မူလ / ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေးတွင် နိုင်ငံတကာဆက်ဆံရေးကော်မတီက တင်သွင်းခဲ့သည့် အဆိုအား ဦးစိုင်းပန်ဖ (မဲဆန္ဒနယ်အမှတ် (၅)၊ ကယား/ကရင်နီပြည်နယ်) ၏ ထောက်ခံဆွေးနွေးချက်

ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေးတွင် နိုင်ငံတကာဆက်ဆံရေးကော်မတီက တင်သွင်းခဲ့သည့် အဆိုအား ဦးစိုင်းပန်ဖ (မဲဆန္ဒနယ်အမှတ် (၅)၊ ကယား/ကရင်နီပြည်နယ်) ၏ ထောက်ခံဆွေးနွေးချက်

“မြန်မာနိုင်ငံ၌ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးနှင့် ဒေသတွင်း တည်ငြိမ်ရေးတို့ အတွက် ဆက်လက်ပံ့ပိုးကူညီပေးရန်နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ် ရေး အစိုးရအပါအဝင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသော အင်အားစုများနှင့် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နိုင်ရေး နိုင်ငံတကာအသိုက်အဝန်းသို့ တိုက်တွန်းကြောင်း” အဆိုအား ဦးစိုင်းပန်ဖ (မဲဆန္ဒနယ်အမှတ် (၅)၊ ကယား/ကရင်နီပြည်နယ်) ၏ ထောက်ခံဆွေးနွေးချက်
 
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်
 
ဦးစိုင်းပန်ဖ (မဲဆန္ဒနယ်အမှတ်-၅၊ ကယား/ကရင်နီပြည်နယ်)။ လေးစားအပ်ပါသော ပြည်ထောင်စု လွှတ်တော် နာယကကြီးနှင့် လေးစားအပ်ပါသော လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ။ ကျွန်တော်ကတော့ ကရင်နီပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၅) မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်ဖ ဖြစ်ပါတယ်။ နိုင်ငံတကာဆက်ဆံရေးကော်မတီကိုယ်စား ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၇) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအာကာမျိုးထက် တင်သွင်းသော “မြန်မာနိုင်ငံ၌ ဖက်ဒရယ် ဒီမိုကရေစီစနစ် တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးနှင့် ဒေသတွင်းတည်ငြိမ်ရေးတို့အတွက် ဆက်လက်ပံ့ပိုးကူညီပေးရန်နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသော အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး နိုင်ငံတကာ အသိုက်အဝန်းသို့ တိုက်တွန်းကြောင်း” အဆိုကို လွှတ်တော်က လက်ခံဆွေးနွေးသင့်ကြောင်း ထောက်ခံ တင်ပြလိုပါတယ်ခင်ဗျာ။
 
လေးစားအပ်ပါသော နာယကကြီးခင်ဗျာ။ ဒီအဆိုဟာ ယနေ့ မြန်မာနိုင်ငံ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေများနှင့် တိုက်ရိုက်သက်ဆိုင်နေပြီး ပြည်ထောင်စုလွှတ်တော်အနေနဲ့ မလွဲမသွေ လက်ခံဆွေးနွေးသင့်တဲ့ အရေးပါသော အဆိုတစ်ရပ်ဖြစ်တယ်လို့ ကျွန်တော်အလေးအနက်ယုံကြည်ပါတယ်။ အကြမ်းဖက် စစ်အုပ်စု၏ တရားမဝင် အာဏာသိမ်းမှုဟာ ယခုဆိုရင် (၅) နှစ်နီးပါး ကြာမြင့်လာခဲ့ပြီဖြစ်ပြီး အဲဒီကာလအတွင်းမှာ မြန်မာပြည်သူလူထုဟာ အသက်အိုးအိမ်ဆုံးရှုံးရမှုများ၊ နေရပ်စွန့်ခွာရမှုများ၊ စီးပွားရေးကျဆင်းမှုများနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီ အရေးပေါ်လိုအပ်မှုတွေကို ဆက်လက်ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။ စစ်အုပ်စုဟာ အာဏာဆုပ်ကိုင်နိုင်ရေးနှင့် ၎င်းတို့ ကိုယ်ကျိုးစီးပွားအတွက် ပြည်သူအပေါ် ရက်စက်ကြမ်းကြုတ်ခြင်း၊ တိုင်းပြည်အရင်းအမြစ်များကို အလွဲသုံးခြင်း၊ မိမိနိုင်ငံကို ကမ္ဘာ့အလယ်မှာ နာမည်ဆိုးဖြင့် ကျော်ကြား သော နိုင်ငံတစ်ခုအဖြစ် တွန်းပို့ချနင်းခြင်း စတဲ့ နည်းလမ်းမျိုးစုံသုံးပြီး အစွမ်းကုန် ယုတ်မာမိုက်မဲနေပါတယ်။ 
 
လေးစားအပ်ပါသော နာယကကြီးခင်ဗျာ။ ဒီအခြေအနေအောက်မှာ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေး၊ စစ်မှန်သော ငြိမ်းချမ်းရေးရရှိရေးနှင့် ဒေသတွင်းတည်ငြိမ်ရေးဆိုတာတွေဟာ မိမိတို့နိုင်ငံ အတွက်သာမက ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအတွက်ပါ အလွန်အရေးကြီးလာနေပါတယ်။ အဆိုရှင်ကလည်း တင်ပြခဲ့သလို ယနေ့အချိန်မှာ အကြမ်းဖက်စစ်အုပ်စုဟာ အရပ်သားပြည်သူများနေထိုင်ရာ နေရာများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများကို ဆက်လက် လုပ်ဆောင်နေသလို မတရားဖမ်းဆီးမှုများ၊ အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းမှုများကိုပါ တိုးမြှင့်လုပ်ဆောင်လာ တာ အားလုံးအသိပဲဖြစ်ပါတယ်။ အဲဒါကြောင့် ပြည်သူအများအပြားဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရပြီး အထူးသဖြင့် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများလို ထိခိုက်လွယ်သော အုပ်စုများသည် အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရနှင့် တော်လှန် ရေးအင်အားစုများက ဒီလိုအပ်ချက်များကို ကြိုးစားဖြည့်ဆည်းနေကြပေမယ့် တော်လှန်ရေးကာလ အရင်း အမြစ် အကန့်အသတ်များကြောင့် နိုင်ငံတကာ၏ အကူအညီများဟာ အထူးလိုအပ်လျက်ရှိပါတယ်။ 
 
လေးစားအပ်ပါသော နာယကကြီးခင်ဗျာ။ ဒီလိုအခြေအနေအတွင်းမှာ စစ်အုပ်စုက ၎င်းတို့၏ တရားမဝင်မှုကို တရားဝင်အဖြစ် နိုင်ငံတကာက အသိအမှတ်ပြုလက်ခံလာစေရန်အလို့ငှာ အတုအယောင် ရွေးကောက်ပွဲများ ကျင်းပရန် ပြင်ဆင်နေခြင်းဟာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအနာဂတ်အတွက် အလွန်အန္တရာယ်ရှိသည့် အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ်ဆိုး အသက်ဆက်စေမယ့် ဒီလိုအတုအယောင်ရွေးကောက်ပွဲကို ကမ္ဘာ့နိုင်ငံများက လုံးဝမထောက်ခံ၊ ကန့်ကွက်ရှုတ်ချကြရန်အတွက် ပြည်ထောင်စုလွှတ်တော်အနေဖြင့် ပိုမိုထိရောက်စွာ တိုက်တွန်းနှိုးဆော်ကြရန် အရေးကြီးသည့် အချိန်အခါ ဖြစ်တယ်။ 
 
လေးစားအပ်ပါသော နာယကကြီးခင်ဗျာ။ မကြာသေးမီက နိုင်ငံတကာပါလီမန်များ၊ ဥရောပပါလီမန်၊ နယူးဇီလန်လွှတ်တော်နှင့် အမေရိကန်လွှတ်တော်တို့က မြန်မာပြည်သူလူထုနှင့်အတူ ရပ်တည်ကြောင်း ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့ခြင်းဟာ မိမိတို့အတွက် အားအင်တစ်ရပ်ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် အဲဒီထောက်ခံမှုတွေကို တစ်ကြိမ်တစ်ခါမျှဖြင့် ပြီးဆုံးသွားခြင်းမျိုးမဟုတ်ဘဲ ဆက်လက်မြဲမြံခိုင်မာပြီး ၎င်းတို့၏ လွှတ်တော်၊ အစိုးရများအနေနဲ့ မူဝါဒများချမှတ်ကာ အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို လူသိရှင်ကြားထုတ်ဖော်ကန့်ကွက်လာကြရေးနှင့် စစ်အုပ်စုအား မည်သည့်နည်းလမ်းနှင့်မျှ တရားဝင်မှုမပေးရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု Global Action ဖြစ်လာစေရန် မြန်မာ့လွှတ်တော်အနေဖြင့် ပြည်သူများကိုယ်စား ကြိုးပမ်းသွားရမည်ဟု ကျွန်တော်ယုံကြည်ပါတယ်။ ဒီအဆိုဟာ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေများကို ထင်ဟပ်ပြီး ပြည်သူ့ဒုက္ခ၊ ပြည်သူ့လိုလားချက်များကို ပဲ့တင်ထပ်စေပြီး နိုင်ငံတကာကို မီးမောင်းထိုး လုပ်ဆောင်နိုင်မယ့် အဆိုတစ်ရပ်ဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ယူဆတဲ့အတွက် အဆိုရှင်တင်သွင်းသည့်အတိုင်း ပြည်ထောင်စုလွှတ်တော်မှ လက်ခံဆွေးနွေးသင့်ပါကြောင်း လေးနက်စွာ ထောက်ခံလိုက်ရပါတယ် ခင်ဗျာ။
 
ကျေးဇူးတင်ပါတယ်ခင်ဗျာ။ 
Scroll to Top