၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီး၊ ပြည်ထောင်စု ယာယီသမ္မတကြီး၊ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်တကွ ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်အသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်တွင်းပြည်ပမှ ဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများအားလုံး ကျန်းမာ ရွှင်လန်းပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော်က တော့ ကယား/ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလင်းလင်း ဖြစ်ပါ တယ်။ ကျွန်တော် ထောက်ခံဆွေးနွေးမယ့် အဆိုမှာ “အကြမ်းဖက်အုပ်စု၏ ကျင်းပမည့် ရွေးကောက်ပွဲသည် အတုအယောင်ဖြစ်သည့်အပြင် လက်ရှိနိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူလူထု လိုလားတောင့်တလျက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် တော်လှန်ရေးအင်အားစုများနှင့် ကြိုးပမ်းဆောင်ရွက်နေမှုများအား ဒေသတွင်းနှင့် နိုင်ငံတကာတို့ သိရှိနိုင်ရန်နှင့် လက်ရှိပြဿနာအရပ်ရပ်အား ဖြေရှင်းနိုင်ရန် သံတမန်အရ ချဉ်းကပ်ဖြေရှင်းသွားနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးခင်ဗျာ။ အကြမ်းဖက်အာဏာသိမ်း စစ်အုပ်စု၏ ရွေးကောက်ပွဲသည် ၎င်းတို့အာဏာ သက်ဆိုးရှည်ရေး ရင်ဆိုင်နေရသော စစ်ရေး၊ နိုင်ငံရေး၊ အထွေထွေအကြပ်အတည်းတွေကို လျှော့ချနိုင်ရေးအတွက် ရည်ရွယ်လုပ်ကိုင်သော နိုင်ငံရေးလှည့်ကွက်၊ နိုင်ငံ ရေး ထောင်ချောက်တစ်ခုသာ ဖြစ်ပါတယ်။ တကယ်တော့ နိုင်ငံတကာနှင့် ပြည်တွင်း၊ ပြည်ပ အင်အားစု များနှင့် ပြည်သူများ အသိအမှတ်ပြု ပါဝင်ခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်သည်သာ တရားဝင်ရွေးကောက်ပွဲ ရလဒ်ဖြစ်ပြီး တရားမဝင်စစ်အာဏာသိမ်းထားသည့် အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ရွေးကောက်ပွဲ ကျင်းပခွင့် မရှိသည့်အပြင် ဒီအတုအယောင်ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မည့် ထွက်ပေါက် တစ်ခုလည်း မဟုတ်ပါဘူး။
အကြမ်းဖက်စစ်အုပ်စုက ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲက တိုင်းရင်း သားများနှင့် ပြည်သူလူထု မျှော်မှန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဟူသော ပန်းတိုင်ကိုလည်း ရရှိမည်မဟုတ်သည့်အပြင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ နိုင်ငံရေးအရ တရားဝင်မှုရှိဆဲ ဖြစ်ပြီး ရွေးကောက်ခံကိုယ်စားလှယ်များနှင့် ပြည်သူတို့ သဘောဆန္ဒမပါဝင်ဘဲ တရားမဝင်ရွေးကောက်ပွဲကို ဖန်တီးပြုလုပ်ခြင်းဟာ ဒီမိုကရေစီကျင့်စဉ်ကို ချိုးဖောက်ပြီး ပြည်သူတို့၏ အချုပ်အခြာအာဏာကို မတရား ရယူရန် ကြိုးစားခြင်းသာ ဖြစ်ပါတယ်။ ယင်းရွေးကောက်ပွဲသည် ပြည်သူလူထု၏ တကယ့်အလိုဆန္ဒကို ကိုယ်စားပြုခြင်းလည်း မဟုတ်သကဲ့သို့ နိုင်ငံအတွင်းရှိ လက်ရှိနိုင်ငံရေးအကြပ်အတည်းကိုပါ ဖြေရှင်းနိုင်မည် မဟုတ်ဘဲ ပိုမိုဆိုးရွားစေနိုင်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံရေး ခေါင်းဆောင်များအား အဓမ္မ ဖမ်းဆီးထိန်းသိမ်း၍ အာဏာသိမ်းပြီးနောက် ပြည်သူများအား အကြမ်းဖက် နှိမ်နှင်းမှုများလည်း ပြုလုပ်ခဲ့ပါတယ်။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒုတိယသမ္မတ တာဝန်၊ ဝန်ကြီးချုပ်တာဝန်၊ ကာကွယ်ရေးဦးစီးချုပ်တာဝန်များကို လက်ဆုပ်ကိုင်ထားပြီး အာဏာ (၃) ရပ်အား ၎င်း၏ လက်တွင်သာ ရယူထားပါတယ်။
SAC က စစ်ကောင်စီ၏ အဓိကအုပ်ချုပ်ရေးအဖွဲ့ဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံရေးသဘောထား၊ မဟာမိတ်ဆက်ဆံရေးများကို ဦးစီးထိန်းချုပ်ထားပါတယ်။ မဲစာရင်းကောက်ယူမှု၊ နိုင်ငံရေးဆိုင်ရာအုပ်ချုပ်မှုများကို အဓိကထားဆောင်ရွက်ပြီး လွှတ်တော်များကို ဖျက်သိမ်းပြီး အာဏာစီမံ ခန့်ခွဲမှုများကို ၎င်း၏ လက်တွင်သာ ထားရှိခဲ့ပါတယ်။ USDP က စစ်တပ်နှင့်နီးစပ်သော နိုင်ငံရေးပါတီဖြစ်ပြီး စစ်ကောင်စီ၏ နိုင်ငံရေးအကျိုးဆောင်အဖွဲ့အဖြစ်လည်း လုပ်ဆောင်နေပါတယ်။ မဲစာရင်းများတွင် တရားမဝင် အချက်အလက်များ ထည့်သွင်းခြင်းတွင် ပါဝင်မှုရှိသည်ဟု သက်သေခံချက်များလည်း ရှိနေပါတယ်။ အကြမ်း ဖက်စစ်တပ်လက်အောက်ရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အနားယူထားသည့် စစ်တပ်ခေါင်းဆောင်များ၏ အဖွဲ့အစည်းများ၊ အရပ်ဖက်ထောက်ခံသူများသည် စစ်ကောင်စီ၏ နိုင်ငံရေးအကျိုးရရှိစေရန် ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီကို အားဖြည့်မှုများ ပြုလုပ်ခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီး စသည့် လက်နက်ကိုင် အဖွဲ့အစည်းများသည် စစ်ကောင်စီ၏ အာဏာချုပ်ကိုင်မှုကို အတင်းအဓမ္မဖော်ဆောင်၍ ပြည်သူများအား ခြိမ်းခြောက်မှုများပြုလုပ်ပြီး မဲစာရင်းများ၊ နိုင်ငံရေးသဘောထားများကို ထိန်းချုပ်နေပါတယ်။ စစ်ကောင်စီ၏ သတင်းထုတ်ဖော်မှုကို ထောက်ပံ့သောမီဒီယာနှင့် အခြားပညာရေးအဖွဲ့များသည် လူထုကို မမှန်ကန်သော သတင်းများနှင့် ဖုံးကွယ်ထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်ရှိ စီးပွားရေးလုပ်ငန်း များ (ဥပမာ- MEC, MEHL) တို့သည် နိုင်ငံရေးစနစ်နှင့် ချိတ်ဆက်ဆောင်ရွက်ပြီး သတင်းအချက်အလက်များ ဖုံးကွယ်ထားမှုကို ပြုလုပ်နေပါတယ်။ စစ်ကောင်စီအား နိုင်ငံတကာအဖွဲ့အစည်းများနှင့် အဆက်အသွယ် ထိန်းချုပ်မှုများ ပြုလုပ်ရန်အတွက် နိုင်ငံတကာရှိ စစ်ကောင်စီသံရုံးများက သီးသန့်ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်း ဆောင်ရွက်နေပါတယ်။ ယင်းအခြေအနေအောက်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် ပြည်သူများ၏ လွတ်လပ်သောဆန္ဒဖော်ပြမှု မဖြစ်နိုင်ဘဲ စစ်တပ်၏ အာဏာကို တိုးမြှင့်ရန် လိုချင်သလို ပြင်ဆင်ထားသည့် ရွေးကောက်ပွဲ ဖြစ်ပါတယ်။
ထို့အပြင် အကြမ်းဖက်စစ်တပ်က လက်ရှိတွင် ၎င်းတို့နှစ်သက်သည့် မဲပေးပုံစံများ သတ်မှတ်၍ မဲဆန္ဒရှင်များကို ထိန်းချုပ်နိုင်ရန် အစီအစဉ်များ ဆောင်ရွက်နေပါတယ်။ အချို့သော နိုင်ငံရေးပါတီများကို တားမြစ်ခြင်း၊ မဲပေးခွင့်မရှိစေခြင်းတို့ကိုလည်း တရားမဝင်မှုများနှင့်များစွာ ပတ်သက်နေပါတယ်။ အခြားသော ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် နိုင်ငံများသည်လည်း ယင်းရွေးကောက်ပွဲကို တရားမဝင်ကြောင်း ကြေညာ ထားပြီး ရွေးကောက်ပွဲမှာ အကြမ်းဖက်စစ်တပ်၏ အာဏာရှင်ဖြစ်မှုကိုသာ တိုးတက်စေမည် ဖြစ်ကြောင်း သုံးသပ်နေကြပါတယ်။ ထို့ကြောင့် အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲသည် ပြည်သူလူထု၏ တကယ့် မဲဆန္ဒကို ဖော်ပြမည့် ရွေးကောက်ပွဲမဟုတ်ဘဲ ၎င်းတို့၏ အာဏာကို ခိုင်မာစေရန်သာ ဖြစ်ပါတယ်။ အကယ်၍ စစ်အုပ်စုသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့သည့် အရပ်သား လွှတ်တော် ကိုယ်စားလှယ်များထံ အာဏာ (၃) ရပ်အား ပြန်လည်အပ်နှံပြီး အကြမ်းဖက်စစ်အုပ်စု၏ ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် တာဝန်ရှိသူအဆင့်ဆင့်က ကျူးလွန်ခဲ့သော ပြစ်မှုများအား တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ ဆက်လက်၍ အာဏာရှင်ဆန်ဆန်ပြုလုပ်နေပါက နိုင်ငံရေးအကြပ်အတည်းသည် မဖြေရှင်းနိုင်ဘဲ တိုးလာမည်သာ ဖြစ်ပါတယ်။
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးခင်ဗျာ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်း၍ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို အထူး အလေးထား ဆောင်ရွက်လျက်ရှိပါတယ်။ ယင်းအတွက် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ပိုမိုကောင်းမွန်သော အနာဂတ်ကို တည်ဆောက်ရန် လုပ်ငန်းစဉ်များနှင့် မူဝါဒများကို ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ (EROs) နှင့် အတူတူပူးပေါင်း၍ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ရာတွင် စစ်ရေး၊ နိုင်ငံရေးနှင့် လူမှုရေးပိုင်းဆိုင်ရာများကို လက်တွဲဆောင်ရွက်နေပါတယ်။ ပြည်သူလူထုနှင့် နိုင်ငံရေးပါတီများ၏ ထောက်ခံမှုများကို များစွာရရှိလာနိုင် စေရန် ဖက်ဒရယ်စနစ်အခြေပြု တည်ထောင်ရေးမူဝါဒများက ရှင်းလင်းဖော်ပြနေပါတယ်။ အမျိုးသားညီညွတ် ရေးအစိုးရ (NUG) သည် ကုလသမဂ္ဂ (UN), အာဆီယံနှင့် အခြားနိုင်ငံများသို့ အမြဲတမ်းဆက်သွယ်ပြီး ပြည်သူ လူထု၏ တော်လှန်ရေးကြိုးပမ်းမှုများနှင့် စစ်အာဏာသိမ်း အန္နိဋ္ဌာရုံများကို ပြောကြားလျက်ရှိပါတယ်။ ထို့ပြင် စစ်အုပ်စုအား နိုင်ငံတကာအဆင့်တွင် တရားဝင်အသိအမှတ်မပြုရန်နှင့် စစ်အာဏာရှင်ကို အရှိန်မြှင့် ကန့်ကွက် ရန် တိုက်တွန်းဆောင်ရွက်နေပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့်အတူ အထူးသဖြင့် မြန်မာနိုင်ငံအရေးအတွက် သက်ဆိုင်မှုရှိသည့် နိုင်ငံများဖြစ်သော ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့နှင့် ပိုမိုချစ်ကြည်ရေးတည်ဆောက်ကာ ဖက်ဒရယ်ဒီမိုကရေစီ အတွက် အခွင့်အရေးများ ပိုမိုဖန်တီးလာနိုင်စေရန် ကြိုးပမ်းခဲ့ပါတယ်။ ထို့အပြင် အနောက်နိုင်ငံများမှ ပံ့ပိုးမှုများ ရရှိနိုင်စေရန် အရေးကြီးသည့် သံတမန်ဆောင်ရွက်နေမှုများ ရှိပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွား လာသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အရပ်သားများကို ပစ်မှတ်ထား၍ လေကြောင်းဗုံးကြဲမှုများ၊ အကြောင်းမဲ့ သတ်ဖြတ်မှုများနှင့် မတရားဖမ်းဆီးမှုများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် သက်သေ များဖြင့် နိုင်ငံတကာသို့ ပြောကြားပြသလျက်ရှိပါတယ်။ ထို့ကြောင့် မြန်မာနိုင်ငံအရေးအတွက် နိုင်ငံတကာက ပိုမိုလှုပ်ရှားလာနိုင်ပြီး စစ်အုပ်စုအား ဒဏ်ခတ်မှုများ ချမှတ်နိုင်မည်လည်းဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) သည် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ၊ ကုလသမဂ္ဂ(UN), အနောက်နိုင်ငံများနှင့် ဆက်သွယ်၍ စစ်အုပ်စုအား တရားဝင်အသိအမှတ်မပြုရေး၊ ပိတ်ဆို့ဒဏ်ခတ်မှုများ ဆောင်ရွက်နိုင်ရေးနှင့် အမျိုးသားညီညွတ် ရေးအစိုးရ (NUG) အား တရားဝင် အသိအမှတ်ပြုရေးတို့ကို တိုက်တွန်းဆောင်ရွက်နေပါတယ်။
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးခင်ဗျာ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းရှိ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားတို့နှင့် ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးတည်ဆောက်၍ မြန်မာပြည်သူများအတွက် နိုင်ငံတကာထောက်ခံမှု တိုးမြှင့်နိုင်ရေး ဆက်လက် ကြိုးပမ်းသင့်ပြီး G-7၊ EU နှင့် အမေရိကန်၊ ဗြိတိန်၊ ဂျာမနီ၊ ဂျပန်နှင့် ကိုရီးယား ကဲ့သို့သော သက်ဆိုင်သော နိုင်ငံများမှ ပံ့ပိုးမှုများ ရရှိစေရေး ပိုမိုကြိုးစားဆောင်ရွက်သင့်ပါတယ်။ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) သည် နိုင်ငံတကာတွင် တရားဝင်အသိအမှတ်ပြုနိုင်ရန် ဥပဒေရေးရာအခြေခံအချက်များ ခိုင်မာစေရန် ကြိုးပမ်း သင့်ပါတယ်။ ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း ကာ ပြည်တွင်းနှင့် နိုင်ငံတကာက သိရှိစေရေး အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ငြင်းပယ်ကြောင်း ထုတ်ပြန်ကြေညာရန်၊ ပြည်သူလူထု၏ တရားဝင်ဆန္ဒဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းထံ သံတမန်ဆောင်ရွက်မှုများကို ပိုမို ခိုင်မာစွာ ဆောင်ရွက်ရန်၊ ဒေသတွင်းနှင့် နိုင်ငံတကာမှ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အား တရားဝင် အသိအမှတ်ပြုမှု၊ စစ်အုပ်စုအပေါ် ပိုမိုတင်းကြပ်သည့် ဒဏ်ခတ်မှုများ ချမှတ်နိုင်ရေး ကြိုးစားအားထုတ်သွားရန် နှင့် မြန်မာပြည်သူများ၏ လူ့အခွင့်အရေး၊ လွတ်လပ်မှုနှင့် ဒီမိုကရေစီ ပြန်လည်ရရှိရေးတွင် အနာဂတ်နိုင်ငံရေး ဖြေရှင်းမှုများကို အကြမ်းဖက်စစ်အုပ်စုကမဟုတ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တော်လှန်ရေး အင်အားစုများက ဦးဆောင်၍ ဆောင်ရွက်မည်ဟု ကြေညာရန်တိုက်တွန်းကြောင်းအဆိုကို လေးနက်စွာ ထောက်ခံဆွေးနွေးပါတယ်။
အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။
အရေးတော်ပုံ အောင်ရမည်။


