မူလ / အမေရိကန် မှ ပထမအဆင့် စတင် အရေးယူပြီ

အမေရိကန် မှ ပထမအဆင့် စတင် အရေးယူပြီ

class=wp-image-365

အမေရိကန် မှ ပထမအဆင့် စတင် အရေးယူပြီ“အမိန့်နာခံရ၍ ဆိုသည်ကို လက်မခံ” အင်အားသုံးပါက အရေးယူသွားမည်ဟု ကုလ သတိပေး

အမေရိကန် စံတော်ချိန် ဗုဒ္ဓဟူးနေ့ နေ့လည် ၁ နာရီ တွင် မြန်မာရှိ အာဏာသိမ်းခေါင်းဆောင်များအား ဒဏ်ခတ် အရေးယူမည့် ကနဦး အစီအစဉ်များကို သမ္မတ ဘိုင်ဒင်က စတင်ကြေညာလိုက်ပြီ ဖြစ်သည်။ သူ၏ အဆိုအရ ကနဦး အစီအစဉ်များထဲတွင် အမေရိကန်ရှိ မြန်မာ အစိုးရ ၏ ဒေါ်လာ တစ်ဘီလီယံ တန်ဖိုးရှိ ပိုင်ဆိုင်မှုများကို အသုံးပြု၍ မရအောင် ထိန်းချုပ်ခြင်း အပါအဝင် စစ်ခေါင်းဆောင်များ၊ ၎င်းတို့၏ မိသားစုများ၊ စီးပွားရေး လုပ်ငန်းများ အပေါ် ဒဏ်ခတ်မည့် သမ္မတ အမိန့်ကိုလည်း လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်သည်။ အမေရိကန် ထံသို့ တင်သွင်းနေသော ပို့ကုန်များ ကိုလည်း ထိန်းချုပ်လိုက်ပြီ ဖြစ်သည်။ သို့သော် ပြည်သူများထံသို့ တိုက်ရိုက်ရောက်ရှိနိုင်မည့် အကူအညီများကို ဆက်လက်ပေးသွားမည်ဟု ဆိုသည်။ ထို့အပြင် စစ်ခေါင်းဆောင်များအနေနှင့် အာဏာကို ချက်ခြင်း စွန့်လွှတ်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထား သူများအား ပြန်လွှတ်ပေးရန်နှင့် အကြမ်းမဖက်ရန်ပါ ထပ်မံတောင်းဆိုလိုက်သည်။မိမိ အနေဖြင့် ဆက်လက်ပြီး အရေးယူသွားရန် ရှိနေပြီး အင်ဒို-ပစိဖိတ် ဒေသတွင်းရှိ မဟာမိတ်နိုင်ငံများ နှင့် အတူ ပူးတွဲ ကြိုးပမ်းသွားမည်ဟု လည်း ဆိုသည်။ အာဏာသိမ်း အဖွဲ့သည် အမေရိကန် တို့ တုန့်ပြန်လာနိုင်သည်ကို သိသိကြီး နှင့် စိန်ခေါ်လိုက်ခြင်းလည်း ဖြစ်၍ အာဏာသိမ်းအဖွဲ့အပေါ် အလျော့ပေးသွားမည် မဟုတ်သည်က ကြိမ်းသေနေပြီ ဖြစ်သည်။အင်အားသုံး ခြိမ်းခြောက်လာနေမှုများ ကြားမှ နိုင်ငံတဝှမ်းရှိ ပြည်သူများက ငါးရက်မြောက်နေ့အဖြစ် အထွေထွေ သပိတ်ကြီးကို ဆင်နွှဲလာနေချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးတာဝန်ခံ တွန် အင်ဒရူး မှ လုံခြုံရေး တပ်ဖွဲ့များ၏ အင်အား အသုံးပြုခဲ့မှု အပေါ် ထိတ်လန့်တုန်လှုပ်မိကြောင်း၊ မြန်မာ စစ်တပ် နှင့် ရဲအဖွဲ့ဝင်များအား အလွန်အကျွံ အင်အား အသုံးမပြုရဆိုသော နိုင်ငံတကာ ဥပဒေ တာဝန်ခံယူထားမှုကို သိရှိ ထားပြီး ဖြစ်သည်ဟု ယူဆပြီး တရားစွဲဆို ခံရမည် ဖြစ်သည် ဟု သတိပေးချက် ထုတ်ပြန်လိုက်သည်။ထိုသို့ ကျူးလွန်မှုများသည် နိုင်ငံတကာ ရာဇဝတ်မှု များ ဖြစ်ပြီး “အမိန့်နာခံရ၍” ဆိုသော အကြောင်းပြချက် များကို လုံးဝ လက်ခံမည် မဟုတ်ပဲ အမိန့် ပေးသူ မှ အောက်ခြေ ကျူးလွန်ခဲ့သူ အဆင့်ဆင့်ကို ဖေါ်ထုတ်ကာ လူသားများကို ကျူးလွန်သော စစ်ရာဇဝတ်မှုများ ဖြင့် အရေးယူသွားမည် ဟု ပြောကြားသွားခဲ့သည်။တပ်မတော်သားများ နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် မင်းအောင်လှိုင် နှင့် သူ၏ မိသားစု ဆက်လက် စည်းစိမ် များ ခံစားနိုင်ရေး အတွက် လူထုနှင့် လမ်းများပေါ်တွင် ထိပ်တိုက် ရင်ဆိုင်နေခဲ့ကြရရုံမက ယခုပင် နိုင်ငံတကာ စစ်ရာဇဝတ်ကောင်များ အဖြစ် အမည် စာရင်း တင်သွင်းခံရပြီး သားသမီးများ ပြည်ပထွက်ခွာခွင့် ရကြ တော့မည် မဟုတ်သည့် အနေအထားနှင့် ထပ်မံရင်ဆိုင်ရတော့မည် ဖြစ်သည်။မျိုးဆက်သစ် “Z” များ ကတော့ သွေးထွက်သံယိုမှု ဖြစ်၍ အလျော့ပေးလိုက်လျှင် တတိုင်းပြည်လုံး နောက်ထပ် သွေးထွက်သံယိုမှုများ အမြဲလို ဖြစ်နေတော့မည် ဖြစ်၍ အဆုံးထိ တိုက်ပွဲဝင်သွားမည်ဟု သံဓိဌာန် ချထားခဲ့ကြပြီး ဖြစ်သည်ဟု ရိုက်တာ သတင်းဌာနအား ပြောပြခဲ့ကြသည်။ယခုအခါ မင်းအောင်လှိုင်၏ ညီမျှခြင်းထဲတွင် လုံးဝ မပါဝင်ခဲ့သော CDM လှုပ်ရှားမှုကြီး နှင့် ရင်ဆိုင်လာနေရပြီး ကျန်းမာရေး နှင့် ဗဟိုဘဏ် အပါအဝင် အခြား ဘဏ်ဝန်ထမ်းများ၊ လေကြောင်းထိန်းသိမ်းရေး ဝန်ထမ်းများ ၏ လှုပ်ရှားမှု သည် စစ်ခေါင်းဆောင်များ သွေးပျက်လာအောင် ထိပ်ဆုံးမှ လုပ်လာနိုင်ခဲ့ကြပြီ ဖြစ်သည်။ ယခုပင် ကယားပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင်များ ပြည်သူနှင့် အတူ ပူးပေါင်းသွားသည့်အဖြစ်ကို အထိတ်တလန့် ကြေညာချက် ထုတ်ကာ မျက်စိမှိတ် ငြင်းဆိုနေကြရလေသည်။မင်းအောင်လှိုင်သည် ဖောင်းကားစား မောင်မောင် စံချိန် ကျိုးသွားနိုင်ခဲ့ပြီ ဖြစ်သော်လည်း ဦးစိန်လွင် နှင့် ဒေါက်တာ မောင်မောင် တို့ စံချိန်ကို ချိုးနိုင်မည်လားကို အားလုံးက စောင့်ကြည့်နေကြသည်။ ၁၉၈၈ တွင် အထွေထွေ သပိတ်တိုက်ပွဲကြီးကို တလခန့် ဆက်တိုက်လို ဆင်နွှဲနိုင်ခဲ့ကြ၍ စိတ်မာခက်ထန်လှပါသည် ဆိုသော ဗိုလ်နေဝင်း နှင့် မဆလ တဖွဲ့လုံး နိဂုံးချုပ်သွားခဲ့ရပြီ ဖြစ်သည် မဟုတ်ပါလော၊ အာဏာသိမ်း ခေါင်းဆောင်များ အဖို့က မင်းအောင်လှိုင်ကို ဖယ်ရှားပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းတို့ ထွက်ပေါက် အတွက် ဆွေးနွေးကြဖို့သာ ရှိပေတော့သည်။လက်ရှိတွင် မင်းအောင်လှိုင်က ဆန္ဒပြမှုများ ရေရှည်တွင် သူ့အလိုလို တဖြေးဖြေး နှင့် ပြီးဆုံးသွားလိမ့်မည်ဟု ဆိုကာ တင်းခံနေမည်သာ ဖြစ်သည်။ယခုအခါ ကိုဗစ်-၁၉ ကြောင့် စီးပွားရေး ထိခိုက်နေမှုများ ပြန်လည် ဦးမော့လာနိုင်စရာ မရှိသည့် အပြင် အာဏာသိမ်း အဖွဲ့၏ လုပ်ရပ်ကို အထိတ်တလန့် ဖြစ်ကာ ပြည်ပရင်းနှီးမြုပ်နှံသူများ တစတစ ပြန်လည် ထွက်ခွာနေပြီ ဖြစ်သဖြင့် တိုင်းပြည်အတွက် လွန်စွာ ကြီးမားသော ထိခိုက် နစ်နာမှု များ ဖြစ်လာခဲ့ရသည်။ ထို့ပြင် နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်း များ ဖြစ်သော ကမ္ဘာဘဏ်၊ အိုင်အမ်အက်ဖ် နှင့် အေဒီဘီ တို့မှလည်း စစ်ခေါင်းဆောင်များနှင့် ၎င်းတို့ လက်ဝေခံများ၏ အပုပ်နံ့ တလှိုင်လှိုင်ထွက်နေမှုများကြောင့် ရှေ့လျှောက် ထပ်မံ ဆက်ဆံသွားရန် ဝန်လေးနေကြသည်ဟု သတင်းများက ဆိုသည်။အတည်မပြုနိုင်သေးသော သတင်းများအရ မင်းအောင်လှိုင်အဖွဲ့တွင် နိုင်ငံဘတ်ဂျက်အတွက် ငွေကြေး ပြဿနာများ ရင်ဆိုင်နေရပြီ သိရသည်။နိုင်ငံတကာ ကုမ္ပဏီများသည် အမေရိကန်၏ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုများ နှင့် နိုင်ငံတကာ၏ ဖိအား များကြောင့် တဖြေးဖြေး နှင့် ဆုတ်ခွာတော့မည် ဖြစ်၍ စစ်တပ်၏ အဓိက ဝင်ငွေရရာ ရကြောင်း ဖြစ်သည့် ဦးပိုင် လုပ်ငန်းများကို ထိခိုက် လာတော့မည်လည်း ဖြစ်သည်။တပ်မတော်သား များသည် ယခုလက်ရှိ ဖြစ်ရပ်ကို စစ်ခေါင်းဆောင်များ၏ မှိုင်းတိုက်ထားခြင်း ခံနေရ၍ နိုင်ငံရေး ပြဿနာဟု ထင်မြင်ထားနေမှုများကို ချေဖျက်ပေးရမည်။ အာဏာသိမ်း အဖွဲ့၏ လုပ်ရပ် အောင်မြင် သွားပါက တိုင်းပြည်သည် တရုပ်၏ ကြိုးဆွဲရာ ကရတော့မည့် ဘဝဖြင့် နေထိုင်သွားရတော့မည်၊ တရုတ်၏ ကျွန် ဘဝ ကျရောက်သွားတော့မည်က အထင်အရှား ဖြစ်နေသည်ကို သဘောပေါက်အောင် ပြောဆိုရမည်၊ ၎င်းတို့ ရှေ့တွင် ထည့်၍ ကြွေးကြော်မှ ဖြစ်ပေမည်။တရုတ်သံရုံး ရှေ့တွင်လည်း မြန်မာ အစိုးရနှင့် အဆက်အဆံ မလုပ်ရန် “Please Do Not Support the Coup Leaders” ဟု ရေးကာ သွားရောက် ဆန္ဒပြပြီး ဖိအားပေးရန်လည်း လိုအပ်နေသည်။ ကုလ လုံခြုံရေး ကောင်စီမှ အာဏာသိမ်း လုပ်ရပ်အား ရှုတ်ချကြောင်း မကြေညာနိုင်ခဲ့ပဲ စိုးရိမ်မကင်း ဖြစ်ကြောင်းသာ ထွက်ရှိလာသည်မှာလည်း တရုတ်ကြောင့်ပင် ဖြစ်သည်။ ၎င်းတို့သဘောတူအောင် စကားလုံးကို ပြောင်းလဲပေးခဲ့ရသည်။တရုတ် သံရုံးမှ ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်လာသော လေယာဉ်သည် ပုံမှန် ကုန်စည်များ တင်ဆောင် လာခြင်း သာ ဖြစ်၍ IT နည်းပညာရှင်များ သယ်ဆောင်လာသည်မှာ မဟုတ်မှန်ကြောင်း ကြေညာချက် ထုတ်ပြန်ကာ ငြင်းဆိုလာရပြီ ဖြစ်သည်။ယနေ့တွင် မည်သည့် အကြမ်းဖက်မှုများ မရှိသည်ကပင် အောင်ပွဲ၏ လက္ခဏာ တခု ဖြစ်သည်။ ထိုအထဲတွင် လမ်းပေါ်သို့ လူများ ထွက်မလာစေရန် အတွင်းသတင်းပါ ခင်ဗျာ၊ ရှယ်ပေးကြပါ ဆိုကာ ဘယ်တပ်မတော် ကတော့ ကားဘယ်နှစ်စီး နဲ့ မြို့ထဲ ဝင်လာနေပြီ၊ ဆိုသော သတင်းမှား များ ဖြင့် တတ်နိုင်သလောက် ခြိမ်းခြောက် ဖြန့်ချီနေကြသည်ကို သတိပြုမိရန်လိုသည်။၎င်းတို့၏ သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ ရဲတပ်ဖွဲ့သည် လူကိုသေစေနိုင်သည့် လက်နက်များ အသုံးပြုခဲ့ခြင်း မရှိဘဲ အကြမ်းဖက် မှု ကို စုံစမ်းစစ်ဆေးနေပါသည်ဟု သတင်းထုတ်ပြန်လာခဲ့ရသည်ကို ကြည့်နိုင်သည်။ယခုအချိန်သည် ၁၉၈၈ တုန်းကလို မဟုတ်ဘဲ အမေရိကန်သည်လည်း အသေအချာ ကိုင်တွယ်သွားရတော့မည် ဖြစ်သည်။ ၁၉၈၈ အတွင်း အရှေ့ဥရောပ နှင့် ဆိုဗီယက် ပြည်ထောင်စုကြီး အက်ကြောင်း ထလာနေပြီး ပြိုကွဲလုမတတ် ဖြစ်လာနေသည်ကို အမေရိကန်က အထူး ဦးစားပေး တွန်းအားပေးနေရ၍ ကမ္ဘာအရေးအခင်းများ ကို စိတ်မဝင်စား နိုင် ဖြစ်နေရသည်။ ယခု အရေးတွင် အမေရိကန်က ကောင်းစွာ မကိုင်တွယ်နိုင်ပါက ဒေသတွင်း ရှိ ကမ္ဘောဒီယား နှင့် ဖိလစ်ပိုင် ကဲ့သို့ နိုင်ငံများ ခေါင်းထောင်လာပြီး တရုတ် ဩဇာခံများ ဖြစ်လာမည်ကို သမ္မတ ဘိုင်ဒင် ကောင်းစွာ သိရှိနေပြီး ဖြစ်သည်။ ထို့အပြင် လက်ရှိ ပြောင်းလဲလာနေသော ဘူမိနိုင်ငံရေး အနေ အထား အရ မြန်မာ သည် အမေရိကန်တို့ အဖို့ မည်သို့မျှ လက်လွှတ်၍ မရအောင် အရေးပါသည့် အနေအထားလည်း ရောက်လာနေသည်။ဂျပန် ဥပဒေပြု အမတ်များအားလုံးက ၎င်းတို့၏ အစိုးရကို အမေရိကန် နှင့် အီးယူတို့နှင့် လက်တွဲ၍ အာဏာသိမ်း အဖွဲ့ကို ထိရောက်စွာ အရေးယူပေးရန် တိုက်တွန်းလိုက်ကြသည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်ထော်နီ ဘလင်ကင်သည် ဂျပန်နိုင်ငံခြားရေး ဝန်ကြီး မိုတေးဗီ နှင့် မြန်မာ အရေး အပေါ် မိနစ် လေးဆယ်ကြာ တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့ကြပြီး နေပြည်တော် သပြေကုန်းဝိုင်း ပစ်ခတ် မှုကိုရှုတ်ချကြောင်း ပြောဆိုခဲ့ကြသည်။ကုလ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်လည်း ဖြစ်သော နော်ဝေးသည် ဒီမိုကရေစီနည်းအရ ရွေးချယ်တင်မြှောက် ထားသော အစိုးရအား လက်နက်အားကိုး ဖြင့် အာဏာသိမ်းယူခဲ့မှုကို ရှုတ်ချပြီး အနီးကပ် စောင့်ကြည့် သွားမည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။ သောကြာနေ့တွင် ကျင်းပရန် ရှိသည့် ကုလ လူ့အခွင့်အရေး ကော်မရှင်၏ အထူး အစည်းအဝေးတွင် အာဏာသိမ်းမှုကို ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်နိုင်ရေး အတွက်လည်း တက်ကြွစွာ ပါဝင်ဆွေးနွေးသွားမည်ဟု ဆိုသည်။ကမ္ဘာ အလုပ်သမား အဖွဲ့ချုပ်ကြီးက မြန်မာနိုင်ငံ၏ အခြေအနေအပေါ် လွန်စွာ စိုးရိမ်မကင်း ဖြစ်ရကြောင်း၊ စစ်တပ်အနေဖြင့် ပြည်သူများ၏ ဆန္ဒနှင့် CDM တွင် ပါဝင်လှုပ်ရှားနေသော အလုပ်သမား များ၏ လွတ်လပ်စွာ ပါဝင်နိုင်ခွင့်အား လေးစားလိုက်နာရန် ကို တောင်းဆိုလိုက်သည်။ကမ္ဘာတဝှမ်း ရှိ မြန်မာ ပြည်ဖွားများသည်လည်း နိုင်ငံတွင်း အခြေအနေများကို စိတ်မချမ်းမြေ့ခြင်း ကြီးစွာ ဖြင့် နေ့စဉ်လို စောင့်ကြည့်နေကြပြီး ဆုတောင်းပေးလျှက် ရှိနေကြသည်။

Scroll to Top