ပြည်ထောင်စုလွှတ်တော် တတိယအကြိမ် အစည်းအဝေး
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြည်ထောင်စုလွှတ်တော် တတိယအကြိမ်အစည်းအဝေးအား ဗီဒီယိုကွန့်ဖရင့်မှတဆင့် ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲမှ ရွေးကောက်ခံ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် (၄၄၆) ဦး ရှိသည့်အနက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ( ၂၈၅) ဦး တက်ရောက်ခဲ့သည်။
အစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ဝင်များ၊ နိုင်ငံတကာသံရုံးများမှ သံတမန်များ၊ နိုင်ငံတကာပါလီမန်အမတ်များ၊ ပါလီမန်ရေးရာအဖွဲ့အစည်းများနှင့် ကျွမ်းကျင်သူများ၊ လွှတ်တော်အကူအညီပေးရေး မိတ်ဖက်အဖွဲ့အစည်းများမှ လေ့လာသူများ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စု လွှတ်တော်နာယက က အဖွင့်အမှာစကားပြောကြားခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ က မိန့်ခွန်း ပြောကြားခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်း ပြောကြားခြင်း၊ ပြည်ထောင်စုလွှတ်တော်၏ ထုတ်ပြန်ကြေညာချက်ကို ဖတ်ကြားတင်သွင်းခြင်းနှင့် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူခြင်း၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခြင်းနှင့် ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခြင်းနှင့် ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ခြင်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့် ကာလ အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်ချက်များ ဗီဒီယိုမှတ်တမ်း ပြသခြင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အစီရင်ခံစာများအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက ဖတ်ကြားတင်သွင်းခြင်းနှင့် ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ခြင်း၊ ပြည်ထောင်စုလွှတ်တော်နာယက က နိဂုံးချုပ်အမှာစကား ပြောကြားခြင်း စသည့် အစီအစဉ်တို့ကို အောင်မြင်စွာ ဆောင်ရွက်ခဲ့သည်။
Menu