မူလ / ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများ ပညာသင်ယူခွင့်နှင့်စပ်လျဥ်း၍ CRPH ကော်မတီ (၃) ရပ် တွေ့ဆုံဆွေးနွေး

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများ ပညာသင်ယူခွင့်နှင့်စပ်လျဥ်း၍ CRPH ကော်မတီ (၃) ရပ် တွေ့ဆုံဆွေးနွေး

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများ ပညာသင်ယူခွင့်အပေါ် စိန်ခေါ်မှုများနှင့် ကန့်သတ်ခံရမှုများ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် အကူအညီပေးအပ်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ကော်မတီ (၃) ရပ်ဖြစ်သည့် ပညာရေးကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် အလုပ်သမားရေးရာကော်မတီတို့သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့၊ ၁၈၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အကူအညီပေးနိုင်ရေး ဆောင်ရွက်သင့်သည်များကို ဆွေးနွေးသဘောတူညီခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းကျောင်းများတွင် မြန်မာကလေးသူငယ်များ၏ ပညာသင်ကြားခွင့်အပေါ် ကန့်သတ်တားဆီးမှုများ ဖြစ်ပေါ်နေမှုအခြေအနေများ၊ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများ ပညာသင်ခွင့်ရရှိရေးအတွက် လွှတ်တော်ကဏ္ဍအနေဖြင့် ယခင်က ထိုင်းလွှတ်တော်ကိုယ်စားလှယ်များ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်သင့်သည်များ၊ NUG ပညာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်သွားသင့်သည်များ၊ ရွှေ့ပြောင်းကျောင်းများ အမြန် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြေပြင်အချက်အလက်များ ကောက်ယူခြင်းနှင့် အခြေအနေများအားဖော်ပြခြင်းကို ကော်မတီ(၃) ရပ်အကြား ပူးပေါင်းဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

ထို့ပြင် ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလာရသူများအတွက် အထောက်အထားများ၊ အလုပ်လုပ်ကိုင်ခွင့်နှင့် ရွှေ့ပြောင်းလာရသူများ၏ သားသမီး၊ လူငယ်များ ပညာသင်ကြားခွင့် ဆုံးရှုံးမှုများ မရှိစေရေးအတွက် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းလာသူများအရေး ကူညီဆောင်ရွက်နေကြသော အရပ်ဘက် အဖွဲ့အစည်းများ၊ ထိုင်းနိုင်ငံအစိုးရနှင့် လွှတ်တော်များမှ တာဝန်ရှိသူများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းဆောင်ရွက်နိုင်ရေးနည်းလမ်းများ ရှာဖွေ၍ သံတမန်နည်းလမ်းအရ အဖြေရှာသွားကြရန်လည်း သဘောတူညီခဲ့ပါသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ကော်မတီ (၃) ရပ်မှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးအား ၁၉၄၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top