စစ်တပ်နှင့် ရဲများ၏ လုပ်ရပ်သည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်သော ရာဇဝတ်မှု မြောက်သည်။
ကြေညာချက် အမှတ် ( ၈/၂၀၂၁ )
ဖေဖော်ဝါရီလ (၂၀)ရက်၊ ၂၀၂၁ခုနှစ်။
၁။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် မန္တလေးမြို့၌ တရားမဝင်အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်သည့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြသော ပြည်သူလူထုကို စစ်တပ်နှင့် ရဲများက အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက အပြင်းထန်ဆုံး ရှုံ့ချလိုက်သည်။
၂။ စစ်တပ်နှင့် ရဲများသည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြသော ပြည်သူလူထုကို ရာဘာကျည်များ၊ ကျည်အစစ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်ကို သတင်းဓာတ်ပုံများ၊ ဗီဒီယိုများက သက်သေခံလျက်ရှိပါသည်။ ထို့အပြင် လက်နက်မဲ့ ပြည်သူများအား စစ်ပွဲအတွင်းရှိ ရန်သူများသဖွယ်သတ်မှတ်ကာ ပစ်ခတ်ခြင်း၊ စနိုက်ပါသေနတ်များဖြင့် ပစ်ခတ်ခြင်းများအပြင်၊ လူနာတင်ယာဉ်များနှင့် လူနာများအား ကာကွယ်စောင့်ရှောက်သူများကိုပါ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြသည်။
၃။ စစ်တပ်နှင့် ရဲများ၏ လုပ်ရပ်သည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်သော ရာဇဝတ်မှု မြောက်သည်။
၄။ သို့ဖြစ်၍ စစ်တပ်နှင့် ရဲများအား အမိန့်ပေးစေခိုင်းသည့် အာဏာသိမ်းစစ်အုပ်စုနှင့် ကျူးလွန်ခဲ့သူများအား အပြည်ပြည်ဆိုင်ရာ ဥပဒေများအရ ပြင်းထန်စွာ အရေးယူနိုင်သည်အထိ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
The Committee Representing Pyidaungsu Hluttaw


