မူလ / ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုများနှင့် စပ်လျဉ်းသည့် ထုတ်ပြန်ချက်

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုများနှင့် စပ်လျဉ်းသည့် ထုတ်ပြန်ချက်

၂၀၂၅ ခုနှစ်၊ မတ်လ ၂၉ ရက်

၁။ ၂၀၂၅ခုနှစ်၊ မတ်လ (၂၈) ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့် အချိန်တွင် စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာတွင် အင်အား ၇.၇ ပမာဏ ရှိအလွန်အင်အားပြင်းသော ငလျင် (ငလျင်အတန်းအစား−ငလျင်ကြီး) Major Earthquake လှုပ်ခတ်ခဲ့ပါသည်။ ပထမအကြိမ်လှုပ်ခတ်အပြီး ၁၂ မိနစ်ခန့်အကြာတွင် စစ်ကိုင်းမြို့ တောင်ဘက် ၁၈ ကီလိုမီတာအကွာတွင် အင်အား ၆.၇ ပမာဏရှိ အင်အားပြင်းသည့်ငလျင် ထပ်မံလှုပ်ခတ်ခဲ့ကြောင်း သိရှိရသည့်အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် မိဘပြည်သူများနှင့် ထပ်တူ ဝမ်းနည်းရပါသည်။

၂။ အဆိုပါအင်အားပြင်းငလျင်လှုပ်ခတ်မှုများကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့တွင် အဓိကထိခိုက်မှုများ ကြုံတွေ့ခံစားရကာ အခြားတိုင်းနှင့်မြို့နယ်များတွင်လည်း ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရပါသည်။ နိုင်ငံတစ်ဝှမ်းတွင် ဘာသာရေးဆိုင်ရာအဆောက်အဦများ၊ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာအဆောက်အဦများ၊ ဘုရားစေတီပုထိုးတော်များ၊ ဆေးရုံ၊ ဆေးခန်းများ၊ ကျောင်းများ၊ ပြည်သူများနေထိုင်ရာအဆောက်အဦများ၊ လမ်းတံတားများ စသည်တို့ ပြိုကျ ပျက်စီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပွားခဲ့သည်ကို သိရှိရပါသည်။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းနှင့် လူမှုအဖွဲ့အစည်းများအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား ပြည်သူလူထုထံသို့ အမြန်ဆုံး ရောက်ရှိနိုင်ရေး စီစဥ်ဆောင်ရွက်ပေးနိုင်ပါရန် အလေးအနက်ထား၍ မေတ္တာရပ်ခံ တောင်းဆိုအပ်ပါသည်။

၃။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၏ ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဥ်များအား ဝမ်းမြောက်စွာ ကြိုဆိုပါသည်။ ထို့အပြင် နယ်မြေဒေသအသီးသီးသို့ ရောက်ရှိနေပြီး တော်လှန်ရေးတာဝန်များအား ထမ်းဆောင်လျက်ရှိသော လွှတ်တော်ကိုယ်စားလှယ်များအားလုံးအနေဖြင့်လည်း ကျရောက်လာသည့် သဘာဝငလျင်ဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ် လာသော ထိခိုက်ဆုံးရှုံးမှုများကို ပြည်သူလူထုနှင့်အတူ လက်တွဲ၍ အချိန်နှင့်တစ်ပြေးညီ ကူညီဖေးမပေးနိုင်ပါရန် လေးလေးနက်နက် တိုက်တွန်းအပ်ပါသည်။ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်လည်း ဆက်လက်ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများနှင့် သတိပြုလိုက်နာရမည့်အချက်များအား စဥ်ဆက်မပြတ် လေ့လာစောင့်ကြည့်လျက် ထိခိုက်ဆုံးရှုံးမှု နည်းပါးစေရန် ကြိုတင်ပြင်ဆင်ထားရမည့်ကိစ္စရပ်များအား ပြင်ဆင်လုပ်ဆောင်ထားစေလိုပါကြောင်း တိုက်တွန်းအပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top