မူလ / ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ် အစည်းအဝေး

ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ် အစည်းအဝေး

ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ် အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့နှင့် ၆ ရက်နေ့တို့တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ လုပ်ငန်းလမ်းညွှန်နှင့်အညီ ကျင်းပခဲ့သည်။

အစည်းအဝေး ပထမနေ့တွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကားပြောကြားခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတို့က မိန့်ခွန်းပြောကြားခြင်း၊ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) ဥက္ကဋ္ဌ Hon. Madam Mercy Chriesty Barends က အမှာစကားပြောကြားခြင်းနှင့် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ၏ အထွေထွေအတွင်းရေးမှူးချုပ် Mr. Martin Chungong က ပေးပို့သော အမှတ်တရစကားဗီဒီယိုဖိုင်အား ပြသခြင်းများ ပါဝင်ပါသည်။

ထို့ပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာများ တင်သွင်းခြင်း၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ချင်းညီနောင်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့၏ ပူးတွဲထုတ်ပြန်ကြေညာချက်  အား မှတ်တမ်းတင်ခြင်းများလည်း ဆောင်ရွက်ခဲ့သည်။

အကြမ်းဖက်စစ်အုပ်စု၏ ကျင်းပမည့် ရွေးကောက်ပွဲသည် အတုအယောင် ရွေးကောက်ပွဲဖြစ်သည့်အပြင် လက်ရှိ နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူလူထု လိုလားတောင့်တလျက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် တော်လှန်ရေးအင်အားစုများနှင့်အတူ ကြိုးပမ်းဆောင်ရွက်နေမှုများအား ဒေသတွင်းနှင့် နိုင်ငံတကာသို့ ရှင်းလင်းစွာ သိရှိနိုင်ရန်နှင့် လက်ရှိပြဿနာအရပ်ရပ်အား ဖြေရှင်းနိုင်ရန် သံတမန်နည်းအရ ချဉ်းကပ်ဆောင်ရွက်သွားနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရအား ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းကြောင်း” အဆိုကိုလည်း CRPH နိုင်ငံတကာဆက်ဆံရေးကော်မတီက တင်သွင်းခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့သည်။

အစည်းအဝေး ဒုတိယနေ့တွင် ပထမနေ့က တင်သွင်းခဲ့သည့် အဆိုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၃) ဦးက ဆက်လက်ဆွေးနွေးခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူကာ အဆိုကို အတည်ပြုမှတ်တမ်းတင်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၄) ဦးက အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးဌာနများ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များ မေးခွန်းများမေးမြန်းခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများက အသီးသီး ပြန်လည် ဖြေကြားခဲ့ကြသည်။

မွန်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၈) မှ ဒေါ်မြတ်သီတာထွန်းက ပြည်ထောင်စုလွှတ်တော်၏ ထုတ်ပြန်ချက် (မူကြမ်း) ကို ဖတ်ကြားတင်သွင်းခဲ့ပြီး လွှတ်တော်၏ သဘောထားရယူခြင်းနှင့် အတည်ပြုချက်ရယူခြင်းကို ဆောင်ရွက်ခဲ့သည်။ လွှတ်တော်က အတည်ပြုခဲ့သည့် ပြည်ထောင်စုလွှတ်တော်၏ထုတ်ပြန်ချက် ကိုလည်း မြန်မာ/အင်္ဂလိပ် (၂) ဘာသာဖြင့် ထုတ်ပြန်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က နိဂုံးချုပ်စကားပြောကြားပြီး ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ် အစည်းအဝေး အား ရပ်နားခဲ့သည်။

အစည်းအဝေးအစီအစဉ်များ
ထုတ်ပြန်ချက်
အစီရင်ခံစာများ
အဆိုနှင့် ဆွေးနွေးခြင်းများ
မေးခွန်းနှင့်အဖြေများ
Scroll to Top