(၆-၂-၂၀၂၅) ရက်နေ့၊ ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ်အစည်းအဝေး ဒုတိယနေ့တွင် ရှမ်းပြည်နယ်(အရှေ့)၊ တာချီလိတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းစွမ်၏ မေးခွန်းအား အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာလျန်မှုန်းဆာခေါင်း၏ ဖြေကြားချက်
ဦးဝင်းစွမ်(တာချီလိတ်မဲဆန္ဒနယ်၊ ရှမ်းပြည်နယ်)။ လေးစားအပ်ပါသော ပြည်ထောင်စု လွှတ်တော် နာယကကြီး၊ ပြည်ထောင်စု ယာယီသမ္မတကြီး၊ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် ဝန်ကြီးဌာန အသီးသီးမှ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်တော်ကြီးများ၊ ပြည်တွင်း ပြည်ပမှ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများအားလုံး ကျန်းမာပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက် မင်္ဂလာပါလို့ လေးစားစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်မဲန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းစွမ် ဖြစ်ပြီး CRPH ဖက်ဒရယ်ရေးရာ ကော်မတီဝင်တစ်ဦးလည်း ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ သက်ဆိုင်ရာ ဝန်ကြီးဌာနကို မေးခွန်းမေးမြန်းသွားမှာ ဖြစ်ပါတယ်။
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးခင်ဗျာ။ လက်ရှိတော်လှန်ရေး ကာလအတွင်း အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရန်အတွက် ဖက်ဒရယ် အခြေခံမူများကို တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ ဖက်ဒရယ်ယူနစ်များနှင့် ပူးပေါင်းဆောင်ရွက် မှုများ၊ သဘောတူညီချက်များ ရှိပါသလား။ အကယ်၍ ရှိမယ်ဆိုပါက ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုပါတယ် ခင်ဗျာ။ လက်ရှိနိုင်ငံရေးအခြေအနေတွေဟာ အရှိန်အဟုန်နှင့်အမျှ ရွေ့လျားပြောင်းလဲလျက် ရှိနေသည့် အတွက် အသွင်ကူးပြောင်းရေးကာလကို အချိန်မရွေးရောက်ရှိသွားနိုင်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ သို့အတွက် အသွင်ကူးပြောင်းရေးကာလအတွင်း ပြည်သူများနှင့် နိုင်ငံတကာမှ အထူးမျှော်လင့်စောင့်စား နေသည့် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် မည်သို့မည်ပုံ ပြင်ဆင်ဆောင်ရွက် ထားရှိမှုများကို သိရှိလိုပါကြောင်း လွှတ်တော်နာယကကြီးမှတစ်ဆင့် မေးမြန်းလိုက်ရပါတယ်။ အားလုံးကို ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
ဒေါက်တာလျန်မှုန်းဆာခေါင်း(ပြည်ထောင်စုဝန်ကြီး၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာန)။ လေးစားအပ်ပါသော သတ္တမအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ဦးဆောင် ပေးတဲ့ လွှတ်တော်နာယကကြီးနှင့်တကွ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို တက်ရောက်လာ ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ အမျိုးသားညီညွတ်ရေးအစိုးရမှ ယာယီသမ္မတကြီး၊ ပြည်ထောင်စုဝန်ကြီးချုပ်ကြီးနှင့်တကွ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များနှင့်တကွ အခုအစည်းအဝေးကို Online ကနေ ကြည့်ရှုအားပေးနေကြသော ပြည်သူလူထု တစ်ရပ်လုံးကို မင်္ဂလာပါလို့ နှုတ်ဆက်ချင်ပါတယ်။ ကျွန်တော်ကတော့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်း ဖြစ်ပါ တယ်။ အခုလို ရှမ်းပြည်နယ်၊ တာချီလိတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီး ဦးဝင်းစွမ်ရဲ့ မေးခွန်းကို ကျွန်တော်ဖြေကြားခွင့်ရတဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ မေးခွန်း မေးမြန်းပေးသော လွှတ်တော်ကိုယ်စားလှယ်တော်ကြီးကိုလည်း အထူးကျေးဇူးတင်တဲ့အကြောင်း ပဏာမ ပြောကြားလိုပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးက ကျွန်တော်တို့ ဝန်ကြီးဌာနကို မေးမြန်းသော မေးခွန်းက အပိုင်းနှစ်ပိုင်းရှိပါတယ်။ ပထမအပိုင်းကတော့ ကျွန်တော်တို့ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ဖို့အတွက် ဖက်ဒရယ်အခြေခံမူများကို တိုင်းရင်းသား တော်လှန်ရေး အင်အားစုများ ဖက်ဒရယ်ယူနစ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ သဘောတူညီချက်များ ရှိပါသလား ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။
ဒီမေးခွန်းကို ဖြေကြားနိုင်ဖို့အတွက် ပထမဦးဆုံး ကျွန်တော့်အနေနဲ့ တင်ပြချင်တာကတော့ အခုနွေဦးတော်လှန်ရေးမှာ အမျိုးသားညီညွတ်ရေးအစိုးရနှင့်တကွ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနှင့် နွေဦးတော်လှန်ရေးတွင် ပါဝင်နေကြသော အစုအဖွဲ့အားလုံးက ကျွန်တော်တို့ကိုင်စွဲထားသော ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေခံမူ များဟာ ၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ပြည်သူ့ညီလာခံ တွင် ထပ်မံအတည်ပြုခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီအစိတ်အပိုင်း (၁) ပဲ ဖြစ်ပါတယ်။ အဲဒီဖက်ဒရယ် ဒီမို ကရေစီ ပဋိညာဉ်အစိတ်အပိုင်း (၁) မှာ ပါရှိသော ကျွန်တော်တို့၏ ပြည်ထောင်စုစံတန်ဖိုးများ၊ ပြည်ထောင် စုရဲ့ အခြေခံမူများ၊ လမ်းညွှန်အခြေခံမူများ စသည်ဖြင့် ရှိပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ အခုနွေဦး တော်လှန်ရေးတွင် ကိုင်စွဲထားသော အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကိုင်စွဲ ထားသည့် အခြေခံမူများပဲ ဖြစ်တယ်ဆိုတာ လေးစားစွာဖြင့် ပထမအနေနဲ့ တင်ပြချင်ပါတယ်။
ပြီးတော့ ကျွန်တော်တို့အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးရဲ့ မေးခွန်းနှင့် ပတ်သက် ပြီးတော့ ဖြေကြားရမည်ဆိုရင် ကျွန်တော်တို့ တော်လှန်ရေးအင်အားစုများ၊ ဖက်ဒရယ်ယူနစ်များနဲ့ တိုင်ပင် ညှိနှိုင်းမှုများ၊ သဘောတူညီမှုအပိုင်းကို ကျွန်တော်တင်ပြသွားမှာဖြစ်ပါတယ်။ အဲဒီလို တင်ပြသည့်အခါ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအတွင်းမှာ ကော်မတီနဲ့ ကော်မရှင်တွေ ဖွဲ့စည်းပြီးတော့ ထိုလုပ်ငန်းတွေကို လေးလေးနက်နက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေတယ်ဆိုတာ ကျွန်တော် တင်ပြ ချင်ပါတယ်။ နံပတ်တစ်အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် ပုံမှန်ထိတွေ့ဆက်ဆံ ပြီးတော့မှ ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ရေးအတွက် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေး အစိုးရအတွင်းမှာ မဟာမိတ်ဆက်ဆံရေးကော်မတီဆိုတာ ဖွဲ့စည်းထားပါတယ်။ အဲဒီ မဟာမိတ် ဆက်ဆံရေး ကော်မတီကို ဦးဆောင်ပေးတာက အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ပဲ ဖြစ်ပါတယ်။ ဝန်ကြီး၊ ဒုတိယဝန်ကြီးများ ပါဝင်ပြီးတော့ အဲဒီအထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ အထဲမှာ ဝန်ကြီး၊ ဒုတိယဝန်ကြီးအဖြစ် မပါဝင်သော ခေါင်းဆောင်များကိုလည်း ကျွန်တော်တို့ အကြံပေး များအဖြစ် ထည့်သွင်းထားပါတယ်။ ဒီလိုနဲ့ အပတ်စဉ် မဟာမိတ်ဆက်ဆံရေးကော်မတီ အစည်းအဝေး တွေကျင်းပသလို သက်ဆိုင်ရာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအားလုံးနှင့်လည်း ထိတွေ့မှု တွေ ပုံမှန်ဆောင်ရွက်နေပါတယ်။ ထိုနည်းတူ နိုင်ငံရေးပါတီများ၊ အစုအဖွဲ့များ၊ ပြည်နယ်/ဖက်ဒရယ်ယူနစ် အတိုင်ပင်ခံကောင်စီများနှင့်လည်း ပုံမှန်ထိတွေ့မှုတွေ ကျွန်တော်တို့အနေနဲ့ ဆောင်ရွက်နေပါတယ်။ ဒါဟာ မဟာမိတ်ဆက်ဆံရေးကော်မတီက ကျယ်ပြန့်စွာ ဆောင်ရွက်နေသော လုပ်ငန်းတစ်ခုဖြစ်ပါတယ်။
နောက်ဒုတိယတစ်ခုကတော့ အမျိုးသားညီညွတ်ရေးအစိုးရအတွင်းမှာ ကျွန်တော်တို့ ပြည်ထောင်စုအစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်(FSCC)ကို ဖွဲ့စည်းထားပါတယ်။ Federal and State Coordination Commission ပဲဖြစ်ပါတယ်။ ဒီကော်မရှင်မှာ ဥက္ကဋ္ဌကတော့ ယာယီသမ္မတကြီး ဒူဝါလရှီးလ ဖြစ်ပြီးတော့ ဒုတိယဥက္ကဋ္ဌကတော့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦး၏ ဦးဆောင် မှုဖြင့် FSCC ကို ဆောင်ရွက်ပြီးတော့ အဓိကရည်ရွယ်ချက်က (၃) ခု ရှိပါတယ်။ (၁) ကြားကာလတွင် ပြည်ထောင်စုအစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်းရေးဖြစ်ပါတယ်။ ကဏ္ဍအလိုက်ဆိုတဲ့နေရာမှာ ကျွန်တော်တို့ NUG အစိုးရ မှာ ဝန်ကြီးဌာန (၁၇) ခု ရှိပါတယ်။ အဲ့ဒီဝန်ကြီးဌာနအသီးသီးကနေ ပြည်နယ်/ဖက်ဒရယ် ယူနစ်များနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အမြဲတမ်းဆောင်ရွက်နေပါတယ်။ အဲဒါကို ကျွန်တော်တို့ ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်အောင် FSCC က ပံ့ပိုးဆောင်ရွက်ပေးနေပါတယ်။ (၂) ကြားကာလတွင် ပြည်နယ်/ ဖက်ဒရယ် ယူနစ်များတွင် အစိုးရအဖွဲ့ သို့မဟုတ် အုပ်ချုပ်ရေးအဖွဲ့များ ပေါ်ပေါက်နိုင်ရေးအတွက် လိုအပ်သော တိုင်ပင်ဆွေးနွေးမှုများ၊ ပေါင်းစပ်ညှိနှိုင်းမှုများကို ဆောင်ရွက်ရန်ဆိုတာ ဖြစ်ပါတယ်။ အဲဒါကတော့ ဖက်ဒရယ်စနစ်နဲ့ ပြည်ထောင်စုကြီးကို ပြန်လည်တည်ဆောက်ရမှာဖြစ်တဲ့အတွက် ဖက်ဒရယ်စနစ်နဲ့အညီ ပြည်နယ်/ဖက်ဒရယ်ယူနစ်အသီးသီးမှာ အစိုးရတွေ ပေါ်ပေါက်လာဖို့ အရေးကြီးပါတယ်။ ဒီလို ပြည်နယ်/ ဖက်ဒရယ်ယူနစ်အသီးသီးမှာ အစိုးရတွေပေါ်ပေါက်နိုင်ဖို့ ဒါမှမဟုတ် အုပ်ချုပ်ရေးအဖွဲ့တွေ ပေါ်ပေါက် နိုင်ဖို့အတွက် တိုက်တွန်းအားပေးနေတာ ဖြစ်ပါတယ်။ NUG အစိုးရကနေ ပြည်နယ်/ဖက်ဒရယ်ယူနစ်မှာ အစိုးရတွေကို တိုက်ရိုက်ဖွဲ့စည်းပေးမှာ မဟုတ်ပါဘူး။ ဖက်ဒရယ်စနစ်နှင့်အညီ သက်ဆိုင်ရာ ပြည်နယ်/ ဖက်ဒရယ်ယူနစ်များက မိမိတို့၏ ပြည်နယ်/ဖက်ဒရယ်ယူနစ်အစိုးရများကို ဖွဲ့စည်းသွားကြရမှာ ဖြစ်ပါတယ်။ ဒီလိုဖွဲ့စည်းနိုင်ဖို့အတွက် လိုအပ်သော ပေါင်းစပ်ညှိနှိုင်းမှုများကို မိမိတို့အနေဖြင့် ဆောင်ရွက်နိုင်ခြင်းဆိုတာ ကျွန်တော်တို့ရဲ့ ဒုတိယရည်မှန်းချက် ဖြစ်ပါတယ်။ တတိယရည်ရွယ်ချက်ကတော့ ဖက်ဒရယ်စနစ်အရ ဖော်ဆောင်ကျင့်သုံးမယ့် အစိုးရအချင်းချင်းကြား ဆက်ဆံရေးဆိုင်ရာ Inter-Governmental Relationship သည် မဟာဗျူဟာလုပ်ငန်းစဉ်များနှင့် မူဝါဒများ ညှိနှိုင်းဖော်ထုတ်ရန်ဆိုတာ ဖြစ်ပါတယ်။ ဖက်ဒရယ်စနစ် ကို ချီတက်သွားမှာဖြစ်တဲ့အတွက် ဖက်ဒရယ်စနစ်မှာ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရများကြား အစိုးရနှင့်အစိုးရ Government to Government Relationship ကို ထူထောင်သွားမှာ ဖြစ်ပါတယ်။ သို့သော် အခုကာလသည် တော်လှန်ရေးကာလလည်းဖြစ်သလို တည်ဆောက်ရေးကာလလည်း ဖြစ်ပါ တယ်။ ဖက်ဒရယ်စနစ်ကို တည်ဆောက်နေတဲ့ကာလ ဖြစ်တဲ့အတွက်ကြောင့် ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရများကြားမှာ ပေါင်းစပ်ညှိနှိုင်းရေး ဆောင်ရွက်တဲ့အခါ NUG အစိုးရက ဒီလိုလုပ်ပါဆိုပြီး မူဝါဒချပေးမှာ မဟုတ်ပါဘူး။ ပြည်နယ်/ဖက်ဒရယ်ယူနစ်အစိုးရအသီးသီးနှင့်တိုင်ပင်၍ နှစ်ဖက်ညှိနှိုင်းပြီး ပြည်ထောင်စုကြီးအတွက်သော်လည်းကောင်း၊ တော်လှန်ရေးအောင်မြင်ရေးအတွက် သော်လည်းကောင်း လိုအပ်သောမူဝါဒကို အတူတကွ ချမှတ်သွားမှာ ဖြစ်ပါတယ်ဆိုတာ ကျွန်တော့်အနေနဲ့ ဒီမှာတင်ပြလိုပါ တယ်။ FSCC အတွက် ဆောင်ရွက်တဲ့အခါမှာလည်း ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေနဲ့ ဆက်ဆံရန်အတွက် မူဝါဒတွေကိုလည်း ကော်မရှင်ကြီးက ချမှတ်ပေးထားတာ ရှိပါတယ်။ ကော်မရှင်က ချမှတ်ပေးသော မူဝါဒများအတိုင်း အတွင်းရေးမှူးအဖွဲ့က ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေနဲ့ ပုံမှန်ထိတွေ့ဆက်ဆံပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ FSCC ရဲ့ အတွင်းရေးမှူးအဖွဲ့တာဝန်ခံအဖြစ်နဲ့ ကျွန်တော် ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီးက တာဝန်ယူဆောင်ရွက်ပြီးတော့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပူးပေါင်းကာ မိမိတို့နှစ်ဦးက ဦးဆောင်ပြီးတော့ အတွင်းရေးမှူးအဖွဲ့ဝင် (၁၄) ဦးရှိပြီး အကြံပေးတွေလည်း ရှိတယ်ဆိုတာလေးကို ကျွန်တော့်အနေဖြင့် တင်ပြချင်ပါတယ်။
ဒီလို ကျွန်တော်တို့အနေဖြင့် ဆောင်ရွက်နေတဲ့နေရာမှာ အဲဒီ ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေ က ပူးပေါင်းဆောင်ရွက်မှုတွေကို ကျွန်တော်တို့ ပုံမှန်ဆောင်ရွက်နေတဲ့အပြင် တစ်ဖက်မှာလည်း ဒုတိယ မေးခွန်းဖြစ်တဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ ဘုံသဘောတူညီချက်တွေ၊ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် သဘောတူညီချက်တွေ ရရှိတာ ရှိပါသလားဆိုတဲ့ မေးခွန်းကို ဆက်လက်ပြီးတော့ ဖြေကြားလိုပါတယ်။ အဲဒီလို ကျွန်တော်တို့အနေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အခါမှာ အားလုံးသိတဲ့အတိုင်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ K3C လို့ခေါ်တဲ့ KNU, KNPP နဲ့ ချင်းအမျိုးသားတပ်ဦးတို့နှင့် ဘုံသဘောတူညီချက်တွေ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီဘုံသဘောတူညီချက်တွေမှာ အဓိကအရေးကြီးသည့် ရည်ရွယ်ချက် (၆) ရပ် ရှိပါတယ်။ အဲဒီ (၆) ရပ်ကတော့ ကျွန်တော်တို့အနေနဲ့ မျှော်မှန်းချက်တွေ ဖော်ပြပေးတဲ့အပြင် ဦးတည်ချက် (၆) ရပ်က –
- (၁)စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး မြန်မာ့စစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ် ရန်။
- (၂)လက်နက်ကိုင်အဖွဲ့အားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထား သည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်။
- (၃)၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်း၏ ပြန်လည် အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှကို တိုက်ဖျက်ရန်။
- (၄)သက်ဆိုင်သူများအားလုံး လက်ခံသော ဖက်ဒရယ်နှင့်ဒီမိုကရေစီစနစ်တို့ကို အခြေ ခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရန်။
- (၅)ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ရန်။
- (၆)ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူး ပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်ကို ဖော်ထုတ်ရန် Transitional Justice ကို ဆောင်ရွက်ရန်ဆိုသည့် အချက် (၆) ချက်ပဲ ဖြစ်ပါတယ်။
ဒီအချက် (၆) ချက်ကို အခြေခံပြီး တခြားတော်လှန်ရေးအဖွဲ့အစည်းများ၊ အင်အားစုများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တွေရရှိအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက် နေ ပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက် ပြည်သူ့ညီလာခံကြီးမှာ ကျွန်တော်တို့ တင်ပြထားတဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာချက်တစ်ခုကို NUG အနေနဲ့ ကြိုးပမ်း ဆောင်ရွက်နေပါတယ်။ အဲဒီထုတ်ပြန်ကြေညာချက်ထဲမှာ မနှစ်က ကျွန်တော်တို့ ထုတ်ပြန်ကြေညာချက် ထဲမှာ မပါသေးသော အစုအဖွဲ့တွေနဲ့ အထူးတိုင်ပင်ညှိနှိုင်းပြီး ခုနက ကျွန်တော်ဖတ်ပြထားသော ရည်ရွယ်ချက် (၆) ရပ်ပေါ်မှာ အခြေခံပြီးတော့ လုပ်ငန်းစဉ်တွေ၊ တော်လှန်ရေး အောင်မြင်ရေးအတွက် လိုအပ်သောအလုပ်တွေ ဆက်လက်လုပ်နိုင်ဖို့အတွက် NUG, NUCC, NLD, CRPH, CB တို့နှင့်ပေါင်းပြီး ထုတ်ပြန်ကြေညာချက် သဘောတူညီမှုတစ်ခုကိုလည်း ထပ်မံရရှိထားကြောင်းလည်း လေးစားစွာဖြင့် တင်ပြလိုက်ပါတယ်။
အခု ဒုတိယမေးခွန်းဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြခံဥပဒေရေးဆွဲခြင်းလုပ်ငန်းကို ဘယ်လိုဆောင်ရွက်နေသလဲဆိုတဲ့ မေးခွန်းကို ကျွန်တော် ဖြေကြားသွားမှာ ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁) နှင့် အစိတ်အပိုင်း (၂) တို့တွင် ဘယ်လိုဖော်ပြထားသလဲဆိုတော့ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေကို တော်လှန်ရေးကာလ၊ ကြားကာလတွင် ရေးဆွဲပြဋ္ဌာန်းရမယ်ဆိုပြီးတော့ ကျွန်တော်တို့ ရဲ့ Road Map ထဲ မှာ၊ နိုင်ငံရေးလမ်းပြမြေပုံထဲမှာ ပါဝင်ပါတယ်။ ထိုနိုင်ငံရေးလမ်းပြမြေပုံနှင့်အညီ အမျိုးသားညီညွတ်ရေး အစိုးရနဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီတို့ ပူးပေါင်းပြီးတော့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှာ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအတွက် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ ပါတယ်။ အဲဒါကတော့ TCWG လို့ ခေါ်ပါတယ်။ Transitional Constitution Working Group လို့ ခေါ်ပါ တယ်။ ဒီကော်မတီကနေ ကျွန်တော်တို့ ဩဂုတ်လမှာ ဖွဲ့စည်း၍ လုပ်ငန်းများကို ဆောင်ရွက်ပြီး မျှော်လင့် ပေမယ့် နိုဝင်ဘာလတွင် တစ်ဆို့မှုများရှိခဲ့ပါတယ်။ ထို့အတွက် NUCC အောက်တွင် ဖွဲ့စည်းလိုက်သော TCWG က လုပ်ငန်းဆက်မလုပ်နိုင်တော့ပါဘူး။ သို့သော် NUG က TCWG တွင် ပါဝင်မှုအတွက် ရွေးချယ် ထားသော ကိုယ်စားလှယ်တွေကို ပံ့ပိုးကူညီရန်အတွက် အသွင်ကူးပြောင်းရေးကာလ ဖွဲစည်းပုံအခြေခံ ဥပဒေ ကြိုတင်ပြင်ဆင်ရေးကော်မတီကို TCPC လို့ခေါ်တဲ့ Transitional Constitution Preparation Committee ကို ဖွဲစည်းခဲ့ပါတယ်။ အဲ့ဒီကော်မတီက NUCC ထဲမှာ လုပ်ငန်းများရပ်ဆိုင်းထားပေမယ့် NUG ထဲမှာတော့ ဆက်လက်ဆောင်ရွက်နေပါတယ်။ အဲ့ဒီကော်မတီ TCPC သည် လုပ်ငန်းတွေကို ဆောင်ရွက်ပြီးတော့ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် ပထမမူကြမ်းကို ပြီးစီးခဲ့ပါတယ်။ ယင်းမူကြမ်းကို အစိုးရအဖွဲ့ထံ Cabinet အစည်းအဝေးမှာ တင်သွင်းပြီးတော့ မှတ်တမ်းတင်ဆောင်ရွက်ခဲ့ပါတယ်။ ဒီလို မှတ်တမ်းတင်ဆောင်ရွက်ပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့ NUG အစိုးရအတွင်း ဝန်ကြီး၊ ဒုတိယဝန်ကြီး အားလုံးက ဖက်ဒရယ်စနစ်နှင့်အညီ ရေးဆွဲပြဋ္ဌာန်းဖို့ ပြင်ဆင်ထားသော Transitional Constitution ကို အားလုံးနားလည်အောင် ပြင်သင့်တယ်ဆိုပြီး ထပ်မံဆွေးနွေးသဖြင့် (၁၂) ပတ်တိုင်တိုင် အချိန်ယူပြီးတော့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီ ဆွေးနွေးမှုကရလာတဲ့ ဒုတိယမူကြမ်းကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၉ ရက် နေ့တွင် ဒုတိယအကြိမ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ယင်းကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) သို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ကျွန်တော်တို့ တရားဝင် ပေးပို့ခဲ့ပါတယ်။ ဒီလို ပေးပို့ခဲ့သည့် မူကြမ်းကို ၂၀၂၄ ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့ညီလာခံကြီးတွင် မိမိကိုယ်တိုင် တင်သွင်းခဲ့ပါတယ်။ အဲဒီအပေါ်မှာအခြေခံပြီးတော့ ၂၀၂၄ ခုနှစ်၊ ဧပြီလမှစပြီး ဩဂုတ်လ အထိ ကျွန်တော်တို့ TCWG ကို ပြန်လည်အသက်သွင်းပြီးတော့ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးလုပ်ငန်းကို ဆောင်ရွက်နေခဲ့ကြပါတယ်။ သို့သော် Online ကနေ လုပ်နေတာ သိပ်အဆင်မပြေတဲ့အတွက် လူချင်းတွေ့ဆုံနိုင်သူများကို လူချင်းတွေ့ပြီး လူချင်းမတွေ့နိုင်တဲ့သူကို Online ကနေ Join ပြီးတော့ Hybrid နှင့် အလုပ်တွေလုပ်ပါတယ်။ ဒီလိုလုပ်တော့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ တွင် လူချင်းတွေ့သည့်ပွဲနှင့် Online နှင့်ပေါင်းစပ်ထားသည့် Hybrid အစည်းအဝေးကနေ အသွင်ကူး ပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေလို့ ကျွန်တော်တို့ ရေးလိုက်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေ စံချိန် စံညွှန်းနှင့် ညီရမှာဖြစ်သည့်အတွက် အသွင်ကူးပြောင်းရေးကာလမှာ တစ်ဆို့မှုတွေ၊ အခက်အခဲတွေက အများကြီးရှိနိုင်တယ်။ ထို့အတွက်ကြောင့် ပြောင်းလွယ် ပြင်လွယ်ဖြစ်အောင် ကျွန်တော်တို့ အခြေခံမူ (၁၂) ချက်ကို ချမှတ်ပြီးတော့ အဲဒီ (၁၂)ချက်နှင့်အညီ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟု မခေါ်တော့ဘဲ ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာအခြေခံဥပဒေ Article of Federal Transitional Arrangement (AFTA) ဆိုပြီး ရေးဆွဲရန် သဘောတူခဲ့ပါတယ်။ အဲဒီ သဘောတူညီချက် အတိုင်းသာ ကျွန်တော်တို့အနေနဲ့ ဆောင်ရွက်နေပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါ TCWG တွင် ပါဝင်သည့် NUG, NUCC တို့သာမက တိုင်းရင်းသားအဖွဲ့အစည်း (၉) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် Multi Ethnic Council တွေနှင့်လည်း ပေါင်းစပ်ပြီးတော့ နီးနီးကပ်ကပ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေပါတယ်ဆိုတာ ကျွန်တော့်အနေနဲ့ လေးစားစွာဖြင့် တင်ပြလိုပါတယ်။ အဲ့လို AFTA လုပ်ငန်းဟာ ၂၀၂၄ ခုနှစ်၊ စက်တင် ဘာလမှာ တစ်ခါ၊ နိုဝင်ဘာလမှာ တစ်ခါ၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှာ တစ်ခါ မြေပြင်မှာ လူချင်းတွေ့သည့် အစည်းအဝေးများ ကျင်းပပြီးတော့ အဲ့ဒီ AFTA မှာပါတဲ့ မာတိကာတွေကို ကျွန်တာ်တို့ သဘောတူနိုင်ပါ တယ်။ လုပ်ငန်းတွေစပြီးဆောင်ရွက်လိုက်တော့ ကျွန်တာ်တို့အနေနဲ့ အခန်း (၆) ခုလောက်ကို ကျွန်တော် တို့ မူကြမ်းတွေ စုစည်းနိုင်ပြီး၊ ပြင်ဆင်မှုတွေလုပ်နိုင်ပြီး အတတ်နိုင်ဆုံး၊ အမြန်ဆုံးပြီးစီးအောင် ပထမ မူကြမ်းကို ပြီးစီးအောင်ဆောင်ရွက်ပြီး လူထုထံ ကျယ်ကျယ်ပြန့်ပြန့်နဲ့ Public Consultation လူထုနှင့် တိုင်ပင်မှုတွေလုပ်မယ်။ အဲဒီလို လူထုနဲ့တိုင်ပင်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ပြီးတော့ လူထု၏ သဘောထား၊ လူထု၏ အမြင်ဆန္ဒကို စုစည်းပြီးတော့ အတည်ပြုနိုင်ဖို့အတွက် ဆက်ပြီး ကြိုးပမ်း ဆောင်ရွက်မယ်ဆိုတာ ကျွန်တော့အနေဖြင့် တင်ပြလိုပါတယ်။ ကျွန်တော်တို့ AFTA လို့ခေါ်တဲ့ ဖက်ဒရယ် အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာအခြေခံဥပဒေကို ရေးဆွဲသည့်အခါမှာ Bottom Up Federalism လို့ခေါ်တဲ့ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးဆိုတဲ့ အခြေခံမူနဲ့ ကျွန်တော်တို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါဟာလည်း တိုင်းပြည်ရဲ့ အခြေအနေ၊ တိုင်းရင်းသား လူမျိုးပေါင်းစုံရဲ့ လိုလားချက်၊ ပင်လုံစာချုပ်ချုပ်ဆိုကတည်းက ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်ကြီး များ မျှော်မှန်းထားတဲ့ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်ဆိုတာကို လေးစားစွာ တင်ပြပြီးတော့ မေးခွန်းကို ဖြေကြားအပ်ပါတယ်။
အားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။


