မူလ / ၂၀၂၂ ခုနှစ် နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနား ကျင်းပခဲ့

၂၀၂၂ ခုနှစ် နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနား ကျင်းပခဲ့

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်

ယနေ့ကျရောက်သော နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနားကို ‘ဒီမိုကရေစီ ခိုင်မာဖို့ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ကာကွယ်စို့’ ဆောင်ပုဒ်ဖြင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)က ကြီးမှူးကျင်းပခဲ့ရာ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်တို့နှင့်တကွ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နိုင်ငံရေးပါတီများနှင့် ပြည်တွင်းပြည်ပမိတ်ဘက်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် နိုင်ငံတော် ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌတို့က ဒီမိုကရေစီနေ့ အထိမ်းအမှတ် မိန့်ခွန်း ပြောကြားခဲ့ကြသည်။

ထို့နောက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) မှ ဦးနောင်ချို၊ ကချင်ပြည်နယ် ပြည်သူ့ ပါတီ (KSPP) မှ ဦးလမာနော်အောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဗဟိုအလုပ်မှုဆောင် ဒေါက်တာမေဝင်းမြင့်၊ အမျိုးသမီးကိုယ်စားပြု အမျိုးသမီးမဟာမိတ်အဖွဲ့-မြန်မာ (WAC Myanmar) မှ ခေါန်နွေဦး၊ ကျောင်းသား/လူငယ် ကိုယ်စားပြု ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်များ ကော်မတီ (SURC)မှ ကိုညီညီအောင်၊ အကြမ်းမဖက်အာဏာဖီဆန်မှု (CDM) တွင် ပါဝင်သည့် ပညာရေးဝန်ကြီးဌာနမှ CDM ဆရာမ တီချယ်စု၊ အနုပညာရှင်များကိုယ်စားပြု သရုပ်ဆောင် ချစ်သုဝေနှင့် CDM စစ်သား/ရဲ များကိုယ်စားပြု ပြည်သူ့ရင်ခွင်မှ ဗိုလ်ကြီး လင်းထက်အောင် တို့က ဒီမိုကရေစီနေ့ အထိမ်းအမှတ် သဝဏ်လွှာများ အသီးသီး ဖတ်ကြားခဲ့ကြသည်။

အခမ်းအနား၌ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူနှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်၊ ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူနှင့် သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းတို့က အထိမ်းအမှတ် အမှာစကား ပြောကြားခဲ့ကြသည်။ ထို့ပြင် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုသမိုင်းမှတ်တမ်း ဗီဒီယိုကိုလည်း ပြသခဲ့သည်။

မွန်းတည့် (၁၂း၀၀) နာရီခန့်တွင် အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top