မူလ / နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား အာဏာသိမ်းစစ်ကောင်စီက ထောင်ဒဏ်များ ထပ်မံချမှတ်ခဲ့ခြင်းနှင့်ပတ်သက်၍ ထုတ်ပြန်ချက်

နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား အာဏာသိမ်းစစ်ကောင်စီက ထောင်ဒဏ်များ ထပ်မံချမှတ်ခဲ့ခြင်းနှင့်ပတ်သက်၍ ထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်

၁။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အာဏာသိမ်းတရားမဝင် အကြမ်းဖက် စစ်ကောင်စီက နိုင်ငံရေးဓားစာခံအဖြစ် ဥပဒေမဲ့ဖမ်းဆီးထားသော နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် ထောင်ဒဏ်အသီးသီး ထပ်မံ ချမှတ်ခဲ့ခြင်းအ‌ပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်သည်။

၂။ နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားတည်ဆဲဥပဒေများကို ဖောက်ဖျက်ကာ ဥပဒေမဲ့အာဏာသိမ်းယူရန် ကြိုးပမ်းခဲ့သည့်အပြင် နိုင်ငံတော်အစိုးရအကြီးအကဲများနှင့် အစိုးရ အဖွဲ့ဝင်များ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ လူ့အခွင့်အရေးနှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ အပါအဝင် အပြစ်မဲ့မြန်မာပြည်သူများအပေါ် ဥပဒေမဲ့ဖမ်းဆီးပြီး တရားရေးယန္တရားကို နိုင်ငံရေးလက်နက်သဖွယ် အသုံးချ၍ စစ်အာဏာရှင်တစ်စု၏ အမိန့်ဖြင့် အကြောင်းပြချက်မဲ့ အမိန့်ချမှတ်နေခြင်းသည် နိုင်ငံ၏ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးစံတန်ဖိုးများကို စနစ်တကျ ဖျက်ဆီးနေခြင်း ဖြစ်ပါသည်။

၃။ အာဏာသိမ်းစစ်‌တပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမည်ခံ တရားမဝင် အကြမ်းဖက်ဂိုဏ်းသည် နိုင်ငံတစ်ဝှမ်း ဆိုးရွားသောလူ့အခွင့်အရေးချိုးဖောက်မှုများ၊ မီးရှို့ဖျက်ဆီးမှု များနှင့် အကြမ်းဖက်လုပ်ရပ်များကို စနစ်တကျ လုပ်ဆောင်နေသည့်အပြင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ် နေသော ပဋိပက္ခများ အဆုံးသတ်နိုင်ရေး ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ဝိုင်းဝန်း ကြိုးပမ်းမှုများကို လျစ်လျူရှုကာ နိုင်ငံတကာတရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကို တိုက်ခိုက်နေလျက် ရှိပါသည်။

၄။ အာဆီယံ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုတို့ အားကောင်းစေရေး ကြိုးပမ်းအားထုတ်မှုအနေဖြင့် နိုင်ငံတော်ပုန်ကန်မှု အပါအဝင် နိုင်ငံတကာစစ်ရာဇဝတ်မှုများကို စနစ်တကျကျူးလွန်ထားသည့် အာဏာသိမ်းစစ်အုပ်စုနှင့် အပေါင်းအပါများအပေါ် ပြည်တွင်းနှင့် နိုင်ငံတကာဥပဒေများနှင့်အညီ အရေးယူသွားနိုင်ရေးနှင့် ဥပဒေမဲ့ မတရားဖမ်းဆီးခံထားရသူများ အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေးအတွက် အာဏာသိမ်းစစ်တပ်အပေါ် ပိုမိုဖိအားပေးလုပ်ဆောင်ပေးရန် ထပ်မံတိုက်တွန်းအပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top