(၆-၂-၂၀၂၅) ရက်နေ့၊ ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ်အစည်းအဝေး ဒုတိယနေ့တွင် မွန်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၉) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်သန်း၏ မေးခွန်းအား အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဦးတင်ထွန်းနိုင်၏ ဖြေကြားချက်
ဦးလှမြင့်သန်း (မဲဆန္ဒနယ်အမှတ်-၉၊ မွန်ပြည်နယ်)။ လေးစားအပ်ပါသော ပြည်ထောင်စု လွှတ်တော် နာယကကြီးနှင့်တကွ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဧည့်သည်တော်များကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ မွန်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၉)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်သန်း ဖြစ်ပါတယ်။
သတ္တမအကြိမ် ပြည်ထောင်စုလွှတ်တော်မှာ ကျွန်တော်မေးမြန်းလိုတဲ့ မေးခွန်းကတော့ ၂၀၂၁-၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်မှစပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ MOPFI ဝန်ကြီးဌာနက ဝန်ကြီးဌာနများနဲ့ CRPH အပါအဝင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများသို့ လစဉ်ရန်ပုံငွေကျပ် သိန်း (၁၀၀/ ၁၅၀) ဆီကို ခွဲဝေပေးခဲ့သည်မှာ ဘဏ္ဍာရေးနှစ် (၃) နှစ်တိုင်ရှိခဲ့ပြီလို့ သိရပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးဌာနများ၊ CRPH အပါအဝင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများသို့ ဘဏ္ဍာရေး နှစ်အလိုက် ရန်ပုံငွေများ ခွဲဝေချထားပေးခဲ့တာမှာ စုစုပေါင်း မည်မျှရှိပြီကိုလည်းကောင်း၊ ရန်ပုံငွေ ခွဲဝေ ချထားခဲ့သော ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနဲ့ ဝန်ကြီးဌာနအားလုံးရဲ့ ရ/သုံး ငွေစာရင်းကို သက်ဆိုင်ရာအဖွဲ့အစည်းများ၌ စနစ်တကျ ပြုစုထားရှိခြင်း ရှိ/မရှိကိုလည်းကောင်း၊ ဘဏ္ဍာရေး (၃) နှစ် အတွင်း ပိုလျှံရန်ပုံငွေများကို MOPFI အား ပြန်လည်အပ်နှံခြင်း ရှိ/မရှိတို့နှင့် စပ်လျဉ်းတဲ့ မေးခွန်း ဖြစ်ပါတယ်။
သတ္တမအကြိမ် ပြည်ထောင်စုလွှတ်တော်မှာ ကျွန်တော်မေးမြန်းလိုတဲ့ မေးခွန်းကတော့ ၂၀၂၁-၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်မှစပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ MOPFI ဝန်ကြီးဌာနက ဝန်ကြီးဌာနများနဲ့ CRPH အပါအဝင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများသို့ လစဉ်ရန်ပုံငွေကျပ် သိန်း (၁၀၀/ ၁၅၀) ဆီကို ခွဲဝေပေးခဲ့သည်မှာ ဘဏ္ဍာရေးနှစ် (၃) နှစ်တိုင်ရှိခဲ့ပြီလို့ သိရပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးဌာနများ၊ CRPH အပါအဝင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများသို့ ဘဏ္ဍာရေး နှစ်အလိုက် ရန်ပုံငွေများ ခွဲဝေချထားပေးခဲ့တာမှာ စုစုပေါင်း မည်မျှရှိပြီကိုလည်းကောင်း၊ ရန်ပုံငွေ ခွဲဝေ ချထားခဲ့သော ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနဲ့ ဝန်ကြီးဌာနအားလုံးရဲ့ ရ/သုံး ငွေစာရင်းကို သက်ဆိုင်ရာအဖွဲ့အစည်းများ၌ စနစ်တကျ ပြုစုထားရှိခြင်း ရှိ/မရှိကိုလည်းကောင်း၊ ဘဏ္ဍာရေး (၃) နှစ် အတွင်း ပိုလျှံရန်ပုံငွေများကို MOPFI အား ပြန်လည်အပ်နှံခြင်း ရှိ/မရှိတို့နှင့် စပ်လျဉ်းတဲ့ မေးခွန်း ဖြစ်ပါတယ်။
လေးစားအပ်ပါသော နာယကကြီးခင်ဗျာ။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယခုလို စစ်ရေးအရေးကြီးနေချိန်မှာ အရေးတကြီး မလိုအပ်တဲ့ အသုံးစာရိတ်များကို လျှော့ချပြီး စစ်ရေးမှာ ပုံအောသုံးစွဲကြဖို့ ပြောကြားထားတာကို သိရှိရပါတယ်။ ကမ္ဘာ့အဖွဲ့အစည်း အချို့ ကပင် တော်လှန်ရေးအဖွဲ့အစည်းများထဲမှ NUG ဟာ ရန်ပုံငွေရှာရာမှာ အလွန်သန့်ရှင်းတဲ့ နည်းလမ်းနဲ့ ကြိုးစားရှာဖွေထားတယ်လို့ အသိအမှတ်ပြု ချီးကျူးမှုလည်း ရှိထားပါတယ်။ အဓိက ရန်ပုံငွေရှာသူ MOPFI က ကြိုးစားရှာထားတဲ့ ဘဏ္ဍာငွေများနဲ့ အခြားကရရှိထားတဲ့ ဘဏ္ဍာငွေဟူသမျှကို ဒီလိုတော်လှန်ရေး ကာလမှာ အလေအလွင့်မရှိဘဲနဲ့ ထိရောက်စွာ သုံးစွဲနိုင်ကြမှသာ တော်လှန်ရေး အမြန်အောင်မြင်ရေးကို အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။ တော်လှန်ရေး အမြန်ပြီးမြောက်အောင်မြင်ရေးနှင့်အတူ ပြည်သူ လူထုရဲ့အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုများနှင့် နိုင်ငံအဖက်ဖက်က ယိုယွင်းပျက်စီးကျဆင်းမှုတို့ ကို ရပ်တန့်သွားမှာဖြစ်ပါတယ်။ တော်လှန်ရေး အမြန် အောင်မြင်ဖို့ စစ်ရေးအတွက်ငွေ အလွန်လိုအပ်နေ တဲ့ ကာလလည်း ဖြစ်ပါတယ်။ အခက်အခဲတွေ ရှိနိုင်လို့ တော်လှန်ရေးကာလနဲ့လျော်ညီတဲ့ ဘဏ္ဍာရေး စည်းမျဉ်းများကိုလည်း MOPFI က ရေးဆွဲပြီး လိုအပ်သလို ညွှန်ကြားထားမယ်လို့ မျှော်လင့်ပါတယ်။ သတ်မှတ်စည်းမျဉ်းများနှင့်အညီ ပြည်သူ့ဘဏ္ဍာငွေကို စနစ်တကျသုံးစွဲ စာရင်းပြုစုကြရမှာလည်း ဖြစ်ပါတယ်။
လေးစားအပ်ပါသော နာယကကြီးခင်ဗျာ။ NUG အစိုးရအဖွဲ့မှာ ခန့်ထားတဲ့ နိုင်ငံတော် စာရင်းစစ်ချုပ် နုတ်ထွက်သွားခဲ့ပြီး နောက်ထပ်ပြန်လည် အစားထိုးခန့်အပ်ထားမှု မရှိသေးတာကိုလည်း သိရှိရပါတယ်။ စာရင်းစစ်ချုပ်အသစ် မခန့်အပ်ရသေးခင်အချိန်မှာ ရ၊ သုံး ငွေစာရင်းများကို ဘယ်ဌာနက ဘယ်လိုစိစစ်နေပါသလဲ။ စိစစ်ကြီးကြပ်ဖို့ လိုအပ်ပါတယ်။ ဝန်ကြီးဌာနအချို့နဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအချို့ဟာ နိုင်ငံတော်ဘဏ္ဍာ ရ၊ သုံး စာရင်းများကို စနစ်တကျ ပြုစုမှုမရှိဘဲ MOPFI သို့ ဘဏ္ဍာငွေ (၄) နှစ်ကုန်တဲ့အခါ ရ၊ သုံး ငွေစာရင်းများကို ဝတ္တရားကျေ လုံးပေါင်း တင်ပြကြခြင်းနှင့် ဘဏ္ဍာရေးနှစ်ကျော်တဲ့တိုင် ပိုလျှံငွေတွေကို ပြန်လည်အပ်နှံခြင်းမပြုဘဲ လက်ဝယ်ကိုင်ထားကြတယ်ဆိုတဲ့ သတင်းစကားကို ကြားသိနေရပါတယ်။ ပိုလျှံငွေများကို လက်ဝယ်ကိုင်ထားတဲ့ သတင်းများ မှန်ကန်ပါက စည်းမျဉ်းနှင့်မညီသလို မှားယွင်းသုံးစွဲမိပါကလည်း တည်ဆဲဥပဒေနှင့် ငြိစွန်းသွားနိုင်လို့ စိုးရိမ်မိပါတယ်။ ဒီလိုမျိုးသတင်းတွေ ကြားနေရချိန်မှာပဲ ဝန်ကြီးဌာနတစ်ခုက Auditable ဖြစ်စေရန် ဆောင်ရွက်နေပါတယ် လို့ ဝန်ကြီးကိုယ်တိုင်က ရှင်းပြတာကို အားရကျေနပ်စွာ ကြားသိရပါတယ်။
လေးစားအပ်ပါသော နာယကကြီးခင်ဗျာ။ ဒါကြောင့် အချို့သော ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများအနေနဲ့ ရ၊ သုံး မှန်းခြေ ငွေစာရင်းများကို စနစ်တကျထားရှိကြစေ ရေး ကြီးကြပ်ရန်နဲ့ စစ်ရေးမှာ ပုံအောသုံးစွဲနိုင်ဖို့ ပိုလျှံငွေရှိနေခဲ့လျှင် ပိုလျှံငွေရှိနေတဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနဲ့ ဝန်ကြီးဌာနများက ပိုလျှံငွေများကို MOPFI သို့ အမြန်ဆုံး ပြန်လည်အပ်နှံစေဖို့ လိုအပ် ပါတယ်။ ဒါမှသာ NUG ဝန်ကြီးချုပ်ကြီး လမ်းညွှန်ခဲ့တဲ့အတိုင်း စစ်ရေးမှာ ပုံအောအသုံးပြုနိုင်ပြီး တော်လှန် ရေး အမြန်အောင်မြင်ရေး အထောက်အကူဖြစ်စေလိုတာကြောင့် ဒီမေးခွန်းကို မေးရခြင်း ဖြစ်ပါတယ် ခင်ဗျာ။ တော်လှန်ရေး အမြန်အောင်မြင်ပြီး ပြည်ထောင်စုသားအားလုံး ငြိမ်းချမ်းပြုံးပျော်နိုင်ကြပါစေ။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ဦးတင်ထွန်းနိုင် (ပြည်ထောင်စုဝန်ကြီး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန)။ လေးစားရတဲ့ ပြည်ထောင်စုလွှတ်တော် နာယကကြီးနဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ အားလုံး ကျွန်တော်တို့ရဲ့ ဒီနေ့ လွှတ်တော်အစည်းအဝေးကို ပြည်တွင်းပြည်ပ နိုင်ငံတစ်ဝန်းကနေ ကြည့်ရှုနေကြတဲ့ ပြည်သူလူထုအပေါင်းကို မင်္ဂလာပါလို့ ဦးစွာ ဂါရဝပြု နှုတ်ခွန်းဆက်သအပ်ပါတယ်။ ဒီကနေ့ မွန်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၉)က လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးလှမြင့်သန်းရဲ့ မေးခွန်း ကို ကျွန်တော့်အနေနဲ့ ပြန်လည်ဖြေကြားသွားမှာ ဖြစ်ပါတယ်။
မေးခွန်းတွင် အဓိကအားဖြင့် အပိုင်း (၃) ပိုင်းပါတယ်လို့ ကျွန်တော်အနေနဲ့ လေ့လာ နားလည် မိပါတယ်။ ပထမပိုင်းတွင် ပြီးခဲ့သည့် ဘဏ္ဍာရေး (၃) နှစ်တာကာလမှာ အမျိုးသားညီညွတ်ရေးအစိုးရ ရှာဖွေရရှိခဲ့တဲ့ ဘဏ္ဍာရန်ပုံငွေ မည်၍မည်မျှရှိခဲ့ပြီး အဆိုပါဘဏ္ဍာငွေကို မည်သို့မည်ပုံ သုံးစွဲနေကြောင်း မေးမြန်းထားသည့်အပိုင်း ဖြစ်ပါတယ်။ ဒုတိယအပိုင်းအနေနဲ့ အဆိုပါ အရ၊ အသုံးစာရင်းတွေကို စနစ်တကျ ပြုစုထားခြင်း ရှိ/မရှိနှင့် မည်ကဲ့သို့ ထိန်းကျောင်းဆောင်ရွက်နေကြောင်း မေးမြန်းထားတာကို တွေ့ရပါ တယ်။ နောက်ဆုံးအနေနဲ့ ရန်ပုံငွေတွေကို စီမံဘဏ္ဍာဝန်ကြီးဌာနသို့ ပြန်လည်အပ်နှံခြင်းရှိ/မရှိ မေးမြန်း ထားတာ ဖြစ်ပါတယ်။
နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ တော်လှန်ရေးကာလနှင့်လျော်ညီတဲ့ ကြားကာလဘဏ္ဍာရေးဆိုင်ရာ မူဝါဒတစ်ရပ် ရေးဆွဲ ထားရှိပြီးတော့ အဲဒီမူဝါဒနဲ့အညီ ဘဏ္ဍာငွေ အရ၊ အသုံးဆိုင်ရာ မူဝါဒများ ချမှတ်အကောင်အထည်ဖော်၍ ဆောင်ရွက်လျက်ရှိပါတယ်။ အထူးအားဖြင့် အသုံးစရိတ်မူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ကျွန်တော်တို့အနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာန တစ်နည်းအားဖြင့် စစ်ရေးကဏ္ဍကို အထူးဦးစားပေး ကဏ္ဍအဖြစ် သတ်မှတ်ထားရှိပြီး ဒီနေ့ဒီအချိန်ထိ ရရှိထားသမျှ ဘဏ္ဍာငွေအားလုံးရဲ့ (၉၄) ရာခိုင်နှုန်းကျော် ကို ကာကွယ်ရေးကဏ္ဍမှာပဲ ပုံအောပြီးသုံးစွဲလျက်ရှိကြောင်း ဦးစွာအသိပေးတင်ပြအပ်ပါတယ်။ ကျန်တဲ့ အသုံးစရိတ် (၆) ရာခိုင်နှုန်းကို ကြည့်ပြန်ရင်လည်း ကာကွယ်ရေး၊ စစ်ရေးနဲ့ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်ဆက်စပ်သည့် အထောက်အကူပြု ဆေးရုံ၊ ဆေးခန်း၊ ဆေးဝါး အသုံးစရိတ်တွေ၊ ဒဏ်ရာရ ရဲဘော်တွေနဲ့ စစ်ဆင်ရေးမှာ အခြားလိုအပ်တဲ့ ကုသရေးစရိတ်တွေ၊ စစ်ဘေးဒဏ်သင့် ပြည်သူတွေအတွက် ပြန်လည် ကူညီကယ်ဆယ်ထောက်ပံ့ရေး အသုံးစရိတ်များကိုသာ အထူးဦးစားပေး အသုံးပြုလျက်ရှိ ကြောင်းကို အသိပေးတင်ပြအပ်ပါတယ်။
ဘဏ္ဍာရန်ပုံငွေရရှိမှုအနေနဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ စတင်ဖွဲ့စည်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဧပြီလကနေ စက်တင်ဘာလအထိ ဘဏ္ဍာနှစ်တစ်နှစ်၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာကနေပြီးတော့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလကုန် ဘဏ္ဍာရေးနှစ်တစ်နှစ်နဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့ကနေပြီး တော့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ လကုန်အထိ ပြီးခဲ့သည့် ဘဏ္ဍာနှစ် (၃) နှစ်တာကာလမှာ အမေရိကန် ဒေါ်လာ (၁၄၅.၁၀၄) သန်း၊ စင်္ကာပူဒေါ်လာ (၀.၂၄) သန်း၊ ထိုင်းဘတ် (၆၂.၉၂၅) သန်းနှင့် မြန်မာကျပ်ငွေ (၂၈.၁၇၁) ဘီလီယံ ရရှိခဲ့ပါတယ်။ အဆိုပါရငွေ စာရင်းပေါင်းသည် မေးခွန်းနှင့် သက်ဆိုင်သည့် ဘဏ္ဍာ ရေးနှစ် (၃) နှစ်တာကာလအတွက်သာဖြစ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်နှင့် လက်ရှိ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ နှစ်နှင့် စပ်လျဉ်းတဲ့ ရငွေစာရင်းများ ပါဝင်ခြင်း မရှိသေးပါကြောင်းကိုလည်း လေးစားစွာ အသိပေး တင်ပြအပ်ပါတယ်။
ထို့အပြင် အဆိုပါ စုစုပေါင်းရငွေမှာ ကျွန်တော်တို့ အမျိုုးသားညီညွတ်ရေးအစိုးရ တိုက်ရိုက် အကောင်အထည်ဖော်ဆောင်ရွက်တဲ့ ငွေတိုက်စာချုပ် ရောင်းချခြင်းနှင့်စပ်လျဉ်းတဲ့ ဝင်ငွေတွေ၊ အကြမ်းဖက် စစ်တပ်ပိုင် အိမ်ခြံမြေတွေကို ရောင်းချတဲ့ EOD Program၊ နွေဦးထီစတဲ့ စီမံကိန်းတွေကနေ ရရှိခဲ့တဲ့ ဝင်ငွေတွေအပြင် PRF အစီအစဉ်၊ ကိုရီးယားရောက် တော်လှန်ပြည်သူတွေရဲ့ One Day Challenge အစီအစဉ်တွေနဲ့ အလားတူ ဘဏ္ဍာရန်ပုံငွေရှာဖွေရေး Campain များစွာမှ ရရှိလာခဲ့တဲ့ ဝင်ငွေတွေနဲ့ ပြည်တွင်းပြည်ပကနေ ခေါင်းစဉ်မျိုးစုံဖြင့် ဝန်ကြီးဌာနအသီးသီးကို သီးသန့်လှူဒါန်းထောက်ကူတဲ့ ဝင်ငွေ တွေ အားလုံး စာရင်းသွင်းပါဝင်ကြောင်းကိုလည်း ရှင်းလင်းတင်ပြအပ်ပါတယ်။
လေးစားရတဲ့ နယကကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ။ ကျွန်တော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရအနေနဲ့ ဝန်ကြီးဌာနတွေရဲ့ ဘတ်ဂျက်လျာထားသုံးစွဲမှုများကို နည်းလမ်း (၂)သွယ်ဖြင့် ဆုံးဖြတ်ခွင့်ပြု ထိန်းကျောင်းစီမံလျက်ရှိပါတယ်။ ကာကွယ်ရေး၊ စစ်ရေးနှင့် သက်ဆိုင်တဲ့ ဘက်ဂျက် လျာထားသုံးစွဲမှုကို ယာယီသမ္မတနှင့် ဝန်ကြီးချုပ်တို့အမှူးပြုတဲ့ လုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီ အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ကြပြီးတော့ ကာကွယ်ရေးကဏ္ဍကလွဲလို့ ကျန်ကဏ္ဍတွေရဲ့ ဘတ်ဂျက် ဆိုင်ရာ ကိစ္စအဝဝကိုတော့ အစိုးရအဖွဲ့ဝင်များအားလုံးပါဝင်သော ဘဏ္ဍာရေးကော်မရှင်မှာ တင်ပြ ဆွေးနွေးဆုံးဖြတ်ကြပါတယ်။ ထို့အပြင် ဝန်ကြီးဌာနအသီးသီးအနေဖြင့် မိမိတို့ဝန်ကြီးဌာနများရဲ့ လစဉ် အရ၊ အသုံးစာရင်းများကို ချမှတ်ထားသော ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများနှင့် အညီ ပြုစု၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနသို့ လစဉ်ဘတ်ဂျက်အစီရင်ခံစာ တစ်နည်းအားဖြင့် ပြောရလျှင် အရ၊ အသုံးစာရင်းချုပ်ကို ပေးပို့လျက်ရှိပါတယ်။ ထိုကဲ့သို့ ပေးပို့လာတဲ့ လစဉ် အရ၊ အသုံးစာရင်းများကို စုစည်း၍ သက်ဆိုင်ရာ ဘဏ္ဍာနှစ်ကုန်ဆုံးသည့်အခါတိုင်း အစိုးရ တစ်ရပ်လုံး၏ အနှစ်ချုပ်စာရင်းအဖြစ် ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ ပြုစုထိန်းသိမ်းထားရှိပါကြောင်း ကိုလည်း လေးစားစွာ အသိပေးတင်ပြအပ်ပါတယ်။
တစ်ဆက်တည်းမှာ ကိုယ်စားလှယ်တော်ကြီး ထောက်ပြမေးမြန်းသွားတဲ့ စာရင်းစစ်ချုပ်ရုံးနှင့် စပ်လျဉ်းတာကိုလည်း တင်ပြလိုပါတယ်။ လက်ရှိကာလမှာ စာရင်းစစ်ချုပ်ရာထူးမှာ လစ်လပ်နေတာ မှန်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကလည်း လစ်လပ်သွားတဲ့ စာရင်းစစ်ချုပ်ရာထူးကို အစားထိုး ခန့်အပ် နိုင်ရေးအတွက် တော်လှန်ရေးကာလရဲ့ ပေးထားချက်တွေကြားထဲကနေ ကြိုးစားဆောင်ရွက်နေပါတယ်။ သို့သော်လည်းပဲ ယနေ့အချိန်ထိတော့ ကျွန်တော်တို့အနေနဲ့ စာရင်းစစ်ချုပ်ရာထူးကို အစားထိုးခန့်အပ် နိုင်ခြင်းတော့ မရှိသေးပါဘူး။ သို့သော် ကျွန်တော်တို့ စာရင်းစစ်ချုပ်ရာထူး မရှိသော်လည်း အမျိုုးသား ညီညွှတ်ရေးအစိုးရတွင် စာရင်းစစ်ချုပ်ရုံးဆိုတာကတော့ ဆက်လက်ပြီးတော့ လည်ပတ်နေတာ ဖြစ်ပါတယ်။ နောက်တစ်ချက်မှာ စာရင်းစစ်ချုပ်ရုံးကနေ ထုတ်ပြန်ထားတဲ့ စာရင်းစစ်ဆေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း များနဲ့ အစီအမံများလည်း ရှိပြီးသား ဖြစ်ပါတယ်။ စာရင်းစစ်ဆေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ စာရင်းစစ်ခြင်းကို စာရင်းစစ်ချုပ်ရုံးကနေပြီးတော့ ဝန်ကြီးဌာနအသီးသီးနဲ့ နိုင်ငံတော်အဆင့် အဖွဲ့အစည်း များက ပထမအဆင့်အနေနဲ့ တင်ပြတောင်းဆိုရတာ ဖြစ်ပါတယ်။ အဲ့ဒီလို တင်ပြတောင်းဆိုလာတဲ့ အပေါ်မှာမူတည်ပြီးတော့ စာရင်းစစ်ချုပ် လတ်တလောမှာ မရှိသော်လည်း စာရင်းစစ်ချုပ်ကနေပြီးတော့ လိုအပ်တဲ့ စစ်ဆေးမှုများကို သက်ဆိုင်ရာတောင်းဆိုတဲ့ ဝန်ကြီးဌာနများ၊ အစိုးရအဆင့် အဖွဲ့အစည်းများ နှင့် ပေါင်းစပ်ပြီးတော့ ညှိနှိုင်းဆောင်ရွက်ရတာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ စာရင်းစစ် ချုပ်ရာထူး လစ်လပ်နေသော်လည်း စာရင်းစစ်ချုပ်ရုံး၏ လုပ်ငန်းတာဝန်များ ပျက်ကွက်လစ်ဟာနေတယ် လို့တော့ ကျွန်တော်တို့ ပြောလို့မရကြောင်းကို ကျွန်တော့်အနေနဲ့ လေးစားစွာတင်ပြအပ်ပါတယ်။
နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ။ လက်ရှိကာလဟာ တော်လှန်ရေးကာလ ဖြစ်တာနဲ့အညီ အသုံးစရိတ်အားလုံးရဲ့ (၉၄) ရာခိုင်နှုန်းကျော်ကို ကာကွယ်ရေး၊ စစ်ရေးကဏ္ဍမှာ ပုံအော သုံးစွဲလျက်ရှိကြောင်း တင်ပြခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ အသုံးစရိတ်များနှင့်စပ်လျဉ်းတဲ့ အသေးစိတ် အချက်အလက်များကို တော်လှန်ရေးအလွန်ကာလ ပုံမှန်အစိုးရတစ်ရပ်ကဲ့သို့ ဘတ်ဂျက်ဆိုင်ရာ ပွင့်လင်း မြင်သာမှုကို ဆောင်ရွက်နိုင်ရန် အခြေအနေပေးလာတဲ့အခါ တာဝန်ယူမှုတာဝန်ခံမှုရှိစွာဖြင့် ရှင်းလင်း အစီရင်ခံသွားမည်ဖြစ်ပါကြောင်းနှင့် ထိုကဲ့သို့ဆောင်ရွက်နိုင်ရန် စာရင်းအင်းများကို စနစ်တကျ ပြုစု ပြင်ဆင် မှတ်တမ်းတင်ထားရှိပါကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်။
နောက်ဆုံးအနေနဲ့ ပိုလျှံရန်ပုံငွေများနဲ့ စပ်လျဉ်းတဲ့ကိစ္စကို ကျွန်တော်တင်ပြလိုပါတယ်။ ကျွန်တော်တို့ အမျိုုးသားညီညွတ်ရေးအစိုးရသည် တော်လှန်ရေးကာလ အစိုးရဖြစ်ပါတယ်။ တစ်ဖက်မှာ လည်း တော်လှန်ရေးကာလအစိုးရဖြစ်တဲ့အတွက်မို့ ပုံမှန်အစိုးရများကဲ့သို့ ကျွန်တော်တို့အနေနဲ့ နှစ်အလိုက် ဘတ်ဂျက်ကို ဒီနှစ်ကတော့ ဘဏ္ဍာရန်ပုံငွေ မည်၍မည်မျှရရန်ရှိတယ်၊ နိုင်ငံတကာ ကူညီထောက်ပံ့တာ တွေက မည်၍မည်မျှ ရရန်ရှိတယ်ဆိုတဲ့ ဘတ်ဂျက်ကြိုတင်ခန့်မှန်းနိုင်မှုအခြေအနေက ကျွန်တော်တို့ အတွက် အကန့်အသတ်နဲ့ စိန်ခေါ်မှုများစွာ ရှိပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွှတ်ရေးအစိုးရအနေ နဲ့က ဘတ်ဂျက်နဲ့ပတ်သက်လာလျှင် ကြိုးစားပြီးတော့ အခါအခွင့်နှင့် ပြည်သူလူထု၏ လိုက်ပါနိုင်စွမ်း ပေါ်ကို မူတည်ပြီးတော့ ဘဏ္ဍာရန်ပုံငွေကို ရှာဖွေရတာ ဖြစ်ပါတယ်။ ဒါကြောင့် နှစ်အလိုက် ဘယ်ဝန်ကြီး ဌာနကတော့ ဒီနှစ်မှာ ဘယ်လောက်သုံးချင်ပါတယ်ဆိုတဲ့ ဘတ်ဂျက်ခန့်မှန်းမှုမျိုး ရေးဆွဲတင်ပြလာဖို့ အတွက်က ကျွန်တော်တို့အတွက် အခြေအနေမပေးပါဘူး။ အဲ့ဒီလိုရေးဆွဲတင်လာခဲ့သည့်တိုင် ကျွန်တော် တို့ဟာ တင်ပြလာတဲ့ ဘတ်ဂျက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ဖို့ဆိုတာက နှစ်တစ်နှစ် အတော အတွင်းမှာ ဘတ်ဂျက်မည်၍မည်မျှ ရှာဖွေနိုင်မလဲဆိုတဲ့အချက်က မသေချာမရေရာတဲ့ ကိန်းရှင်တစ်ခု ဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့က သာမန်အစိုးရ၊ ပုံမှန်အစိုးရကဲ့သို့ နှစ်အလိုက်ဘတ်ဂျက်ကို အစ အဆုံးလျာထားပြီး အာမခံနိုင်မှုအပိုင်း၊ ဖြည့်ဆည်းနိုင်မှုအပိုင်း မရှိဘူးဆိုတာကိုလည်း အားလုံးနားလည် နိုင်လိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ မျှော်လင့်ပါတယ်။ ခုနက ကိုယ်စားလှယ်တော်ကြီး မေးမြန်းသွားသည့် ဝန်ကြီးဌာနများနှင့် နိုင်ငံတော်အဆင့် အဖွဲ့အစည်းများ၊ CRPH အပါအဝင် လစဉ်ကျခံသုံးစွဲနေသည့် Office Operational Cost လို့ခေါ်သော ရုံးလုပ်ငန်းဆိုင်ရာ အသုံးစရိတ်သည် စတင်လျာထားခွင့်ပြုခဲ့စဉ် ကာလများတုန်းက ဝန်ကြီးဌာနတစ်ခုကို တစ်လလျှင် သိန်း (၁၀၀) လျာထားသုံးစွဲခဲ့ပါကြောင်း၊ နောင်အခါတွင် ဖြစ်ပေါ်လာသည့် မြန်မာငွေတန်ဖိုး ကျဆင်းမှုနှင့်အတူ သိန်း (၁၅၀) တိုးမြှင့်ပြီးတော့ ဘတ်ဂျက်မှ ကျခံသုံးစွဲခဲ့ကြပါတယ်။ အဆိုပါသုံးစွဲမှုကို ပြန်ကြည့်မယ်ဆိုရင် လစဉ်ရရှိနေသည့် သိန်း (၁၀၀) သို့မဟုတ် သိန်း (၁၅၀) သည် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများတွင် တော်လှန်ရေးကာလပင်ဖြစ်လင့်ကစား အတူတကွ ပူးတွဲပြီး ဝန်ကြီးဌာနတာဝန် များကို ထမ်းဆောင်နေကြသည့် သက်ဆိုင်ရာဝန်ထမ်းများအတွက် လစာအနေဖြင့် ပေးအပ်ထားတာမျိုး လုံးဝမရှိဘူးဆိုတာ မိမိအနေဖြင့် ဒီနေရာတွင် ရှင်းရှင်းလင်းလင်း တင်ပြလိုပါတယ်။ သို့သော်လည်း ဝန်ကြီးဌာနများ၏ လုပ်ငန်းဆောင်တာများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများရဲ့ မြေပြင် သို့မဟုတ် အခြား မိမိတို့ဝန်ကြီးဌာနများနှင့်စပ်လျဉ်းသည့် လုပ်ငန်းဆောင်တာများ ဆောင်ရွက်ခြင်းများ၊ ခရီးသွားလာခြင်း များ၊ ၎င်းတို့ နေထိုင်စားသောက်မှုနှင့် ပတ်သက်သည့် ကိစ္စရပ်များအတွက်ကိုသာလျှင် မိမိတို့အားလုံး ကျခံကာ သိန်း (၁၀၀) သို့မဟုတ် သိန်း (၁၅၀) ထဲက သုံးစွဲနေတာ ဖြစ်ပါတယ်။ ဒါကို အထူးပြုပြီး တင်ပြလိုရင်းက ဝန်ကြီးဌာန သို့မဟုတ် နိုင်ငံတော်အဆင့် အဖွဲ့အစည်းတိုင်းတွင် လစဉ်ရရှိသည်ဆိုသည့် သိန်း (၁၀၀) သို့မဟုတ် သိန်း (၁၅၀) ဆိုတာ စောစောက မိမိတင်ပြခဲ့သည့် အသုံးစရိတ်များ၏ အနိမ့်ဆုံး လိုအပ်ချက်ကိုပင် ကာမိ၊ ထေမိ၊ အလျင်မီနိုင်ခြင်း မရှိပါဘူး။ ဒါကြောင့်မို့လို့ နိဂုံးချုပ်အနေဖြင့် ပိုလျှံ ရန်ပုံ ငွေများအား MoPFI သို့ ပြန်လည်အပ်နှံခြင်း ရှိ/မရှိ မေးမြန်းခြင်းနှင့်စပ်လျဉ်းပြီး ဖြေကြားလိုသည်မှာ လက်ရှိအခြေအနေတွင် ဝန်ကြီးဌာနအသီးသီး၏ တော်လှန်ရေးကာလ လိုအပ်ချက်နှင့် ပတ်သက်တဲ့ အနိမ့်ဆုံးဘတ်ဂျက်တောင်းခံမှုကိုပင် အလျင်မီအောင် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိပါသောကြောင့် ပြန်လည် အပ်နှံရန် ပိုလျှံရန်ပုံငွေဆိုတာလည်း မရှိပါကြောင်း လေးစားစွာ ရှင်းလင်းတင်ပြအပ်ပါတယ်။
အားလုံးကို အထူးကျေးဇူးတင်ပါတယ်။


