်ပါတယ်။
ဒါ့ကြောင့် နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် တည်ဆဲဥပဒေများကို ဖောက်ဖျက်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်များ၏ ရာဇဝတ်မှုများအပေါ် အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးစနစ်အရ အပြစ်ပေးအရေးယူနိုင်ရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး ခိုင်မာအားကောင်းလာစေရန် လက်တွဲကြိုးပမ်းကြရန် တောင်းဆိုတိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။


