ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ် အစည်းအဝေး
ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ် အစည်းအဝေးအား ၃၁-၁-၂၀၂၃ ရက်နေ့မှ ၂-၂-၂၀၂၃ ရက်နေ့အထိ ဗီဒီယိုကွန့်ဖရင့်မှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ လုပ်ငန်းလမ်းညွှန်နှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ် အစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဥရောပပါလီမန် ဒုတိယ ဥက္ကဋ္ဌ Hon. Ms. Heidi Hautala၊ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) မှ ပူးတွဲဥက္ကဋ္ဌ Hon. Mr. Charles Santiago တို့က မိန့်ခွန်းပြောကြားခဲ့ပြီး နိုင်ငံတကာပါလီမန်များအဖွဲ့(IPU) ဥက္ကဋ္ဌ Hon. Mr. Duarte Pacheco မှ ပေးပို့သော မိန့်ခွန်းဗီဒီယိုအား ပြသခဲ့သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ နိုင်ငံတကာလွှတ်တော် အသိုက်အဝန်းနှင့် ဆက်ဆံရေးခိုင်မာအားကောင်းလာစေရေး ဆောင်ရွက်ချက်များနှင့် တိုးတက် ဖြစ်ထွန်းမှုများဆိုင်ရာ အစီရင်ခံစာ၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းဆောင်ရွက်ချက်များ ဖြစ်ပေါ်တိုးတက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဥ်များဆိုင်ရာ အစီရင်ခံစာတို့ကို လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး လွှတ်တော်က မှတ်တမ်းတင်ခြင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေး ဆိုင်ရာ ဆုံးဖြတ်ချက် [Resolution 2669 (2022)]” ကို ပြည်ထောင်စုလွှတ်တော်က ကြိုဆိုထောက်ခံကြောင်းနှင့် ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်နိုင်ရန် အဆိုအား လွှတ်တော်သို့ တင်သွင်းခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းများ မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ဒုတိယနေ့တွင် ပြည်သူ့ရေးရာကော်မတီနှင့် လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာအား လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး လွှတ်တော်က မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းများ မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပြန်လည်ဖြေကြားခြင်းတို့ကို ဆက်လက် ဆောင်ရွက်ခဲ့သည်။
တတိယနေ့တွင် ၁-၂-၂၀၂၃ ရက်နေ့၊ ၁၀:၀၀ မှ ၁၅:၀၀ နာရီထိ ပြုလုပ်ခဲ့သော Silent Strike (တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်)တွင် ပူးပေါင်းပါဝင်ခဲ့သည့် ပြည်သူလူထုအား ပြည်ထောင်စုလွှတ်တော်က ချီးကျူးဂုဏ်ပြုကြောင်း အဆိုတင်သွင်းခြင်းနှင့် ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ခြင်းကို ဆောင်ရွက်ခဲ့သည်။ ဆက်လက်ပြီး ဖက်ဒရယ်ရေးရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီအရင်ခံစာအား လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းများ မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပြန်လည်ဖြေကြားခြင်းတို့ကို ဆက်လက် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က နိဂုံးချုပ်မိန့်ခွန်းပြောကြားပြီး ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ် အစည်းအဝေးအား ရပ်နားခဲ့သည်။
အစည်းအဝေးအစီအစဉ်များ
အစီရင်ခံစာများ
အဆိုများ
Questions and Answers
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ်အစည်းအဝေး၊ ပထမနေ့ အစီအစဉ်အား အများပြည်သူကြည့်ရှုနိုင်ရန် CRPH Facebook Page၊ PVTV Facebook Page နှင့် CRPH Website: www.crphmyanmar.org တို့တွင် တိုက်ရိုက်ထုတ်လွင့်သွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
