မူလ / New Year Joint Declaration on the People’s Revolution

New Year Joint Declaration on the People’s Revolution

၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ ၁ ရက်

၁။ လက်ရှိ မြန်မာ့နွေဦး ပြည်သူ့တော်လှန်ရေးကြီးသည် လူမျိုးပေါင်းစုံ၊ လူထုလူ တန်းစား ပေါင်းစုံနှင့် ဒေသပေါင်းစုံမှ ပြည်သူတရပ်လုံး၏ တစ်ခဲနက် ထောက်ခံပါဝင်မှုဖြင့် ဘုံရည်မှန်းချက် ပန်းတိုင်ဖြစ်သော စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တွန်းလှန် ဖယ်ရှားပြီး နောက် တော်လှန်ရေး အင်အားစုများ၏ စုစည်းညီညွတ်မှု တနည်းအားဖြင့် အမျိုးသား ညီညွတ်ရေးကို တည်ဆောက်လျက် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ အနှစ် (၇၀) ကျော်ခဲ့ပြီဖြစ်သော နိုင်ငံရေးပြဿနာ ကို အပြီးတိုင်ဖြေရှင်းရန်အတွက် ကြိုးပမ်းဆောင်ရွက် နေကြခြင်း ဖြစ်သည်။

၂။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (Federal Democracy Charter) သည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တွင် ပါဝင်သော တော်လှန်ရေးအင်အားစုများ၏ ဘုံနိုင်ငံရေးသဘောတူညီချက် ဖြစ်သည်။ ဤပဋိညာဉ်ပါ မျှော်ရည်ချက်နှင့် စံတန်ဖိုးများကို အလေးအနက်ခံယူလျက် အားလုံး သဘောတူ ချမှတ်ထားသော “နိုင်ငံရေးလမ်းပြမြေပုံ”ကို NUCC နှင့် NUG တွင် ပါဝင်သော တော်လှန်ရေးအင်အားစုများက စု‌ပေါင်း ခေါင်းဆောင်မှု၊ စုပေါင်းတာဝန်ယူမှု၊ ခိုင်မာသော ကတိကဝတ်ပြုမှုများဖြင့် တညီတညွတ်တည်း လက်တွဲပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ကျွန်ုပ်တို့ သန္နိဋ္ဌာန်ချမှတ်ထားပြီးဖြစ်သည်။

၃။ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပြီးနောက် ကျွန်ုပ်တို့ မျှော်ရည်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုသည် မည်သည့် မဟာလူမျိုးကြီးဝါဒကိုမဆို ဆန့်ကျင်တိုက်ဖျက်ပြီး တိုင်းရင်းသားလူမျိုးများ၊ ပြည်နယ်/ ဖက်ဒရယ်ယူနစ်များ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အဝအာမခံမည်ဖြစ်လျက် နိုင်ငံသား ရပိုင်ခွင့် များ၊ လူသားရပိုင်ခွင့်များ၊ လူနည်းစုအခွင့်အရေး များကို အကာအကွယ် ပေးသည့် ဒီမိုကရေစီ စံနှုန်းများနှင့်အညီ ဖော်ဆောင်ကျင့်သုံးသွားမည်ဖြစ်သည်။

၄။ ဒီမိုကရေစီဆိတ်သုဉ်းခြင်း၊ ခွဲခြားဆက်ဆံမှုများနှင့် တိုင်းရင်းသားလူမျိုးများ လိုလားသော တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆုံးရှုံးခြင်းတို့၏ အဓိက နိုင်ငံရေးပြဿနာ သည် ပင်လုံစာချုပ်နှင့် ကတိကဝတ်များကို အကောင်အထည်ဖော်ရန် မျက်ကွယ်ပြုခဲ့ခြင်းနှင့် အတူ နောက်ဆက်တွဲ ဖြစ်ပေါ် လာသည့် ဗဟိုဦးစီးချုပ်ကိုင်မှု လွန်ကဲသည့်စနစ်နှင့် စစ်အာဏာရှင်အတွေးအခေါ်ကို လက်ကိုင်ပြုသော စစ်တပ်တစ်ခု ရှိနေရခြင်းကပင် အထက် ဖော်ပြပါ မဖြေရှင်းနိုင်သည့်အရင်းခံ နိုင်ငံရေးပြဿနာ များအား ပိုမိုဆိုးဝါးစွာ ပေါ်ပေါက်လာ ရခြင်း၏ အရင်းခံအကြောင်းအရင်းဖြစ်သည်ဟု ကျွန်ုပ်တို့ မှတ်ယူသည်။

၅။ ကျွန်ုပ်တို့ မျှော်ရည်သော အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်တွင် နိုင်ငံရေးနယ်ပယ်၌ ပါဝင်ပတ်သက်မှု လုံးဝကင်းရှင်းပြီး နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်ကိုသာ ထမ်းရွက်သော၊ အရပ်သားအစိုးရ၏ ကွပ်ကဲမှု (Civilian Supremacy) ကို လိုက်နာခံယူသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ ကိုယ်စားပြုပါဝင်သော "ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်" ကို တည်ထောင်ရန်လည်း ကျွန်ုပ်တို့က ခိုင်မာစွာ စိတ်ပိုင်းဖြတ်ပြီး ဖြစ်သည်။

၆။ စစ်အာဏာသိမ်းမှုကို အောင်မြင်စွာဖယ်ရှားပြီးသည့်နောက် အသွင်ကူးပြောင်းရေး ကာလသို့ ရောက်ရှိချိန်တွင် ချမှတ်ထားသောလမ်းပြမြေပုံအရ ယခုရရှိထားပြီးဖြစ်သောအမျိုးသားညီညွတ်ရေး ကို ဆက်လက်ထိန်းသိမ်း၊ အရှိန်မြှင့်တင်လျက် ၂၀၂၀ ရွေးကောက်ပွဲမှ ရရှိသော လူထုထောက်ခံမှုအရ တရားဝင်မှု (De Jure Legitimacy) ကို ကိုယ်စားပြုသော နိုင်ငံရေးအင်အားစုများနှင့် ရွေးကောက်ပွဲ မဟုတ်သော အခြားနည်းလမ်းများဖြင့်ရရှိသော လူထုထောက်ခံမှုအရ တရားဝင်မှု (De Facto Legitimacy) ကို ကိုယ်စားပြုသော နိုင်ငံရေး အင်အားစုများ၏ စုစည်းပူးပေါင်းဆောင်ရွက်မှုဖြင့် အသွင်ကူးပြောင်းရေးကာလ အစီအမံအရ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့်အညီ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာများကို စနစ်တကျ ခွဲဝေ ကျင့်သုံး ဆောင်ရွက်သွားမည် ဖြစ်သည်။

၇။ ကျွန်ုပ်တို့သည် ဤနိုင်ငံ၌ အာဏာရှင်အဆက်ဆက်က တိုင်းရင်းသား ပြည်သူ လူထုအပေါ် ကျုးလွန်ချိုးဖောက်ခဲ့သည့် မတရားမှုများ၊ လူ့အခွင့်အရေး ချိုးဖောက် မှုများ၊ နိုင်ငံတကာရာဇဝတ်မှု များအတွက် အမှန်တရားပေါ်ပေါက်ရန်၊ တရားမျှတမှုရရှိရန်၊ ကျူးလွန် သူများက မိမိကျုးလွန်မှုများ အတွက်တာဝန်ခံမှုရှိရန်နှင့် နောက်ထပ်အလားတူကိစ္စရပ်များ ထပ်မံ မကြုံတွေ့ရေးအတွက် ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဥ်များ ချမှတ်အကောင်အထည် ဖော်ရန် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု (Transitional Justice) ကို ဖြည့်ဆည်း ဆောင်ရွက်သွားမည်ဖြစ်သည်။

၈။ ဥပဒေအရပ်ရပ်ကို ချိုးဖောက်လျက် နိုင်ငံတော်အာဏာကို အကြမ်းဖက်လုယူရန် ကြိုးစား နေရုံသာမက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို နေ့စဉ် သတ်ဖြတ်၊ ညှဉ်းပန်းနှိပ်စက် ဖျက်ဆီးနေသော အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ရွေးကောက်ပွဲကျင်းပရန် အခွင့်အာဏာလုံးဝမရှိပေ။ ၎င်းတို့က ကျင်းပမည်ဆိုသော "ရွေးကောက်ပွဲ" ဆိုသည်မှာ လက်ရှိ မြန်မာ့နိုင်ငံရေး အကြပ်အတည်း ပြဿနာ၏ ထွက်ပေါက် အဖြေ လုံးဝမဟုတ်ရုံသာမက ရွေးကောက်ပွဲ ဟူသော အသုံးအနှုန်းကို သုံးစွဲရန်ပင် ထိုက်တန်မှုမရှိသည့် အမှန်တရားကို ဖုံးကွယ်ပုံဖျက်မှု (Deception) သာ ဖြစ်ပေသည်။

၉။ အကြမ်းဖက်စစ်အုပ်စု၏ ယင်းသို့ကြံစည်လုပ်ဆောင်ချက်သည် ၎င်းတို့ ရင်ဆိုင် နေရသော စစ်ရေး၊ နိုင်ငံရေး အထွေထွေအကြပ်အတည်းများကို လျှော့ချနိုင်ရေး အတွက် ရည်ရွယ် လုပ်ကြံသည့် နိုင်ငံရေးလှည့်ကွက်၊ နိုင်ငံရေးထောင်ချောက်သာဖြစ်သဖြင့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ကျင်းပရန် ဆောင်ရွက်ချက်မှန်သမျှကို ကျွန်ုပ်တို့က ပြတ်ပြတ် သားသား ဆန့်ကျင်သည်။

၁၀။ ခေတ်အဆက်ဆက် အသက်၊ သွေး၊ ချွေးနှင့် ဘဝများကို ပေးဆပ်လျက် ပြည်သူ့ တော်လှန်ရေးတွင် ပါဝင်နေကြသော အင်အားစုများ၊ မဟာမိတ်တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များမှ တိုက်ပွဲဝင်ရဲဘော်များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် CDM နိုင်ငံ့ ဝန်ထမ်းများနှင့် ပုဂ္ဂလိကဝန်ထမ်းများအပါအဝင် အခြားသော နည်းလမ်း ပေါင်းစုံဖြင့် တော်လှန်နေကြသော အင်အားစု များသည် တော်လှန်ရေး အောင်မြင်ပြီး သည့်အခါ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်၏ အသိအမှတ်ပြုမှု နှင့် တာဝန်ယူမှုများကို အတူတကွ ခံစားရရှိကြရမည်ဖြစ်ပါသည်။

၁၁။ ဤနိုင်ငံ၌ စစ်အာဏာသိမ်းမှုကို အဆုံးသတ်ပြီး စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ကျင့်သုံးဖော်ဆောင်နိုင်မှသာ စစ်မက်ကင်းစင်ချုပ်ငြိမ်း၍ ငြိမ်းချမ်း သာယာသော၊ နိုင်ငံရေး တည်ငြိမ်မှုရှိသော၊ အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် သဟဇာတဖြစ်၍ အပြန်အလှန်အထောက်အကူပြုနိုင်သော၊ ရေရှည်ဖွံ့ဖြိုး တိုးတက်သောပြည်ထောင်စုကို တည်ဆောက် နိုင်လိမ့်မည်ဟု ကျွန်ုပ်တို့က ယုံကြည်သည်။ သို့ဖြစ်သောကြောင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်၍ ပြည်သူ့ တော်လှန်ရေးကြီး အောင်ပွဲခံသည် အထိ ကျွန်ုပ်တို့တော်လှန်ရေးအင်အားစုများအားလုံး၏ သွေးစည်းညီညွတ်မှုအားဖြင့် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်သွားကြမည်ဖြစ်သည်။

၁၂။ လူမျိုးပေါင်းစုံ၊ ဒေသပေါင်းစုံမှ မြန်မာပြည်သူတရပ်လုံးအနေဖြင့်လည်း တိုင်းပြည်၏ အနာဂတ်ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် သမိုင်းဝင်တော်လှန်ရေးကြီးတွင် ပြင်းပြထက်သန်သော ဇွဲ၊ သတ္တိ၊ လုံ့လ၊ ဝီရိယ၊ ဆန္ဒ၊ ဉာဏ်ပညာတို့ဖြင့် အစွမ်းကုန် ဆက်လက်ဆင်နွှဲပါဝင် ပူးပေါင်းကြစေ လိုကြောင်း ကျွန်ုပ်တို့၏ သဘောထားများကို ပူးတွဲ ထုတ်ပြန်ကြေညာအပ်ပါသည်။

Scroll to Top