မူလ / “အကြမ်းဖက်စစ်အုပ်စု၏ ကျင်းပမည့် ရွေးကောက်ပွဲသည် အတုအယောင် ရွေးကောက်ပွဲ ဖြစ်သည့်အပြင် လက်ရှိနိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူလူထု လိုလားတောင့်တလျက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် တော်လှန်ရေးအင်အားစုများနှင့်အတူ ကြိုးပမ်းဆောင်ရွက်နေမှုများအား ဒေသတွင်းနှင့် နိုင်ငံတကာသို့ ရှင်းလင်းစွာ သိရှိနိုင်ရန်နှင့် လက်ရှိပြဿနာအရပ်ရပ်အား ဖြေရှင်းနိုင်ရန် သံတမန်နည်းအရ ချဉ်းကပ် ဆောင်ရွက်သွားနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့် စပ်လျဉ်း၍ ဒေါ်နီနီဒွန်း (ပေါက်ခေါင်းမဲဆန္ဒနယ်၊ ပဲခူးတိုင်းဒေသကြီး) ၏ ဆွေးနွေးချက်

“အကြမ်းဖက်စစ်အုပ်စု၏ ကျင်းပမည့် ရွေးကောက်ပွဲသည် အတုအယောင် ရွေးကောက်ပွဲ ဖြစ်သည့်အပြင် လက်ရှိနိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူလူထု လိုလားတောင့်တလျက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် တော်လှန်ရေးအင်အားစုများနှင့်အတူ ကြိုးပမ်းဆောင်ရွက်နေမှုများအား ဒေသတွင်းနှင့် နိုင်ငံတကာသို့ ရှင်းလင်းစွာ သိရှိနိုင်ရန်နှင့် လက်ရှိပြဿနာအရပ်ရပ်အား ဖြေရှင်းနိုင်ရန် သံတမန်နည်းအရ ချဉ်းကပ် ဆောင်ရွက်သွားနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့် စပ်လျဉ်း၍ ဒေါ်နီနီဒွန်း (ပေါက်ခေါင်းမဲဆန္ဒနယ်၊ ပဲခူးတိုင်းဒေသကြီး) ၏ ဆွေးနွေးချက်

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီးနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များနဲ့ ဧည်သည့်တော်များရှင်။ အားလုံးကျန်းမာပြီး ဘေးအမျိုးမျိုးမှ ကင်းဝေးကြပါစေကြောင်းနှင့် တိုင်းပြည်တာဝန်များကို ဆက်လက်ထမ်းဆောင်နိုင်ကြပါစေ လို့ ဆုတောင်းမေတ္တာပို့သရင်း မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။


ကျွန်မကတော့ ဘီလင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ကိုကိုဦး၏ အဆို ဖြစ်တဲ့ “အကြမ်းဖက်စစ်အုပ်စု၏ ကျင်းပမည့် ‌ရွေးကောက်ပွဲသည် အတုအယောင် ရွေးကောက်ပွဲ ဖြစ်သည့် အပြင် လက်ရှိနိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ပြည်သူလူထုလိုလားတောင်းတလျက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်လာ ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့်အတူ ကြိုးပမ်းဆောင်‌ရွက်နေမှုများအား ဒေသတွင်းနှင့် နိုင်ငံတကာ သို့ ရှင်းလင်းစွာ သိရှိနိုင်ရန်နှင့် လက်ရှိပြဿနာအရပ်ရပ်အား ဖြေရှင်းနိုင်ရန် သံတမန်နည်းအရ ချဉ်းကပ် ဆောင်ရွက်သွားနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို ထောက်ခံဆွေးနွေး သွားမယ့် ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီဒွန်း ဖြစ်ပါတယ်။

လေးစားအပ်ပါသော နာယကကြီးရှင့်။ ယခုအချိန်ကာလဟာ အကြမ်းဖက်စစ်အုပ်စုက တရားဝင် ရွေးကောက်ခံအစိုးရထံကနေ အာဏာသိမ်းယူခဲ့တာ (၄) နှစ်ကျော်ကာလကို ရောက်ရှိနေချိန် ဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်ဟာ ဒီကနေ့အချိန်ထိ အရပ်သားပြည်သူတွေရဲ့ နေအိမ်၊ ကျေးရွာ၊ မြို့ပြတွေ၊ ဘာသာရေး အဆောက်အအုံတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေကို လေကြောင်းနဲ့ တိုက်ခိုက်မှုကို ဆက်လက် လုပ်ဆောင်နေချိန်လည်း ဖြစ်ပါတယ်။

မြေပြင်အင်အားပြုန်းတီးမှုများနဲ့ ဆန္ဒအရ စစ်တပ်ထဲကို ဝင်ရောက်လိုတဲ့ လူတွေမရှိတော့တာ ကြောင့် လူငယ်လူရွယ်တွေကို အတင်းအကြပ်ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းဖို့ အပူတပြင်း လုပ်ဆောင်နေချိန်လည်း ဖြစ်ပါတယ်။ ပြည်ပထွက်ခွာခွင့် ပိတ်ပင်တားဆီးမှုတွေဟာလည်း ဒီသီတင်းပတ်တွေထဲမှာ ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်နေပါတယ်။ နည်းလမ်းပေါင်းစုံနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဖိနှိပ်မှုတွေကို တိုးမြှင့် လုပ်ဆောင်နေတာကြောင့် ပြည်တွင်းမှာ နေရပ်စွန့်ခွာ တိမ်းရှောင်လာသူဦးရေဟာ နေ့စဉ်တိုးပွားနေဆဲ ဖြစ်ပါ တယ်။ ဒါ့အပြင် နီးစပ်ရာနိုင်ငံများသို့ တရားမဝင် တိမ်းရှောင်ထွက်ပြေးနေရသူ အရေအတွက်ဟာလည်း သိသိသာသာ မြင့်တက်နေပြီ ဖြစ်ပါတယ်။

ပြည်သူများစွာဟာ ဆင်းရဲဒုက္ခကို ခါးခါးသီးသီး ခံစားနေရပြီး လူသားချင်းစာနာ ထောက်ထားမှု အကူအညီများစွာလည်း လိုအပ်နေပါတယ်။ ဒီလိုဆိုးရွားတဲ့ အခြေအနေအရပ်ရပ်ကို အဓိက သယ်ဆောင်လာ တာဟာ အကြမ်းဖက်စစ်အာဏာရှင်များပဲ ဖြစ်ပါတယ်။ အခုလို ဆိုးရွားတဲ့ အခြေအနေဟာ စစ်အာဏာရှင် များအလိုကျ ဖန်တီးပုံဖော်နေတဲ့ အခြေအနေဖြစ်တယ်ဆိုတာလည်း ရှင်းရှင်းလင်းလင်း သိမြင်ဖို့လိုပါတယ်။ ပြည်သူတွေ ဒုက္ခဆင်းရဲတွင်းနက်လေ အာဏာရှင်ဟာ သူသက်ဆိုးရှည်လေဆိုတဲ့ အခြေအနေကို ဖန်တီးနေတာ ဖြစ်ပါတယ်။

လေးစားအပ်တဲ့ နာယကကြီးနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များရှင့်။ တိုင်းပြည်နဲ့ လူမျိုး အနာဂတ်ကိုမကြည့်ဘဲ ကိုယ့်အတ္တ၊ ကိုယ့်ရာထူးအာဏာ တည်မြဲဖို့ လူမဆန်မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ ဆက်လက်ကြိုးပမ်းနေတာကြောင့် ဒီကနေ့ဟာဆိုရင် နိုင်ငံတော်ဟာ ပြိုကွဲသွားနိုင်ပြီး အင်မတန် စိုးရိမ်ရတဲ့ အခြေအနေရောက်နေပြီ ဖြစ်ပါတယ်။ ပြည်ထောင်စုမပြိုကွဲရေး ကြွေးကြော်သံကို ရှေ့မှာ တွင်တွင်အော်နေပြီး အနောက်မှာတော့ ပြိုကွဲအောင်လုပ်နေတာလည်း စစ်အာဏာရှင်များပဲ ဖြစ်ပါတယ်။ တိုင်းပြည်နဲ့လူမျိုး ဘယ်လို ဒုက္ခရောက်နေပါစေ စစ်အာဏာရှင်တွေကတော့ ၎င်းတို့ အာဏာတည်မြဲရေးကို ဆက်လက်ကြိုးပမ်းနေတယ်ဆိုတာ အားလုံးမြင်တွေ့ပြီး ဖြစ်ပါတယ်။
လူကြီး၊ လူငယ်၊ ကလေးပါမကျန် ထွက်ပြေးတိမ်းရှောင်နေရချိန်မှာတောင် မဟုတ်မမှန်တဲ့ သန်းခေါင်စာရင်းကောက်ယူမှုဟာလည်း လုပ်ပွဲသက်သက်ထက် မပိုပါဘူး။ ဒီလို မမှန်ကန်တဲ့ သန်းခေါင် စာရင်းနဲ့ အတုအယောင်ရွေးကောက်ပွဲဟာ စစ်အာဏာရှင်များရဲ့ အကျင့်အတိုင်း တိုင်းပြည်အာဏာကို ဆက်လက်ထိန်းချုပ်ထားနိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်နေပါတယ်။ ဒါဟာ ဒီမိုကရေစီနည်းလမ်းလည်း မဟုတ် သလို ငြိမ်းချမ်းရေးကို ဖော်ဆောင်မယ့်နည်းလမ်းလည်း မဟုတ်ပါဘူး။ ၎င်းတို့ရဲ့ တရားမဝင် လက်နက် အားကိုး နဲ့ လုယူထားတဲ့အာဏာကို တရားဝင်မှုရဖို့ ကြိုးပမ်းချက်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားလှပါတယ်။

နာယကကြီးနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များရှင့်။ နိုင်ငံတော်အာဏာကို အကြမ်းဖက် လုယူထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းဟာ အစိုးရသဏ္ဍာန် ပုံဖော်နေပေမယ့် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ ကမ္ဘာကြီးက နိုင်ငံအများစုကတော့ ၎င်းတို့ကို ဖယ်ကျဉ်ထားကြဆဲဖြစ်ပါတယ်။ ဒါပေမယ့် အိမ်နီးချင်းနိုင်ငံများအပါအဝင် အနည်းငယ်သောနိုင်ငံတွေဟာ လွဲမှားတဲ့ ယူဆချက်နဲ့ လက်ရှိ ဖြစ် နေတဲ့ ပြည်တွင်းစစ်မီးကို ပိုမိုကြီးထွားလာအောင်၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ဆက်လက်ဆုံးရှုံးရအောင် အကြမ်းဖက်စစ်ကောင်စီကို ပံ့ပိုးကူညီပူးပေါင်းနေတာဟာလည်း ငြင်းမရတဲ့ သက်သေများစွာနဲ့ ထင်ရှားလှပါ တယ်။ စစ်အာဏာသိမ်းမှု (၄) နှစ် ပြည့်နေ့မှာ မိမိတို့နဲ့အတူ လူ့အခွင့်အရေးအတွက်၊ ဒီမိုကရေစီအတွက် အတူရပ်တည်ပြီး ထုတ်ပြန်ချက်တွေ ထုတ်ပြန်ပေးခဲ့ကြတဲ့ ကမ္ဘာ့နိုင်ငံများကိုလည်း ကျေးဇူးတင်ရှိပါတယ်လို့ ဒီကနေ့မှာ ပြောကြားလိုပါတယ်။

နယ်မြေများစွာဟာ တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ တော်လှန်ရေးအင်အားစုများ၏ ထိန်းချုပ်မှု အောက်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ နိုင်ငံရဲ့ သုံးပုံတစ်ပုံကျော်ခန့်သာ ပြည့်ပြည့်ဝဝ ထိန်းချုပ်ထား နိုင်တဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲကျင်းပနိုင်မှုဟာ ကြာလေမဖြစ်နိုင်လေ အခြေအနေကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ရန်ကုန်နဲ့ နေပြည်တော်ကလွဲရင် ကျန်တိုင်းနဲ့ပြည်နယ်တွေမှာ စစ်ကောင်စီဟာ နယ်မြေများကို များစွာ ဆုံးရှုံး ထားရပြီးဖြစ်သလို ယခုအချိန်မှာလည်း နေရာအနှံ့အပြားမှာ ထိုးစစ်ကို ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။

ဒီလို တိုင်းပြည်အတွက် ငြိမ်းချမ်းရေးကို ဖြစ်တည်စေဖို့ မဖြစ်နိုင်တဲ့ ရွေးကောက်ပွဲတစ်ရပ်ကို ထောက်ခံနေခြင်းဟာ မျှော်လင့်ချက်မဲ့နေပြီး လမ်းဆုံးနေပြီဖြစ်တဲ့ အကြမ်းဖက်စစ်တပ်ကို အကြမ်းဖက်မှုတွေ လုပ်ရင်း ဆက်လက်လျှောက်လှမ်းဖို့ တွန်းပို့နေတယ်ဆိုတာကိုလည်း သတိချပ်စေချင်ပါတယ်။ အကြမ်းဖက် စစ်တပ်ဟာ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေကို ရူးရူးမိုက်မိုက် ယနေ့ထိတိုင် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ လိုအပ်နေတာ ငြိမ်းချမ်းရေးပါ၊ ရွေးကောက်ပွဲ မဟုတ်ပါဘူး။ အစိုးရ အပြောင်းအလဲ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ တရားမျှတပြီး လွှတ်လပ်တဲ့ ရွေးကောက်ပွဲဟာ ၂၀၂၀ မှာ ကျင်းပ ထားပြီးဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲကနေ ပြည်သူကရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ် များဟာ လွှတ်တော်တာဝန်တွေကို ထမ်းဆောင်နေသလို လွှတ်တော်က ဖွဲ့စည်းတာဝန်ပေးအပ်ထားတဲ့ တရားဝင်အစိုးရဟာလည်း တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစု အသီးအသီးဟာ လည်း စစ်အာဏာရှင်ကျဆုံးရေးအတွက် ဒီကနေထိတိုင် ပြတ်သားစွာ ဆန့်ကျင့်တော်လှန်နေဆဲ ဖြစ်ပါတယ်။ ဒုက္ခတွေ ခါးသီးစွာ ခံစားနေရတဲ့ ပြည်သူဟာလည်း ယနေ့ထိတိုင် မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်။

လေးစားအပ်တဲ့ နာယကကြီးနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များရှင့်။ ပြည်သူတွေဟာ အကြောက်တရားမရှိတဲ့၊ ဥပဒေအရ အကာအကွယ်ပေးနိုင်တဲ့၊ လွပ်လပ်တဲ့၊ အေးချမ်းတဲ့ အနာဂတ်ကို မျှော်လင့်နေဆဲဖြစ်ပါတယ်။ ဒီမျှော်လင့်ချက်ကို ကျွန်မတို့ တော်လှန်ရေးအင်အားစုတွေ အတူတကွလက်တွဲ ဖော်ဆောင်ပေးရမှာ အဓိကတာဝန်ဖြစ်ပါတယ်။

ဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လက်ရှိတော်လှန်ရေးကာလ (၄) နှစ်ကျော် အချိန်မှာ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ နိုင်ငံရေးအင်အားစုတွေ၊ အစုအဖွဲ့တွေနဲ့ တိုင်းပြည်အတွက်၊ ပြည်သူအတွက် လူမဆန်တဲ့ စစ်အာဏာရှင်စနစ်ဆိုးကို အဆုံးသတ်ပြီး လက်ရှိအဖြစ်သင့်ဆုံး နည်းလမ်းဖြစ် တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် မည်သို့မည်ပုံ ကြိုးပမ်းဆောင်ရွက်နေ တယ်ဆိုတာ ပြည်သူလူထုကိုရော ကမ္ဘာကြီးကိုရော ပိုမိုရှင်းလင်းအောင် ဆောင်ရွက်ပေးဖို့ တိုက်တွန်းချက်ကို ကျွန်မအနေနဲ့လည်း အပြည့်အဝထောက်ခံပါတယ်။

လက်ရှိအချိန်မှာ စစ်အာဏာရှင်တွေကို အမြစ်ပြတ်ဖြုတ်ချပြီး တော်လှန်ရေးအင်အားစုတွေက ဦးဆောင်ပြီး နိုင်ငံရေးစနစ်သစ်ကို ဖန်တီးတည်ဆောက်မှသာ လက်ရှိပြဿနာအရပ်ရပ်ကို ဖြေရှင်း ချည်းကပ် ခြင်း မှန်ကန်မယ်ဆိုတာ ပေါ်လွင်လှပါတယ်။ အရောင်ပြ အပြောင်းအလဲတွေဟာ ပြည်တွင်းစစ်မီးကို မငြိမ်း သတ်နိုင်ခဲ့ဘူးဆိုတာ လက်ရှိဖြစ်နေတဲ့ အခြေအနေအရပ်ရပ်နဲ့ အတိတ်ကသင်ခန်းစာတွေက မီးမောင်း ထိုးပြနေပါတယ်။ ဘယ်တုန်းကမျှ တိုင်းပြည်အပေါ် စိတ်စေတနာမမှန်တဲ့ စစ်အာဏာရှင်တွေရဲ့ လူပိန်းကြိုက် ဆောင်ပုဒ်တွေ၊ လုပ်ဆောင်ချက်တွေဟာ ပြဿနာတွေကို နည်းလမ်းအသွယ်သွယ်နဲ့ ဖန်တီးခဲ့ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးမရှိမှ စစ်တပ်ရဲ့အခန်းကဏ္ဍကို လိုတာထက်ပို ချဲ့ထွင်နိုင်မယ်၊ စစ်တပ်က တိုင်းပြည် ဘဏ္ဍာကိုလည်း ပိုမိုချယ်လှယ်နိုင်မယ်ဆိုတာ အားလုံးအသိဖြစ်ပါတယ်။ ဒီလိုတိုင်းပြည်ဘဏ္ဍာနဲ့ အင်အား တည်ဆောက်ပြီး ဒီကနေ့အထိ တိုင်းပြည်နဲ့ပြည်သူကို ဖိနှိပ်အုပ်ချုပ်နိုင်ဖို့ အတ္တကြီးတဲ့ စစ်အာဏာရှင်တွေ ဟာ အစဉ်တစိုက် လုပ်ဆောင်ခဲ့တယ်ဆိုတာ ထောက်ပြစရာမလိုတဲ့ ပကတိတရား၊ အမှန်တရားလည်း ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ဖို့ရာ တော်လှန်ရေးအင်အားစုများရဲ့ ညီညွတ်မှု၊ ဗျူဟာကျ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်ကြိုးပမ်းခြင်းကသာ ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းတစ်ခုဖြစ်တာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တော်လှန်ရေးအင်အားစုများအနေဖြင့် ယင်းကို ခိုင်မာအားကောင်းအောင် ဆောင်ရွက်ပြီး ပြည်သူအတွက်၊ တိုင်းပြည်အတွက် ငြိမ်းချမ်းမှုတွေကို ဖန်တီးပြီး အနာဂတ်နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ရေး ဆက်လက်ကြိုးပမ်းသင့်ပါကြောင်း လေးလေး နက်နက် တိုက်တွန်းရင်း ဦးတင်ကိုကိုဦးရဲ့ အဆိုကို ထောက်ခံလိုက်ရပါတယ်။

ပြည်သူ့အာဏာ ပြည်သူ့ထံသို့ အမြန်ဆုံး ရောက်ရှိနိုင်ပါစေ။

တိုင်းပြည်ရဲ့ အရှင်သခင် တိုင်းရင်းသား ပြည်သူအပေါင်း ဘေးကင်းလုံခြုံပြီး လက်ရှိဒုက္ခအပေါင်းမှ မြန်မြန်ကင်းလွတ်နိုင်ကြပါစေရန် ဆုတောင်းရင်း….

အရေးတော်ပုံအောင်ရမည်။

Scroll to Top