ပြည်ထောင်စုလွှတ်တော် စတုတ္ထအကြိမ် အစည်းအဝေး
ပြည်ထောင်စုလွှတ်တော် စတုတ္ထအကြိမ် အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၈ ရက်(တနင်္လာနေ့) နံနက် (၁၀:၀၀) နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတဆင့် ကျင်းပခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့ဝင် နိုင်ငံတော်ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဝန်ကြီးဌာနအသီးသီး၏ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၊ နိုင်ငံတကာ သံရုံးများမှ သံတမန်များ၊ လွှတ်တော်ရေးရာ အဖွဲ့အစည်းများနှင့် CRPH ၏ မိတ်ဖက်အဖွဲ့အစည်းများမှ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးအဖွင့်၌ ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးတော်ပုံများနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သော သူရဲကောင်းများအား ဂုဏ်ပြုသောအားဖြင့် တက်ရောက်လာသည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များနှင့် ဧည့်သည်တော်များက (၁) မိနစ် ငြိမ်သက် အလေးပြုခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းတည်ထောင်ခြင်း (၁) နှစ်ပြည့် မိန့်ခွန်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ နှင့် အမျိုးသားညီညွတ်ရေးအစိုးရမှ ဖွဲ့စည်းထားသည့် ဝန်ကြီးဌာန (၁၇) ခု၏ အစီရင်ခံစာများအား လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ခဲ့သည်။
Menu