မူလ / အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်၏ Holocaust Memorial Museum မှတ်ချက် အပေါ် သဘောထားထုတ်ပြန်ကြေညာချက်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်၏ Holocaust Memorial Museum မှတ်ချက် အပေါ် သဘောထားထုတ်ပြန်ကြေညာချက်

 ၁။          ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကင်၏ Holocaust Memorial Museum တွင် ၂၀၂၂ ခုနှစ်၊  မတ်လ (၂၁) ရက်နေ့က ပြောကြားသွားခဲ့သော မှတ်ချက်စကားကို ကြိုဆိုပါသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း မြန်မာစစ်တပ်၏ ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများသည် လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများဖြစ်ကြောင်း သက်သေများ၊ အထောက်အထားများနှင့် နိုင်ငံတကာ လွတ်လပ်သော လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ အစီရင်ခံစာများအပေါ် အခြေခံ၍ အမေရိကန်အစိုးရ၏ ဆုံးဖြတ် သတ်မှတ်မှုအပေါ် ကြိုဆိုပါသည်။

၂။           အဆိုပါ သတ်မှတ်ဆုံးဖြတ်ချက်သည် အပြည်ပြည်ဆိုင်ရာ တရားရုံး (International Court of Justice) နှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (International Criminal Court) အပါအဝင် နိုင်ငံတကာတရားရေးအဖွဲ့အစည်းများက ရိုဟင်ဂျာများနှင့် ပတ်သက်၍ တရားမျှတမှု၊ တာဝန်ခံမှုတို့ကို ရှာဖွေဖော်ထုတ်ရန် ကြိုးစားဆောင်ရွက်နေမှုများအား များစွာ အထောက်အပံ့ ဖြစ်စေမည်ဟု ယုံကြည်ပါသည်။

 ၃။          ယခုလက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ၊ စစ်ရာဇဝတ်မှုအပါအဝင် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို နိုင်ငံတစ်ဝှမ်းရှိ တိုင်းရင်းသားပြည်သူများ၊ လူမျိုးရေးနှင့် ဘာသာရေး လူနည်းစုများအားလုံးအပေါ် ချိုးဖောက် ကျူးလွန်လျက်ရှိပြီး မြန်မာပြည်သူထောင်ပေါင်းများစွာသည် အိုးမဲ့အိမ်မဲ့ဖြစ်ကာ ထွက်ပြေး တိမ်းရှောင်နေရလျက်ရှိပါသည်။ အကြမ်းဖက် မြန်မာစစ်တပ်သည် အာဏာသိမ်းခဲ့သည့် အချိန်မှစ၍ အပြစ်မဲ့ ပြည်သူ (၁,၆၉၀) ကျော်အား ဥပဒေမဲ့ သတ်ဖြတ်ခဲ့ပြီး ပြည်သူ (၁၂,၈၅၀) ကျော်အား မတရား ဖမ်းဆီးထိန်းသိမ်းထားလျက်ရှိပါသည်။ 

၄။         ယနေ့ မြန်မာစစ်တပ်မှ ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်မှုများသည် အဆိုပါ ရိုဟင်ဂျာများအပေါ် အလားတူရာဇဝတ်မှုများကို ကျူးလွန်ခဲ့သော၊ ကျူးလွန်နေဆဲဖြစ်သော စစ်တပ်ပင်ဖြစ်သည်ကို ထပ်မံ၍ မီးမောင်းထိုးပြလိုက်ခြင်းပင် ဖြစ်ပါသည်။ မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ခံစားခဲ့ရသူများအတွက် တရားမျှတမှုကို ရှာဖွေရန် ကြိုးစားဆောင်ရွက်သည့် တစ်ချိန်တည်းတွင် မြန်မာစစ်တပ်က အဆိုပါရာဇဝတ်မှုများ ဆက်လက် ကျူးလွန်နိုင်ခြင်းမရှိစေရန် တားဆီးနိုင်ရေးအတွက် ဝိုင်းဝန်းကူညီကြိုးစားပေးကြပါရန် အလေး အနက် တောင်းဆိုအပ်ပါသည်။

၅။     ယနေ့ကမ္ဘာကြီးတွင် အာဏာရှင်များ၏ ဘေးအန္တရာယ်ကြောင့် ဒေသတွင်း တည်ငြိမ်မှု နှင့် ကမ္ဘာကြီးတစ်ခုလုံး၏ တည်ငြိမ်မှုကို ထိခိုက်လျက်ရှိကြောင်း ရုရှားဖက်ဒရေးရှင်း၏ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်စစ်က သက်သေပြလျက်ရှိသည်။ ကမ္ဘာ့နိုင်ငံများအနေဖြင့် ယူကရိန်းနိုင်ငံနှင့် နိုင်ငံသားများအပေါ် ကျူးလွန်လျက်ရှိသော ကျူးကျော်သူများ၏ ရာဇဝတ်မှု များကို ဝိုင်းဝန်းဆန့်ကျင်ဟန့်တားနေကြသည့်နည်းတူ မြန်မာနိုင်ငံရှိ အာဏာရှင်များ၏ မြန်မာ ပြည်သူများအပေါ်၌ ပြည်ပကျူးကျော်သူများနှင့်မခြား လူမဆန်သော ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိခြင်းကိုလည်း မေ့လျော့ပစ်ပယ်ထားခြင်းမရှိဘဲ ဆက်လက်အရေးယူ ဆောင်ရွက်သွားရန် လေးနက်စွာ တိုက်တွန်းတောင်းဆိုအပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top