မူလ / “အကြမ်းဖက်စစ်အုပ်စု၏ ကျင်းပမည့် ရွေးကောက်ပွဲသည် အတုအယောင်ရွေးကောက်ပွဲဖြစ်သည့် အပြင် လက်ရှိနိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်းနှင့် အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် ပြည်သူလူထု လိုလားတောင့်တလျက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် တော်လှန်ရေးအင်အားစုများနှင့်အတူ ကြိုးပမ်းဆောင်ရွက်နေမှုများအား ဒေသတွင်းနှင့် နိုင်ငံတကာသို့ ရှင်းလင်းစွာ သိရှိနိုင်ရန်နှင့် လက်ရှိပြဿနာအရပ်ရပ်အား ဖြေရှင်းနိုင် ရန် သံတမန်နည်းအရ ချဉ်းကပ်ဆောင်ရွက်သွားနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရအား တိုက်တွန်း ကြောင်း” အဆိုနှင့် စပ်လျဉ်း၍ ဦးကျော်နီ (ဒုတိယဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာန) ၏ ပြန်လည် ရှင်းလင်း ဆွေးနွေးခြင်း

“အကြမ်းဖက်စစ်အုပ်စု၏ ကျင်းပမည့် ရွေးကောက်ပွဲသည် အတုအယောင်ရွေးကောက်ပွဲဖြစ်သည့် အပြင် လက်ရှိနိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်းနှင့် အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် ပြည်သူလူထု လိုလားတောင့်တလျက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် တော်လှန်ရေးအင်အားစုများနှင့်အတူ ကြိုးပမ်းဆောင်ရွက်နေမှုများအား ဒေသတွင်းနှင့် နိုင်ငံတကာသို့ ရှင်းလင်းစွာ သိရှိနိုင်ရန်နှင့် လက်ရှိပြဿနာအရပ်ရပ်အား ဖြေရှင်းနိုင် ရန် သံတမန်နည်းအရ ချဉ်းကပ်ဆောင်ရွက်သွားနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရအား တိုက်တွန်း ကြောင်း” အဆိုနှင့် စပ်လျဉ်း၍ ဦးကျော်နီ (ဒုတိယဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာန) ၏ ပြန်လည် ရှင်းလင်း ဆွေးနွေးခြင်း

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာတဲ့ ပြည်ထောင်စုလွှတ်တော် နာယကကြီးနှင့်တကွ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များအားလုံး မင်္ဂလာပါ။ ကျွန်တော်ကတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမား ရေးရာဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ဦးကျော်နီ ဖြစ်ပါတယ်။ ယခု လွှတ်တော်တွင် တင်သွင်းလာသည့် အဆိုနှင့်ပက်သက်ပြီး ရှင်းလင်းဖြေကြားဆွေးနွေးဖို့အတွက် ကျွန်တော့အား အမျိုးသားညီညွတ်ရေး အစိုးရက တာဝန်ပေးအပ်ခဲ့တဲ့အတွက် ယခုအဆိုကို ဆွေးနွေးဖြေကြားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ အကြမ်းဖက်စစ်ကောင်စီ ကျင်းပမည့် တရားမဝင်အတုအယောင် ရွေးကောက် ပွဲနှင့် ပက်သက်ပြီး စပြီးသတင်းထုတ်လွှင့်ကာစ ၂၀၂၂ ခုနှစ်ကတည်းက အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် Proactive ဖြစ်ဖြစ် Anti-sham Election Team ကို ဖွဲ့စည်းပြီးတော့ စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို တားဆီးနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီ စနစ်မှာ မပါမဖြစ်ပါဝင်တာဖြစ်သော်လည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲမှာ ဒီမိုကရေစီကို အခြေမခံ သည့် အတုအယောင် ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ပြည်သူလူထုအားလုံးရဲ့ တခဲနက် ရွေးကောက်တင် မြှောက်တဲ့ မဲဆန္ဒတွေကို ပစ်ပယ်ပြီးတော့ အာဏာလုခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဟာ ဘယ်လိုနည်းနဲ့မှ တရားမျှတမှု မရှိနိုင်ပါဘူး။ ဒါ့အပြင် လက်ရှိ နိုင်ငံရေးပြဿနာတွေကိုလည်း မဖြေရှင်းပေးနိုင်ပါဘူး။ ဒါ့အပြင် စစ်ကောင်စီဟာ ရွေးကောက်ပွဲကို ကျင်းပနိုင်သည်အထိ စွမ်းဆောင် ရည်လည်း မရှိပါဘူး။ ဒါ့ကြောင့် စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲဟာ နိုင်ငံရေး ပြဿနာ များကို ဖြေရှင်းနိုင်မှာမဟုတ်ဘူးဆိုတာ ယုံကြည်သည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ Anti-sham Election Team ကို ဖွဲ့စည်းပြီးတော့ စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို တားဆီးနိုင်ရေးအတွက်ကို ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ ယခုလို ကြိုးစားခဲ့တဲ့အခါမှာ အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကိုလည်း ကျွန်တော်တို့ တင်ပြခဲ့ပါတယ်။ ဒီလို တင်ပြခဲ့တဲ့ အတွက်ကြောင့် NUCC ကနေပြီးတော့ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးတွဲပြီးတော့ Anti-sham Election Joint Working Committee ကို ဖွဲ့စည်းပြီး အားလုံးညီညီညွတ်ညွတ်နဲ့ စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို တားဆီးနိုင်ရေး ဆောင်ရွက်ခဲ့ပါတယ်။ ဒီလို ဆောင်ရွက် တဲ့အခါမှာ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ အတိုင်ပင်ခံကောင်စီ များနှင့်ပါ ကျွန်တော်တို့ ဆွေးနွေးပြီးတော့ တူညီတဲ့လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့ပါတယ်။ ဒီလုပ်ငန်းစဉ် တွေကနေပဲ ကျွန်တော်တို့ဟာ နည်းလမ်းပေါင်းစုံနဲ့ စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်တားဆီးနိုင်ရေးကို ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုကြိုးစားဆောင်ရွက်တဲ့အခါမှာ ပြည်တွင်းမှာရှိနေတဲ့ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ အတိုင်ပင်ခံကောင်စီတွေနဲ့ ပြည်တွင်းမှာပင် ဆောင်ရွက်ရုံသာမကပဲ ပြည်သူလူထု အား သတင်းစကားပါးတာတွေ ပြည်ပနိုင်ငံတွေကို နည်းလမ်းမျိုးစုံနဲ့ သတင်းစကားပါးတာတွေကို လည်း ကျွန်တော်တို့ ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ခဲ့တဲ့ အကျိုးရလဒ်အနေနဲ့လည်း စစ်ကောင်စီ သည် ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲကို ဇွတ်လုပ်မည် ဆိုပေမဲ့လည်း ယခုအချိန်ထိ မကျင်းပ နိုင်ဖြစ်နေခဲ့ပါတယ်။ သို့သော် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ယခုဆောင်ရွက် ချက်တွေကို နည်းနည်းမှ အားမလျှော့ဘဲ ဆက်ပြီး ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ ဒီဆောင်ရွက်ချက် တွေကနေပြီးတော့ ပြီးခဲ့သည့် ဒီဇင်ဘာလတွင် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဝန်ကြီးဌာနတွေထဲမှာ တိုင်ပင်ဆွေးနွေးပြီး Mission (၅) ရပ် ချမှတ်ခဲ့ပါတယ်။ ထို (၅) ရပ်မှာ အတုအယောင် ရွေးကောက်ပွဲ ဆိုင်ရာ သတင်းအချက်အလက်တွေကို ပုံမှန်သိရှိနေဖို့အတွက် သတင်းအချက်အလက်တွေ စုစည်း နေ ရပါတယ်။ ဒီလိုသတင်းအချက်အလက်တွေ စုစည်းတဲ့အခါမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲနှင့်ပတ်သက်တဲ့ ဆောင်ရွက်ချက်များကို စုစည်းရုံမျှမက ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေရဲ့ သိမ်းပိုက်နယ်မြေ၊ စိုးမိုးနယ်မြေ၊ လွတ်မြောက်နယ်မြေများ ကျယ်ပြန့်လာမှုတွေရဲ့ သတင်းအချက်အလက်တွေကိုလည်း စုဆောင်းရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး သတင်းအချက်အလက်တွေ စုဆောင်းပြီးတဲ့အခါမှာ ကျွန်တော်တို့ရဲ့ သတင်းစကားတွေကို ပြန်ပြီး ဖော်ထုတ်ဖို့နဲ့ ဖြန့်ချိဖို့အတွက် Mission (၁) ခု ဆောင်ရွက်ရပါတယ်။ ဒီ Mission မှာ ကျွန်တော်တို့ဟာ အပေါ်က ဆွေးနွေးခဲ့သလိုပဲ တော်လှန်ရေးအင်အားစုတွေက ရရှိသိမ်းပိုက်ထားတဲ့နယ်မြေတွေ၊ စိုးမိုးနယ်မြေတွေကို နိုင်ငံတကာ ကိုလည်း သိရှိအောင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာနအပြင် နိုင်ငံတကာနဲ့ ဆက်ဆံနေတဲ့ ဝန်ကြီးဌာနတွေကနေ နည်းလမ်းပေါင်းစုံနှင့် နိုင်ငံတော် အစိုးရများသာမက အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းများ အထိ သတင်း Message ပေးရမှာ ဖြစ်ပါတယ်။ ဒါမှသာလျှင် အကြမ်းဖက်စစ်ကောင်စီဟာ ရွေးကောက်ပွဲကို ကျင်းပနိုင်စွမ်း မရှိရုံသာမက ၎င်း၏ ရွေးကောက်ပွဲရလဒ်ဟာ အလိမ်အညာသာ ဖြစ်မည်ဆိုတာကို ဖော်ပြနိုင်မှာ ဖြစ်ပါတယ်။ တတိယ Mission အနေဖြင့် အတုအယောင် ရွေးကောက် ပွဲ မပြုလုပ်နိုင်ဖို့အတွက် စစ်ရေး၊ အုပ်ချုပ်ရေး၊ တရားရေး နည်းလမ်းများနှင့် ဟန့်တားဖို့ဖြစ်ပါတယ်။ ဒီနေရာမှာ စစ်ရေးဆိုတာက တော်လှန်ရေးရဲ့ အဓိကဆောင်ရွက်ချက်ဖြစ်တဲ့အတွက် မိမိတို့ရဲ့နယ်မြေ ကျယ်ပြန့်လာရေးအတွက်ကို တိုက်ခိုက်သိမ်းပိုက်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်သိမ်းပိုက် ထားတဲ့ သိမ်းပိုက်နယ်မြေတွေ၊ လွတ်မြောက်နယ်မြေတွေမှာ အုပ်ချုပ်ရေးနည်းလမ်းအရ မိမိတို့ရဲ့ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ထူထောင်ရမှာ ဖြစ်ပါတယ်။ ထို့ပြင် စစ်ကောင်စီ၏ လုပ်ရပ်များ ကို တားဆီးဖို့၊ စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို တားဆီးနိုင်ရေးအတွက် ကျွန်တော်တို့ တရားရေးနည်းလမ်းဘက်မှ ဆောင်ရွက်ရန်အတွက် စီစဉ်ထားသည်များ ရှိပါတယ်။ Mission (၄) အနေဖြင့်ကတော့ မိတ်ဖက်အင်အားစုများ၊ မဟာမိတ်များနဲ့ ပူးပေါင်းဆောင်ရွက်မယ့် အစီစဉ်များ ပြုလုပ်ဖို့ဖြစ်ပါတယ်။ ဒီနေရာမှာလည်း ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ လက်တွဲပြီး တော့ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်နေတဲ့ အင်အားစုများလည်းရှိပြီး မိမိတို့နှင့်လက်တွဲပြီး တော်လှန်နေမှုမရှိသော်ငြားလည်း သူတို့အစီစဉ်နဲ့သူတို့ စစ်ကောင်စီကို တော်လှန်နေကြတဲ့ အင်အားစု များလည်း ရှိပါတယ်။ ဒီလိုမျိုး လက်နက်ကိုင်တော်လှန်ရေးထဲ မပါဝင်သော်လည်း နိုင်ငံရေးပါတီများနဲ့ အချို့သော အဖွဲ့အစည်းများအနေနဲ့ စစ်ကောင်စီနဲ့ မပူးပေါင်း၊ မထောက်ခံဘဲ မိမိတို့အား ထောက်ခံ အားပေးသည့် နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းများလည်း ရှိပါတယ်။ ဒီအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ မိမိတို့က အကြမ်းဖက်စစ်ကောင်စီရဲ့ တရားမဝင် ရွေးကောက်ပွဲကို တားဆီးနိုင်ရေးအတွက် Mission တစ်ခုအနေနဲ့ ဆောင်ရွက်လျက်ရှိနေပါတယ်။ နောက်ဆုံး Mission ကတော့ ဖြစ်တန်စွမ်းတစ်ခုကို မိမိတို့အနေဖြင့် စဉ်းစားပြီး Mission ထဲသို့ ထည့်ထားခြင်း ဖြစ်ပါတယ်။ ဒါဟာ အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်အပြီးတွင် ဖြစ်လာနိုင်သည်မှာ အတုအယောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခု ဖိတ်ခေါ်လာနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ ၁၉၆၂ ခုနှစ်၊ အာဏာသိမ်းကတည်းက စစ်တပ်အဆက်ဆက် ရဲ့ လုပ်ထုံးလုပ်နည်းတွေထဲက တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲလုပ် အာဏာသိမ်းပြီး အတုအယောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါ်မယ် (သို့မဟုတ်) အတုအယောင် ရွေးကောက်ပွဲလုပ်ခြင်း တို့ ဖြစ်ပါတယ်။ ယင်းသုံးခုဟာ အမြဲတမ်းသံသရာလည်နေပြီး မိမိတို့ဟာ စစ်ဖိနပ်အောက်က အခု အချိန်ထိ မထွက်နိုင်ဘူး ဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အတုအယောင် တရားမဝင် ရွေးကောက်ပွဲကို မျက်ခြေမပြတ်ကြည့်ပြီး ဆန့်ကျင်တားဆီးနေရုံမျှမလုံလောက်ဘဲ အတုအယောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလည်း မျက်ခြေမပြတ်စောင့်ကြည့်ပြီး ဟန့်တားနိုင်ဖို့ လိုပါတယ်။ ယခုနွေဦး တော်လှန်ရေးတွင်ပါဝင်နေတဲ့ တော်လှန်ရေးအင်အားစုအားလုံးဟာ စစ်လိုလားသူတွေ မဟုတ်ပါဘူး။ နိုင်ငံရေးနည်းလမ်းအရ ဘယ်လိုမှ ဖြေရှင်းလို့မရတော့တဲ့အတွက်ကြောင့် အကြမ်းဖက်စစ်အုပ်စု၏ ဖိနှိပ်မှုတွေကို ကာကွယ်တွန်းလှန်နေတဲ့ တရားသောစစ်ကို ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။ ကျွန်တော် တို့ အားလုံးဟာ ငြိမ်းချမ်းရေးလိုလားသူတွေဖြစ်ပြီး စစ်ကိုမလိုလားတဲ့သူများ ဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကိုလိုလားသော်လည်း အကြမ်းဖက်စစ်ကောင်စီဟာ စစ်အုပ်စုရဲ့ လုပ်ထုံးလုပ်နည်းတွေ အတိုင်းပဲ အတုအယောင်ရွေးကောက်ပွဲတွေ၊ အတုအယောင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေနဲ့ တော်လှန်ရေးအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများကို ချွေးသိပ်ပြီး တစ်ဖက်မှာ လူသူလက်နက် အင်အား စုဆောင်းတာတွေကို လုပ်ဆောင်နေပြီး အားပြည့်လာတာနဲ့အမျှ ပြန်လည် ချေမှုန်းဖျက်ဆီး ဖို့အတွက် ရည်ရွယ်ချက်များ ၎င်းတို့တွင် ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ Mission နံပါတ် (၅) အနေဖြင့် အတုအယောင် ရွေးကောက်ပွဲ နောက်ပိုင်း ဖြစ်ပေါ်လာနိုင်တဲ့ အတုအယောင် ငြိမ်းချမ်း ရေး ဆွေးနွေးပွဲကိုလည်း ကျွန်တော်တို့ စောင့်ကြည့်ရမှာဖြစ်သလို အတုအယောင်ရွေးကောက်ပွဲ မတိုင်ခင် ဖြစ်လာနိုင်ခြေရှိတဲ့ အတုအယောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာမျိုးကိုလည်း မျက်ခြေ မပြတ် စောင့်ကြည့်ပြီး ဒါဟာအတုအယောင်ဆွေးနွေးပွဲဖြစ်ကြောင်းကို ပြည်သူလူထုနှင့် နိုင်ငံတကာ ကို တင်ပြရန်လိုအပ်ပါတယ်။ တကယ်တမ်း အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေးကို လိုလား ပြီး တိုင်းပြည်တည်ငြိမ်ရေးကို လိုလားတယ်ဆိုရင် အလွန်လွယ်ကူသည့် နည်းလမ်း ရှိပါတယ်။ အရပ်သား အစိုးရကို အာဏာပြန်လည်အပ်နှင်းပြီး စစ်တပ်ဟာစစ်တန်းလျားပြန်လျှင် အရာအားလုံး ငြိမ်းချမ်းပြီး တော့ အားလုံးဟာ တည်ငြိမ်သွားမှာ ဖြစ်ပါတယ်။ စစ်ကောင်စီဟာ ဒီလမ်းကြောင်းကို မရွေးချယ်ချင် တဲ့ အတွက်ကြောင့် နည်းလမ်းမျိုးစုံနဲ့ သူ့ရဲ့ထွက်ပေါက်ကို ရှာကြံပြီးတော့ သူ့ရဲ့ စစ်အာဏာကို ရာသက် ပန် စွဲကိုင်ထားရေး အစီအစဉ်တွေကို ဆက်လက်ပြီး ချမှတ်မှာ ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် အတုအယောင်ရွေးကောက်ပွဲဟာ သာမန် ရွေးကောက်ပွဲမျှမဟုတ်ဘဲ၊ ဒီမိုကရေစီရဲ့ လုပ်ထုံးလုပ်နည်း ရွေးကောက်ပွဲမျှမဟုတ်ဘဲ စစ်အာဏာကို သက်ဆိုးရှည်စေမယ့် မျက်လှည့်ပြတဲ့ ရွေးကောက်ပွဲဖြစ်တယ်။ တရားမဝင် ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲကနေ ထွက်လာတဲ့ ရလဒ်ဟာလည်း ဂုဏ် သိက္ခာရှိတဲ့ရလာဒ် ဖြစ်လာမှာ မဟုတ်ဘူး။ နိုင်ငံတကာကလည်း လက်မခံအောင် ကျွန်တော်တို့အနေနဲ့ ကြိုးစားဖို့လည်း လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကြိုးစားမှုများကြောင့် နိုင်ငံတကာက အကြမ်းဖက် စစ်ကောင်စီရဲ့ ဒီအတုအယောင်ရွေးကောက်ပွဲကို လက်မခံနိုင်ဘူးဆိုတဲ့ အသံတွေလည်း ကျယ်ကျယ် လောင်လောင် ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ လက်ရှိရပြီးသား ရလဒ်နဲ့ မတင်းတိမ်သေးဘဲနဲ့ မိမိတို့ဟာ မြန်မာ့မြေပေါ်ကနေ စစ်အာဏာရှင်စနစ် လုံးဝပပျောက်ရေးအတွက် ကို ဆက်ပြီးဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ အဆိုနဲ့စပ်လျဉ်းတဲ့ နိုင်ငံတကာ ကို ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရကနေပြီးတော့ သတင်းစကားတွေပါးဖို့ သံတမန်နည်း လမ်းအရ ဆောင်ရွက်ဖို့ဆိုတာတွေကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာနတို့အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံတကာနဲ့ဆက်ဆံနေတဲ့ ဝန်ကြီး ဌာနတွေအနေနဲ့ ကြိုးစားဆောင်ရွက်လျက်ရှိနေကြောင်း ကျွန်တော်အနေနဲ့ တင်ပြလိုပါတယ်။

ဒီနေရာမှာ တစ်ဆက်စပ်တည်းတင်ပြရလျှင် ကျွန်တော်တို့ အလုပ်သမားဝန်ကြီးဌာန အနေနဲ့လည်း အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့က အကြမ်းဖက်စစ်ကောင်စီကို အရေးယူ နိုင်ရေးအား ကြိုးစားနေပါတယ်။ ဒီလိုကြိုးစားတဲ့အခါမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံနိုင်ရေးအတွက်ကိုပါ ကျွန်တော်တို့က ကြိုးစားကြပါတယ်။ ဒီလို ကြိုးစား တဲ့အခါမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနဦးဆောင်တဲ့ သုံးပွင့်ဆိုင် ကိုယ်စား လှယ်အဖွဲ့ အလုပ်သမားဝန်ကြီးဌာန အစိုးရကိုယ်စားလှယ်၊ အလုပ်ရှင်ကိုယ်စားလှယ်၊ အလုပ်သမား ကိုယ်စားလှယ်၊ ဒီလိုမျိုးကိုယ်စားလှယ်တွေပါဝင်တဲ့ သုံးပွင့်ဆိုင်အဖွဲ့ ဖွဲ့စည်းပြီးတော့ အစည်းအဝေး များ မပြတ်ကျင်းပပြီး ကြိုးစားတိုက်တွန်းနေပါတယ်။ အခုဆိုလျှင် နိုင်ငံတကာအလုပ်သမား အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံကြောင်းနှင့် အကြမ်းဖက် စစ်ကောင်စီရဲ့ အတုအယောင်တရားမဝင်ရွေးကောက်ပွဲကို လက်မခံကြောင်းကို အချို့သော အလုပ်သမား အဖွဲ့အစည်းများက သူတို့ရဲ့ညီလာခံကနေ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သလို Global Campaign တွေ ပြုလုပ်ပြီးတော့လည်း သူတို့ရဲ့ သဘောထားကို ထုတ်ဖော်ပြသနေပါတယ်။ ဒါကြောင့် ရှေ့ဆက်ပြီး တော့လည်း အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို လက်မခံဖို့အတွက် နိုင်ငံတကာကို တိုက်တွန်းရုံတင်မဟုတ်ဘဲ ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးကို အမြန်ဆုံး ပြီးမြောက်အောင်မြင်စေရေးအတွက်ကိုလည်း သံတမန်နည်းလမ်းနဲ့တင်မက နိုင်ငံတကာနဲ့ နည်းလမ်းပေါင်းစုံ ကျင့်သုံး၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိနေကြောင်း တင်ပြဆွေးနွေးလိုပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

Scroll to Top