“မြန်မာနိုင်ငံ၌ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးနှင့် ဒေသတွင်း တည်ငြိမ်ရေးတို့အတွက် ဆက်လက်ပံ့ပိုးကူညီပေးရန်နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေး အစိုးရအပါအဝင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသော အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး နိုင်ငံတကာအသိုက်အဝန်းသို့ တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ ဒေါ်ရှားမီး (ကလေးမဲဆန္ဒနယ်၊ စစ်ကိုင်းတိုင်းဒေသကြီး) ၏ ဆွေးနွေးချက်
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်
ဒေါ်ရှားမီး (ကလေးမဲဆန္ဒနယ်၊ စစ်ကိုင်းတိုင်းဒေသကြီး)။ လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များအားလုံး မင်္ဂလာပါရှင့်။ ကျွန်မကတော့ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် ပြည်သူတွေ မဲပေးရွေးကောက်ခြင်းခံခဲ့ရတဲ့ ကလေးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီး ဖြစ်ပါတယ်။ ကျွန်မက လူနည်းစု တိုင်းရင်းသူ ချင်းအမျိုးသမီးတစ်ဦးလည်း ဖြစ်ပါတယ်။
CRPH နိုင်ငံတကာဆက်ဆံရေးကော်မတီကိုယ်စား ကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး အမှတ် (၇) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအာကာမျိုးထက် တင်သွင်းထားတဲ့ “မြန်မာနိုင်ငံ၌ ဖက်ဒရယ် ဒီမိုကရေစီစနစ် တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးနှင့် ဒေသတွင်းတည်ငြိမ်ရေးတို့အတွက် ဆက်လက်ပံ့ပိုး ကူညီပေးရန်နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသော အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး နိုင်ငံတကာအသိုက်အဝန်းသို့ တိုက်တွန်းကြောင်း” အဆိုကို ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်ရှင့်။
ဒီနေ့ဒီအဆိုကို ပါဝင်ထောက်ခံဆွေးနွေးရတာက နိုင်ငံရေးရပ်တည်ချက်အမြင်တစ်ခုကို ပြောချင်ရုံသက်သက်မဟုတ်ဘဲ တိုင်းရင်းသားဒေသတွေမှာ နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရတဲ့ စစ်၊ အကြမ်းဖက်မှုနဲ့ မတရားမှုများကနေ သင်ခန်းစာရလာတဲ့ အသံတစ်ခုကို ကျွန်မတို့မိတ်ဆွေများနဲ့ နိုင်ငံတကာအသိုက်အဝိုင်းကို မျှဝေချင်လို့ ဖြစ်ပါတယ်။
လေးစားရပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီးရှင့်။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်များကြောင့် ဖြစ်ရတဲ့ အတိဒုက္ခဟာ ၂၀၂၁ ကမှ စတင်ခဲ့တာ မဟုတ်ပါဘူး။ တိုင်းရင်းသားဒေသတွေအပါအဝင် ဒေသတော်တော်များများမှာ နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရပါတယ်။ ဗမာဒေသတွေမှာလည်း စစ်ဒဏ်ကို မခံစားရရင်နေမယ်။ စစ်အာဏာရှင်စနစ်ဆိုးကြောင့် မမျှတခြင်း၊ ဆင်းရဲမွဲတေခြင်းဒဏ်တွေကိုတော့ အားလုံးနဲ့အတူ ခံစားကြရပါတယ်။ အဲဒီအကြောင်းကြောင့်ပဲ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် ငြိမ်းချမ်းရေးဆိုတာ လက်မှတ်ထိုးစာချုပ်တစ်ခုမဟုတ်ဘဲ လူသားလုံခြုံရေးနဲ့ ယုံကြည်မှု တည်ဆောက်ခြင်း ဖြစ်ပါတယ်။ ဒီအဆိုကို ထောက်ပြလိုတဲ့ အချက်တစ်ချက်က အလွန်အရေးကြီးပါတယ်။ မြန်မာနိုင်ငံရဲ့ အကြမ်းဖက်မှုများ၊ စစ်ရေးပဋိပက္ခများနဲ့ တရားမဝင် စီးပွားရေးလုပ်ငန်းများရဲ့ အရင်းအမြစ်ဟာ စစ်အာဏာကို အလွန်အမင်း ဗဟိုပြုထားတဲ့ စစ်ရေးအာဏာရှင်စနစ်ကြောင့် ဖြစ်ပါတယ်။ တိုင်းရင်းသားဒေသတွေမှာ ဒီလိုဗဟိုပြုစစ်အာဏာ က ဒေသခံပြည်သူတွေရဲ့ အသံကို ပိတ်ထားတယ်၊ ဒေသဆိုင်ရာအုပ်ချုပ်မှုကို ဖျက်ဆီးတယ်၊ အကြမ်းဖက်မှုနဲ့ မတရားမှုတွေကို မွေးဖွားစေတယ်။ ဒါကြောင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ခြင်းဟာ နိုင်ငံရေးရည်ရွယ်မှု တစ်ခုမဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက် မဖြစ်မနေလိုအပ်တဲ့ လမ်းကြောင်းဖြစ်ပါတယ်။
ဒီနေ့ ဆွေးနွေးနေတဲ့ Scam Centers၊ လူကုန်ကူးမှုနဲ့ တရားမဝင် စီးပွားရေးလုပ်ငန်းတွေကို တိုင်းရင်းသားဒေသအမြင်ကနေ ကြည့်မယ်ဆိုရင် အချက်တစ်ချက် ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။ ဒီလို လုပ်ငန်းတွေဟာ ဒေသခံပြည်သူတွေရဲ့ ဆန္ဒနဲ့မသက်ဆိုင်ဘဲ လက်နက်ကိုင်အုပ်ချုပ်မှုအောက်မှာသာ ဖြစ်ပေါ် လာတာပါ။ ဖက်ဒရယ်ဒီမိုကရေစီစနစ် မရှိတဲ့အခါ ဒေသခံအာဏာပိုင်မှု မရှိပါဘူး။ တရားဥပဒေစိုးမိုးမှု မရှိပါဘူး။ ဒေသခံပြည်သူတွေက ကိုယ့်နယ်မြေကို မကာကွယ်နိုင်ပါဘူးရှင်။ ဒါကြောင့် Scam Centers တွေဟာ ပြည်သူ့ အာဏာဖြစ်တဲ့ ဒီမိုကရေစီနဲ့ တိုင်းရင်းသားများ လိုလားတဲ့ ဖက်ဒရယ်စနစ်မရှိတဲ့ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုမရှိတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အကျိုးဆက်တွေထဲက တစ်ခုသာ ဖြစ်ပါတယ်။
လေးစားရပါတဲ့ နာယကကြီးရှင့်။ အမျိုးသမီးတွေ၊ အထူးသဖြင့် တိုင်းရင်းသားအမျိုးသမီးတွေဟာ စစ်ပွဲရဲ့ ဆိုးကျိုးများကို အရင်ဆုံး ခံစားရသူတွေပါ။ အကြမ်းဖက်စစ်အုပ်စုဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို လက်နက်သဖွယ် တရည်တရွယ် အသုံးပြုနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့အတွက် ဖက်ဒရယ် ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးဆိုတာ အနာဂတ်အိပ်မက်မဟုတ်ဘဲ အသက်ရှင်ရေး၊ လူ့ဂုဏ်သိက္ခာနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ လိုအပ်ချက်ပါရှင့်။
လေးစားရပါသော နာယကကြီးရှင့်။ ယနေ့အချိန်မှာ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် ဖက်ဒရယ်စနစ် တည်ဆောက်ရေးအတွက် အရေးကြီးသော အဆင့်တစ်ခုကို ကြုံတွေ့နေရပါတယ်။ လက်ရှိမှာ CRPH၊ NUG နဲ့ တော်လှန်ရေးအင်အားစုများအနေနဲ့ စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် အတူ ကြိုးပမ်းနေကြသလို တစ်ပြိုင်နက်တည်းမှာပဲ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် ဆွေးနွေးနေကြတာဖြစ်ပါတယ်။ ဒီနေရာမှာ အရေးကြီးတာက စစ်အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်းများစွာ တစ်ဦး အပေါ်တစ်ဦး၊ တစ်ဖွဲ့အပေါ်တစ်ဖွဲ့ အားနည်းခဲ့ကြတဲ့ နားလည်မှုနဲ့ ယုံကြည်မှုကို အလေးပေး ကြိုးစား တည်ဆောက်နေကြချိန် ဖြစ်ပါတယ်ရှင်။ စစ်အုပ်စုကလည်း သူတို့ရဲ့ တစ်သက်လုံး သပ်လျှိုသွေးခွဲရေးဗျူဟာ အတိုင်း CRPH၊ NUG နဲ့ တော်လှန်ရေးအင်အားစုတို့ကို အစွမ်းကုန် နှောင့်ယှက် ဖျက်ဆီးနေဆဲ ဖြစ်ပါတယ်။ စစ်အုပ်စုဟာ ဒေသတွင်းနှင့် နိုင်ငံတကာအပေါ် လိမ်လည်လှည့်ဖျားရေး ဗျူဟာကိုလည်း အစွမ်းကုန် ကျင့်သုံး နေတယ်ဆိုတာကိုလည်း နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ သတိရှိပြီး ကောင်းစွာ နားလည်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာအသိုက်အဝန်းကို သူတို့မြင်စေချင်တဲ့ အမြင်ကတော့ တော်လှန်ရေးအင်အားစုတွေ နိုင်သွားရင် မြန်မာပြည်အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားမယ်ဆိုတဲ့ အမြင်ပါ။ တကယ်တော့ မြန်မာပြည်ဟာ စစ်အုပ်စုရဲ့ မတရားတဲ့စနစ်နဲ့ ၎င်းတို့အကျိုးစီးပွားအတွက် ရှေ့တန်းတင် ချဉ်းကပ်တဲ့ ပြည်ပနိုင်ငံတချို့ရဲ့ စွက်ဖက်မှု ခြယ်လှယ်မှုအောက်မှာ အစိတ်အပိုင်းများသဖွယ် ဖြစ်လာနေတယ်ဆိုတာ နိုင်ငံတကာအသိုက်အဝန်းက အလေးအနက် သတိချပ်ဖို့ လိုအပ်ပါတယ်။
အကယ်၍ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ဆက်ပြီး သက်ဆိုးရှည်နေမယ်ဆိုရင် နိုင်ငံတကာက စိုးရိမ်နေသလို မြန်မာပြည်ဟာ အစိတ်အပိုင်းများသဖွယ် ပြိုကွဲသွားနိုင်မှု အမြဲရှိနေတယ်ဆိုတာ သေချာပါတယ်။ ဒီမိုကရေစီအင်အားစုတွေ အားသာမှသာလျှင် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပြီး တန်းတူညီမျှ ငြိမ်းချမ်းစွာ အတူတကွနေထိုင်နိုင်သော ပြည်ထောင်စုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်မအနေနှင့် နိုင်ငံတကာအသိုက်အဝန်းကိုလည်း ထပ်မံပြီး လေးလေးနက်နက် တိုက်တွန်းချင်ပါတယ်။ CRPH၊ NUG နှင့် တော်လှန်ရေးအင်အားစုများအပေါ် ထိရောက်စွာ ဆက်လက်အားပေး ပံ့ပိုးပေးရန်၊ ဖက်ဒရယ် ဒီမိုကရေစီစနစ်အတွက် နိုင်ငံတကာအဆင့်တွင် ဆွေးနွေးပူးပေါင်းကူညီကြစေလိုပါတယ်။
လေးစားအပ်ပါသော နာယကကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များရှင့်။ ငြိမ်းချမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအပေါ် ဆွေးနွေးရာမှာ ကျမတို့ မဖြစ်မနေထည့်သွင်းပြောဆိုရမယ့်အချက် တစ်ခု ရှိပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးအတွက် သူ့ဘဝတစ်ခုလုံးကို မြှုပ်နှံပြီး စစ်အာဏာရှင်စနစ်ကို အကြမ်းမဖက်နည်းလမ်းများဖြင့် အံတုခဲ့သူ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အပြန်အလှန် သဘောတူညီမှု၊ ညှိနှိုင်းဆွေးနွေးမှု၊ အကြမ်းမဖက် တော်လှန်ရေးနည်းလမ်းများကို အသုံးပြုပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် တင်နိုင်ရန်အတွက် ဆယ်စုနှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ အဲဒီလို ငြိမ်းချမ်းတဲ့လမ်းကြောင်းကို ဆွေးနွေးခဲ့သူကိုပဲ စစ်အာဏာရှင်များက မတရား စွပ်စွဲချက်များနှင့် အဓမ္မဖမ်းဆီးထောင်ချထားဆဲ ဖြစ်ပါတယ်။ ဒါဟာ လူတစ်ဦးကို ဖမ်းဆီးထားခြင်းမဟုတ်ဘဲ မြန်မာပြည်သူလူထုရဲ့ ဆန္ဒကို ချုပ်နှောင်အကျဉ်းချထားခြင်းပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သာမက ပြည်သူ့ရွေးကောက်ခံ အရပ်သားသမ္မတ ဦးဝင်းမြင့်အပါအဝင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ အမျိုးသမီးများနှင့် လူငယ်များ သောင်းနှင့်ချီပြီး ယနေ့ထိ မတရားဖမ်းဆီး ချုပ်နှောင်ခံထားရဆဲ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံရေးခေါင်းဆောင်များကို ထောင်ထဲတွင် ထားပြီးတော့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ လုံးဝ မဖြစ်နိုင်ပါဘူး။ တရားမျှတမှုမရှိဘဲ ယုံကြည်မှု မတည်ဆောက်နိုင်ပါဘူး။
ဒါကြောင့် ကျွန်မအနေနှင့် ဒီအဆိုကို ထောက်ခံ၍ နိုင်ငံတကာအသိုက်အဝန်းကို လေးလေးနက်နက် တိုက်တွန်းချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးရန်၊ အရပ်သားသမ္မတ ဦးဝင်းမြင့် အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးကို လွှတ်ပေးရန်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ကို မြန်မာ့အရေးဆိုင်ရာ နိုင်ငံတကာဆောင်ရွက်မှုများ၏ အခြေခံအချက်အဖြစ် သတ်မှတ်ရန် ဖြစ်ပါတယ်။ နိုင်ငံတကာက ဒီလိုအရေးကြီးတဲ့အချက်ကို လက်တွေ့ထိရောက်တဲ့ ဆောင်ရွက်မှုများမပါဘဲ စစ်အုပ်စုရဲ့ လှည့်ဖျားတဲ့ အတုအယောင် လုပ်ဆောင်ပြမှုများအပေါ် အာရုံစိုက်နေပါက တကယ့်ငြိမ်းချမ်းရေးနဲ့ အလှမ်း ဝေးနေမှာပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဒီအဆိုဟာ မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်းနဲ့ နိုင်ငံတကာလုံခြုံရေး၊ ငြိမ်းချမ်းရေး ရှုမြင်ရာမှာ အရေးကြီးတဲ့ ညွှန်ပြချက်တစ်ခု ဖြစ်တာကြောင့် ကျွန်မအနေနဲ့ လေးလေးနက်နက် ထောက်ခံ ဆွေးနွေးလိုက်ရပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။


