မူလ / ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအကြိမ် အစည်းအဝေး

ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအကြိမ် အစည်းအဝေး

ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအကြိမ် အစည်းအဝေးအား ၁-၂-၂၀၂၄ ရက်နေ့မှ ၂-၂-၂၀၂၄ ရက်နေ့အထိ ဗီဒီယိုကွန့်ဖရင့်မှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ လုပ်ငန်းလမ်းညွှန်နှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအကြိမ် အစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်ကြည်ညွန့် အမှာစကားပြောကြားပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတကာပါလီမန်များအဖွဲ့(IPU) ဥက္ကဋ္ဌ Hon. Dr. Tulia Ackson နှင့် ဥရောပပါလီမန် ဒုတိယ ဥက္ကဋ္ဌ မစ္စ ဟေဒီဟောတလာတို့ ပေးပို့သော မိန့်ခွန်းဗီဒီယိုတို့အား ပြသခဲ့သည်။  လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ ASEAN Parliamentarians for Human Rights (APHR) ဥက္ကဋ္ဌမှ ပေးပို့သော အမှာစကားအား နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းက လည်းကောင်း၊ မြန်မာလွှတ်တော်နှင့်ပူးပေါင်းဆောင်ရွက်နေသော မိတ်ဖက်လွှတ်တော်ကိုယ်စားလှယ် Janelle Saffin မှ ပေးပို့သော အမှာစကားအား နိုင်ငံတကာဆက်ဆံရေးကော်မတီဝင် ဦးစည်သူမောင်ကလည်းကောင်း ဖတ်ကြားခဲ့ပါသည်။

ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအကြိမ် အစည်းအဝေး ပထမနေ့တွင် ကယား/ကရင်နီပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးရောဘတ်ညေးရယ်က ပြည်ထောင်စုလွှတ်တော်၏ သဘောထားထုတ်ပြန်ကြေညာချက်ကို လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး လွှတ်တော်၏ သဘောထားရယူခြင်းနှင့် အတည်ပြုချက်ရယူခြင်းကို ဆောင်ရွက်ခဲ့သည်။ လွှတ်တော်က အတည်ပြုခဲ့သည့် ပြည်ထောင်စုလွှတ်တော်၏ သဘောထားထုတ်ပြန်ချက်ပြည့်အစုံအား မြန်မာ/အင်္ဂလိပ် (၂) ဘာသာဖြင့် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ဆောင်ရွက်ချက်အစီရင်ခံစာနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာတို့အား လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။

ဆက်လက်၍ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်ရေးအတွက် နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်မြင်ပြီးမြောက်နိုင်ရန် လက်ရှိ နိုင်ငံရေး၊ စစ်ရေး အရှိန်အဟုန် ပိုမိုအားကောင်းလာစေပြီး နိုင်ငံရေးအင်အားစုများ၊ တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားအင်အားစုများအကြား ဗျူဟာမြောက် စုစည်းညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစုအသီးသီးအား ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းကြောင်းအဆိုအား ရှမ်းပြည်နယ်၊ နမ့်ဆန်မဲဆန္ဒနယ်မှ မိုင်းလမင်းထွန်းက တင်သွင်းခဲ့ပြီး ၎င်းအဆိုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၆) ဦးက ထောက်ခံဆွေးနွေးခဲ့ကြသည်။

အစည်းအဝေး ဒုတိယနေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းများ မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပြန်လည်ဖြေကြားခြင်းတို့ ဆောင်ရွက်ခဲ့ပြီးနောက် ပထမနေ့တွင် တင်သွင်းခဲ့သည့် ရှမ်းပြည်နယ်၊ နမ့်ဆန်မဲဆန္ဒနယ်မှ မိုင်းလမင်းထွန်း၏ အဆိုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက် ချမှတ်နိုင်ရေးအတွက် ဆုံးဖြတ်ချက်မူကြမ်းကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာမေဝင်းမြင့်က လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး လွှတ်တော်၏ သဘောထားရယူကာ ဆုံးဖြတ်ချက် ကို အတည်ပြုခဲ့သည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက နိဂုံးချုပ်စကားပြောကြားပြီး ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအကြိမ် အစည်းအဝေးအား ရပ်နားခဲ့သည်။

အစည်းအဝေးအစီအစဉ်များ
အစီရင်ခံစာများ
အဆိုနှင့် ဆွေးနွေးခြင်းများ
မေးခွန်းနှင့်အဖြေများ
Scroll to Top