မူလ / ကြေညာချက် အမှတ် (၁၆/၂၀၂၁)

ကြေညာချက် အမှတ် (၁၆/၂၀၂၁)

၁၃၈၂ ခုနှစ်၊ တပေါင်းလပြည့်

မတ်လ (၂၇)ရက်၊ ၂၀၂၁ ခုနှစ်။

၁။       ယနေ့ ကျရောက်သည့် ၇၆ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့တွင် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်း၏ လက်ပါးစေ လက်နက်ကိုင်သောင်းကျန်းသူများသည် ဖက်ဆစ်များကဲ့သို့ပင် ပြုမူပြီး နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများအား ပစ်ခတ်သတ်ဖြတ်ခဲ့ကြသည်။

၂။       အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်း၏ လက်ပါးစေ လက်နက်ကိုင်သောင်းကျန်းသူများ၏ ပစ်ခတ်သတ်ဖြတ်မှုအတွင်း လူပေါင်းများစွာ အသက်သေဆုံးခဲ့ပြီး၊ ရာပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ကြသည်။ အကြမ်းဖက်စစ်ကောင်စီသည် ကလေးငယ်များကိုပင် ထောက်ထားညှာတာခြင်းမရှိဘဲ နေအိမ်များအတွင်း နေထိုင်လျက်ရှိသည့် ကလေးငယ်များကို သေနတ်ဖြင့် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ခြင်းသည် ဖက်ဆစ်စနစ် မြန်မာ့မြေပေါ်တွင် ဆက်လက်တည်ရှိနေသေးကြောင်း ထင်ရှားသည့် သက်သေတစ်ခုပင် ဖြစ်သည်။

၃။       စစ်ပွဲများအတွင်း၌ပင် ရှောင်ရှားရမည့် အပြုအမူများကို လက်နက်မဲ့ ပြည်သူများအပေါ် ဆက်တိုက်ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များသည် သူရဲဘောကြောင်ရုံမျှမက လူသားစိတ်ကင်းမဲ့လျက်ရှိသည်ကိုတွေ့ရသည်။

၄။       အကြမ်းဖက်စစ်တပ်သည် ခေတ်အဆက်ဆက်တွင် တိုင်းရင်းသားလူမျိုးစုဒေသများတွင် ဆိုးရွားရက်စက်သော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ပြီး၊ ယနေ့ထက်တိုင်လည်း ယင်းရာဇဝတ်မှုများကို ကျေးလက်၊ မြို့ပြနေရာမကျန် ကျူးလွန်နေသော်လည်း ၎င်းတို့၏ လူသားမဆန်ဆုံးသော ရာဇဝတ်မှုများအတွက် အပြစ်ပေးခံရခြင်းမှ လွတ်မြောက်လျက် ရှိသည်မှာ ယဉ်ကျေးသော လူ့အဖွဲ့အစည်းကို ပြောင်ပြောင်တင်းတင်းစိန်ခေါ်နေသည့် ဖြစ်ရပ် ပင်ဖြစ်သည်။

၅။       သို့ဖြစ်၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် အကြမ်းဖက်ရာဇဝတ်မှုများကို ကျူးလွန်ရာတွင် တာဝန်ရှိသူအားလုံးကို အပြစ်ပေးအရေးယူနိုင်ရေးနှင့် အကြမ်းဖက်မှုမျိုးစုံကို ခံစားကြရသည့် ပြည်သူများအားလုံးအတွက် တရားမျှတမှုရရှိရေး အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top