မူလ / “အကြမ်းဖက်စစ်အုပ်စု၏ ကျင်းပမည့် ရွေးကောက်ပွဲသည် အတုအယောင် ရွေးကောက်ပွဲ ဖြစ်သည့်အပြင် လက်ရှိနိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူလူထု လိုလားတောင့်တလျက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် တော်လှန်ရေးအင်အားစုများနှင့်အတူ ကြိုးပမ်းဆောင်ရွက်နေမှုများအား ဒေသတွင်းနှင့် နိုင်ငံတကာသို့ ရှင်းလင်းစွာ သိရှိနိုင်ရန်နှင့် လက်ရှိပြဿနာအရပ်ရပ်အား ဖြေရှင်းနိုင်ရန် သံတမန်နည်းအရ ချဉ်းကပ် ဆောင်ရွက်သွားနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရအား တိုက်တွန်းကြောင်း” အဆိုတင်သွင်းခြင်း

“အကြမ်းဖက်စစ်အုပ်စု၏ ကျင်းပမည့် ရွေးကောက်ပွဲသည် အတုအယောင် ရွေးကောက်ပွဲ ဖြစ်သည့်အပြင် လက်ရှိနိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူလူထု လိုလားတောင့်တလျက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် တော်လှန်ရေးအင်အားစုများနှင့်အတူ ကြိုးပမ်းဆောင်ရွက်နေမှုများအား ဒေသတွင်းနှင့် နိုင်ငံတကာသို့ ရှင်းလင်းစွာ သိရှိနိုင်ရန်နှင့် လက်ရှိပြဿနာအရပ်ရပ်အား ဖြေရှင်းနိုင်ရန် သံတမန်နည်းအရ ချဉ်းကပ် ဆောင်ရွက်သွားနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရအား တိုက်တွန်းကြောင်း” အဆိုတင်သွင်းခြင်း

“အကြမ်းဖက်စစ်အုပ်စု၏ ကျင်းပမည့် ရွေးကောက်ပွဲသည် အတုအယောင် ရွေးကောက်ပွဲ ဖြစ်သည့်အပြင် လက်ရှိနိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူလူထု လိုလားတောင့်တလျက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် တော်လှန်ရေးအင်အားစုများနှင့်အတူ ကြိုးပမ်းဆောင်ရွက်နေမှုများအား ဒေသတွင်းနှင့် နိုင်ငံတကာသို့ ရှင်းလင်းစွာ သိရှိနိုင်ရန်နှင့် လက်ရှိပြဿနာအရပ်ရပ်အား ဖြေရှင်းနိုင်ရန် သံတမန်နည်းအရ ချဉ်းကပ် ဆောင်ရွက်သွားနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို နိုင်ငံတကာ ဆက်ဆံရေးကော်မတီကိုယ်စား အတွင်းရေးမှူး ဦးတင်ကိုကိုဦး က တင်သွင်းခြင်း

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များနှင့် မိဘပြည်သူများ ဘေးရန်ကင်းရှင်းပြီး ကျန်းမာစွာဖြင့် တိုင်းပြည် တာဝန်များကို ဆက်လက်ထမ်းဆောင်နိုင်ပါစေကြောင်း နှုတ်ခွန်းဆက်သအပ်ပါသည်။ ကျွန်တော်ကတော့ ဘီလင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ အတွင်းရေးမှုး ဦးတင်ကိုကိုဦး ဖြစ်ပါတယ်။ နိုင်ငံတကာဆက်ဆံရေး ကော်မတီရဲ့ တာဝန်ပေးချက်အရ ကျွန်တော့်အနေနဲ့ ဒီနေ့ ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ် အစည်းအဝေးမှာ “အကြမ်းဖက်စစ်အုပ်စု၏ ကျင်းပမည့်‌ရွေးကောက်ပွဲသည် အတုအယောင် ရွေးကောက်ပွဲ ဖြစ်သည့်အပြင် လက်ရှိနိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်းနှင့် အမျိုးသားညီညွတ် ရေးအစိုးရအနေဖြင့် ပြည်သူလူထု လိုလားတောင်းတလျက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် တော်လှန်ရေးအင်အားစုများနှင့်အတူ ကြိုးပမ်းဆောင်‌ရွက်နေမှုများအား ဒေသတွင်းနှင့် နိုင်ငံတကာသို့ ရှင်းလင်းစွာသိရှိနိုင်ရန်နှင့် လက်ရှိပြဿနာအရပ်ရပ်အား ဖြေရှင်းနိုင်ရန် သံတမန်နည်းအရ ချဉ်းကပ်ဆောင်ရွက်သွားနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းသွားမှာ ဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးခင်ဗျာ။ ၂၀၂၀ ပြည့်နှစ်၊ လွတ်လပ်ပြီး တရားမျှတဲ့ အထွေထွေရွေးကောက်ပွဲရလဒ် ထွက်ပေါ်လာပြီးနောက် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ဖို့ ယုံကြည် စိတ်ထက်သန်နေခဲ့ကြတဲ့ ပြည်သူတွေရဲ့ စိတ်ကူးအိပ်မက်တွေဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တော့ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုက ထိုစဉ်က တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲဥပဒေများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ကာ ပြည်သူ့ဆန္ဒဖြစ်တဲ့ ရွေးကောက်ပွဲရလဒ် ကို ငြင်းပယ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် အရပ်သားအစိုးရခေါင်းဆောင်များကို ဖမ်းဆီးခြင်း၊ နိုင်ငံရေးသမားများနှင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများကို ဖမ်းဆီးခြင်း၊ ပြည်သူ့ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်သို့သွားလို့ မရအောင် ပိတ်ဆို့တားဆီးခြင်းတို့ဖြင့် နိုင်ငံတော်အာဏာကို သိမ်းယူလိုက်တဲ့အတွက် ပြည်သူတွေ ကျေနပ် ပျော်ရွှင်နေမှုကနေ အိပ်မက်ဆိုးများအဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့ပါတယ်။

မြန်မာ့ရွေးကောက်ပွဲသမိုင်းတလျှောက်မှာ စစ်အာဏာရှင်တွေဟာ စစ်တပ်နောက်ခံ ဖွဲ့စည်းထားတဲ့ ပါတီက ရှံးနိမ့်တဲ့အခါတိုင်း ပြည်သူ့ဆန္ဒဖြစ်တဲ့ရွေးကောက်ပွဲရလဒ်ကို ဖျက်ဆီးပြီး မတရားအာဏာသိမ်းမှု တွေကို အကြိမ်ကြိမ်ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ အနီးကပ်ဆုံး ဥပမာအနေနဲ့ ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲ နဲ့ ၂၀၂၀ ရွေးကောက်ပွဲများဟာ ထင်ရှားတဲ့ သမိုင်းသက်သေများ ဖြစ်ပါတယ်။

တကယ်တော့ ရွေးကောက်ပွဲများ ကျင်းပခြင်းရဲ့ အနှစ်သာရဟာ တရားဝင်အစိုးရတစ်ရပ် ပေါ်ပေါက် ရေး သက်သက်သာမဟုတ်ဘဲ ပြည်သူလူထုအနေနဲ့ ရွေးကောက်ပွဲအခင်းအကျင်း အဆင့်တိုင်းမှာ မိမိဆန္ဒ အလျောက် အကြောက်တရားကင်းကင်းနဲ့ လွတ်လပ်စွာ ပါဝင် မဲပေးပိုင်ခွင့်၊ နိုင်ငံရေးပါတီများအနေနဲ့လည်း ယှဉ်ပြိုင်ရာမှာ အခွင့်အရေးတူ ရရှိခွင့်၊ သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့များက လွတ်လပ်စွာ သွားလာခွင့်၊ စောင့်ကြည့်ခွင့် ရှိပြီး၊ အားလုံးက လွတ်လပ် ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ ယုံကြည်ခြင်းကသာ အဓိကဖြစ်ပါတယ်။

ယခုလက်တွေ့မှာပင် ပြည်သူလူထု တခဲနက်မဲပေးခဲ့ကြတဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်နဲ့ တရားဝင် မှုဟာ အကြမ်းဖက်စစ်အုပ်စုက မတရားစစ်အာဏာလုမှုကြောင့် ပျက်ပြယ်သွားခြင်းမရှိဘဲ နိုင်ငံတကာပါလီမန် များအဖွဲ့ (International Parliamentary Union-IPU) က ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ကို မြန်မာပြည်သူတွေရဲ့ ကိုယ်စားပြုလွှတ်တော်အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြု ဆက်ဆံချက်ရှိပြီး မြန်မာ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် IPU ညီလာခံများနဲ့ အစည်းအဝေးများသို့ လူကိုယ်တိုင် ပါဝင် တက်ရောက်နေတာ ဖြစ်ပါတယ်။

လေးစားရပါသော နာယကကြီးခင်ဗျာ။ အကြမ်းဖက်စစ်အစိုးရက မတရားစစ်အာဏာသိမ်းတဲ့ အတွက်ကြောင့် ပြည်သူတစ်ရပ်လုံးက စိတ်မချမ်းမသာဖြစ်ခဲ့ကြပေမယ့် ပြည်သူလူထုဟာ အာဏာသိမ်းစဉ် ကတည်းက ဆန္ဒပြတာ၊ ငွေကြေးလှူဒါန်းတာ၊ ပြန်လည်ခုခံတာတွေမှာ ကျရာအခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် တော်လှန်ရေးအင်အားစုအသီးသီးရဲ့ ကြိုးပမ်းမှုကြောင့် အခုအခါ စစ်ကောင်စီရဲ့ စစ်စခန်းနဲ့ စိုးမိုးနယ်မြေတွေ ယုတ်လျော့လာနေတာ နေ့စဉ်ပုံမှန် မြင်နေ၊ ကြားနေရပြီ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ စစ်ပန်းခြင်း၊ တိုက်ခိုက်လိုစိတ် ကျဆင်းခြင်းတွေကြောင့် ရှေ့တန်း စစ်မြေပြင်မှာ အလံဖြူထောင် လက်နက်ချအညံ့ခံတာ၊ သုံ့ပန်းအဖြစ် ဖမ်းဆီးခံတာတွေ ရှိနေသလို တစ်ဖက်မှာ လည်း တော်လှန်ရေးအင်အားစုများနဲ့ ချိတ်ဆက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံတာတွေ ဆက်တိုက် ဖြစ်ပေါ်နေတဲ့ အခါသမယလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေးအင်အားစု များ အနေနဲ့လည်း တစ်ရက်ထက်တစ်ရက် နယ်မြေစိုးမိုးမှု ပိုမိုရရှိလာတာ ပြည်သူအားလုံးအသိ ဖြစ်ပါတယ်။

ထိန်းချုပ်စိုးမိုးနယ်မြေတွေ ကျဆင်းလာနေတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ရွေးကောက်ပွဲ ကျင်းပ နိုင်ဖို့အတွက်ဆိုပြီး သန်းခေါင်စာရင်းကောက်ခံမှု ပြုလုပ်ခဲ့ပေမယ့် တစ်နိုင်ငံလုံး ကောက်ခံနိုင်ခြင်း မရှိတာ ကြောင့် ကောက်ခံနိုင်တဲ့နေရာကောက်ခံ၊ မကောက်ခံနိုင်တဲ့နေရာတွေမှာတော့ မှန်းဆမှုတွေနဲ့ ကောက်ခံခဲ့ တာတွေ ရှိခဲ့ပါတယ်။ ဒီလိုအခြေအနေတွေဟာ မဲစာရင်းမမှန်ကန်နိုင်သလို၊ နယ်မြေထိန်းသိမ်းနိုင်စွမ်းအရ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်မယ့် အခြေအနေလည်း လုံးဝမရှိဘူးဆိုတာကို ပြသနေ တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ရွေးကောက်ပွဲကျင်းပကို လွတ်လပ်ပြီး တရားမျှတအောင် ဆောင်ရွက်နိုင်ခြင်းမရှိတာကို ဝန်မခံဘဲ တော်လှန်ရေးအင်အားစုများက ရွေးကောက်ပွဲ မဖြစ်မြောက်အောင် လုပ်ဆောင်နေသယောင် မဟုတ်မမှန် ဝါဒဖြန့်မှုများကို စစ်အုပ်စုက ပုံစံမျိုးစုံနဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင် လာတာရှိသလို၊ ဆက်လက်လုပ်ဆောင်လာမှာကို တွေ့လာရမှာ ဖြစ်ပါတယ်။

ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာအနေနဲ့ အရပ်သားအစိုးရလက်ထက် ၂၀၂၀ ရွေးကောက်ပွဲ ကာလ နိုင်ငံရေးအခြေအနေ၊ ရွေးကောက်ပွဲအခင်းအကျင်းကို သိရှိပြီးဖြစ်တာကြောင့် ယခု အကြမ်းဖက် စစ်အုပ်စုက ကျင်းပမယ်လို့ ပြောဆိုလာတဲ့ အတုအယောင်ရွေးကောက်ပွဲအခင်းအကျင်းကို နှိုင်းယှဉ်ကြည့်ခြင်း အားဖြင့် အကြမ်းဖက်စစ်အုပ်စု လက်မခံသည့် ရွေးကောက်ပွဲနှင့် အကြမ်းဖက်စစ်အုပ်စု ကျင်းပမည့် အတု အယောင် ရွေးကောက်ပွဲအကြား လွတ်လပ်မှုနှင့် တရားမျှတမှုကို ယှဉ်ကြည့်ခြင်းဖြင့်လည်း သိနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံဒေသတွင်းနိုင်ငံများနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ပြည်သူလူထုရဲ့ဆန္ဒကို ဆန့်ကျင်ပြီး အကြမ်းဖက်စစ်တပ် သက်ဆိုးရှည်ရေးအတွက် ကူညီထောက်ပံ့မှုတွေ မလုပ်ဖို့ကိုလည်း အလေးအနက်ထား မေတ္တာရပ်ခံလိုပါတယ်။

လေးစားရပါသော နာယကကြီးခင်ဗျာ။ ပြည်သူလူထုဟာ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ ငြိမ်းချမ်းခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် လူ့အခွင့်အရေးကိုအာမခံတဲ့ မူဝါဒ၊ ဥပဒေများ အခိုင်အမာရှိတဲ့ နိုင်ငံရေး စနစ် အပြောင်းအလဲကို ငတ်မွတ် တောင့်တ‌နေခဲ့တာ ဆယ်စုနှစ်များစွာကြာခဲ့ပါပြီ။

၂၀၂၁ ခုနှစ်၊ စစ်အာဏာလုယူမှုကြောင့် ပေါ်ပေါက်လာတဲ့ အခုနွေဦးတော်လှန်ရေးမှာတော့ ပြည်သူလူထု လိုလားတောင့်တတဲ့ နိုင်ငံရေးစနစ် အကောင်အထည်ဖော်နိုင်ဖို့အတွက် စစ်အာဏာရှင်စနစ် နိဂုံးချုပ်အောင် ဆောင်ရွက်ကြဖို့ ပြည်သူလူထုက ဆုံးဖြတ်တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။ အကြမ်းဖက် စစ်တပ်ဟာ အာဏာသိမ်းပြီးနောက် ၎င်းတို့ကြံစည်မျှော်မှန်းထားတဲ့အတိုင်း ဖြစ်မလာဘဲ တနေ့ထက်တနေ့ အရှုံးများနဲ့သာ ရင်ဆိုင်နေရတဲ့အတွက် အခု တော်လှန်ရေး (၄) နှစ်ကျော်အချိန်မှာ သွေးရူးသွေးတန်း ဖြစ်နေ ပါပြီ။ ဒီလိုဖြစ်လာတာနဲ့အမျှ အကြံကုန်ဂဠုန်ဆားချက် ဆိုသလို မြန်မာနိုင်ငံ အလုံးစုံပျက်စီးအောင် တိုက်ပွဲ မရှိပါဘဲ ပြည်သူနေထိုင်သော မြို့ရွာ၊ အိုးအိမ်၊ နိုင်ငံပိုင်ဆေးရုံ၊ စာသင်ကျောင်း စတဲ့နေရာတွေကို လေယာဉ်နဲ့ ဗုံးကြဲချခြင်းကြောင့် ပြည်သူလူထု (အထူးသဖြင့် အမျိုးသမီးများ၊ လူကြီးလူငယ် ကလေးသူငယ်များအပါအဝင်) လူထုလူတန်းစားမျိုးစုံရဲ့ အသက်၊ အိုးအိမ်၊ အခြားပိုင်ဆိုင်မှုများ၊ သွေး၊ ချွေး၊ ဘဝများကို ဖျက်ဆီးမှုတွေ ပိုပြီး လုပ်ဆောင်လာတာကို တွေ့မြင်လာရပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်များရဲ့ ယုတ်ညံ့သော နည်းလမ်းဟောင်းများအတိုင်း ဘာသာရေး၊ လူမျိုး ရေးကို အသုံးချပြီး ပြည်သူအချင်းချင်း အထင်လွဲကာ အမုန်းတရားကြီးကြစေရန် ဝါဒဖြန့်ခြင်းနှင့် ပြည်သူ့ စစ်မှုထမ်းဥပဒေကို ချက်ခြင်းအတည်ပြုကာ စစ်မှုထမ်းစေခိုင်းခြင်းကို အကောင်အထည်ဖော်ခြင်းဖြင့် တိုင်းပြည် ရဲ့ အနာဂတ်လူငယ်များ တိုးတက်ဖွံ့ဖြိုးမှုကို အကြီးအကျယ် ပျက်စီးစေပါတယ်။ ဒါပေမယ့် အကြမ်းဖက် စစ်တပ်သည် ဂရုမစိုက်ဘဲ စစ်တပ်က အာဏာတည်မြဲရေးကိုသာ ကြံစည်အားထုတ်ပြီး ဦးတည်ဆောင်ရွက် နေတာက တကယ်အကြံအစည်ဆိုးကြီးပဲ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတွင်း အလုံးစုံပျက်စီးရေးကို အစွမ်းကုန် လုပ်ဆောင်လာသော ကြောင့် အကြမ်းဖက်စစ်ကောင်စီဟာ တိုင်းပြည်ရဲ့ ဘုံရန်သူအဖြစ် ပိုမိုထင်ရှားလာပြီး ဒီနွေဦးတော်လှန်ရေးရဲ့ လက်ရှိအခြေအနေမှာ နွေဦးတော်လှန်ရေးအင်အားစုအသီးသီးကြားမှာ ပေါင်းစည်းဆောင်ရွက်မှု အားကောင်း တဲ့ အခြေအနေကို ရောက်ရှိနေပြီဖြစ်တဲ့အတွက် စစ်တပ်ရဲ့ အကြံအစည်ဆိုးတွေဟာ အောင်မြင်မှု မရှိတော့မှာ သေချာနေပြီ ဖြစ်ပါတယ်။

လေးစားရပါသော နာယကကြီးခင်ဗျာ။ ဒီအချိန်မှာ ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုများရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့ ခိုင်မာတဲ့ အနာဂတ်ရည်မှန်းချက်ပန်းတိုင်ဟာ ယိမ်းယိုင်သွားဖို့ မရှိတော့ပါဘူး။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာတဲ့ တရားဝင်မှုနဲ့ ပြည်သူ့မန်းဒိတ်အရ ဖွဲ့စည်းပေါ်ပေါက်လာ တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုများနဲ့အတူ ဘုံနိုင်ငံရေး ရည်မှန်း ချက်၊ သဘောတူညီချက်များကို ထုတ်ပြန်ကြေညာနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံနဲ့ ပြည်သူကို စစ်ကျွန် ဇာတ်သွင်း ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက အပြီးတိုင် ဖျက်သိမ်းခဲ့ပြီးပါပြီ။ ကျွန်တော်တို့ရဲ့ အနာဂတ် ဘုံနိုင်ငံရေးရည်မှန်းချက်တွေ၊ စံနှုန်းတွေကိုလည်း ဖက်ဒရယ် ဒီမိုကရေစီချာတာ အစိတ်အပိုင်း(၁)မှာ သဘောတူ ထုတ်ပြန်နိုင်ခဲ့ကြပါပြီ။ နိုင်ငံရေးဆွေးနွေးကြရာမှာ ကျွန်တော်တို့အချင်းချင်းကြား နိုင်ငံနဲ့ ပြည်သူလူထုအနာဂတ် ပိုပြီးကောင်းမွန်ရေးအတွက် ဆက်လက်ဆွေးနွေး စရာ၊ ဝိဝါဒကွဲပြားမှုတချို့ ရှိကောင်းရှိနိုင်သေးပေမယ့် စစ်အာဏာရှင်စနစ်ဆီကို နောက်ပြန်လည်စေမယ့် အခြေအနေ လုံးဝမရှိတာတော့ သေချာနေပြီ ဖြစ်ပါတယ်။

စစ်အာဏာရှင်များ စိုးမိုးချယ်လှယ်တဲ့ နိုင်ငံရေးစနစ်ကို အဆုံးသတ်ပြီး ပြည်သူ့အင်အား၊ ပြည်သူ့ ဩဇာသာ အဓိကဖြစ်တဲ့ နိုင်ငံရေးစနစ်ကို ထူထောင်ဖို့ ဆုံးဖြတ်ရုန်းကန်တော်လှန်နေကြတဲ့ ယခုလို အချိန်အခါ မျိုးတွင် နိုင်ငံတချို့က စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်ပြုဖို့ ကြိုးစားခြင်းဟာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို တရားဝင်မှုပေးခြင်းဖြစ်ပြီး၊ တစ်ချိန်တည်းမှာ မြန်မာပြည်သူများရဲ့ နိုင်ငံရေးအာသီသကို မျက်ကွယ်ပြုခြင်း၊ စစ်အာဏာရှင်တော်လှန်ရေးကို ယုတ်လျော့အောင် လုပ်ဆောင်ခြင်း ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်ထားကြဖို့ လိုအပ်ပါတယ်။ တော်လှန်ရေးကြီး အားကောင်း နေချိန်မှာ ပြင်ပနိုင်ငံတချို့က အချက်အလက်၊ သတင်းအစကား အမှန်မရရှိဘဲ စစ်အာဏာရှင်ကို ထောက်ခံ မိခဲ့လျှင် ပြည်သူ့တော်လှန်ရေးကို အထင်အမြင်လွဲခြင်း၊ တော်လှန်ရေးကာလကို နှောင့်နှေးခြင်း မဖြစ်စေချင် တဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (အထူးသဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ဒေသအလိုက် တော်လှန်ရေးအင်အားစုများနှင့် ချိတ်ဆက်ပူးပေါင်းပြီး) ပြည်သူလူထု၊ ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာ အသိုက်အဝန်းကို အချိန်နဲ့တပြေးညီ အချက်အလက်၊ သတင်းစကားရှင်းလင်းစွာဖြင့် နားလည်သဘောပေါက် အောင် ကြိုးစားရှင်းပြ‌နေကြဖို့ လိုအပ်နေတဲ့ အခါသမယ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယကကြီးခင်ဗျာ။ ဒါကြောင့် ပြည်ထောင်လွှတ်တော်ကိုယ်စားပြု ကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီကိုယ်စား ကျွန်တော်အနေဖြင့် “အကြမ်းဖက်စစ်အုပ်စု၏ ကျင်းပမည့် ‌ရွေးကောက်ပွဲသည် အတုအယောင်ရွေးကောက်ပွဲဖြစ်သည့်အပြင် လက်ရှိနိုင်ငံရေး အကြပ်အတည်း ကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူလူထု လိုလားတောင့်တ လျက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် တော်လှန်ရေးအင်အားစုများ နှင့်အတူ ကြိုးပမ်းဆောင်‌ရွက်နေမှုများအား ဒေသတွင်းနှင့် နိုင်ငံတကာသို့ ရှင်းလင်းစွာ သိရှိနိုင်ရန်နှင့် လက်ရှိ ပြဿနာအရပ်ရပ်အား ဖြေရှင်းနိုင်ရန် သံတမန်နည်းအရ ချဉ်းကပ်ဆောင်ရွက်သွားနိုင်ရေး အမျိုးသား ညီညွတ်ရေး အစိုးရအား တိုက်တွန်းကြောင်း” အဆိုကို ပြည်ထောင်စုလွှတ်တော် နာယကကြီးမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလိုက်ရခြင်း ဖြစ်ပါတယ် ခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Scroll to Top