မူလ / နယူးဇီလန်အောက်လွှတ်‌တော်က ချမှတ်ခဲ့သည့် မြန်မာနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်

နယူးဇီလန်အောက်လွှတ်‌တော်က ချမှတ်ခဲ့သည့် မြန်မာနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ မေလ ၁၀ ရက်

၁။ ၂၀၂၄ ခုနှစ်၊ မေလ (၉) ရက်နေ့တွင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်အား နယူးဇီလန်‌အောက်လွှတ်တော်က ဘုံသဘောတူညီချက်ဖြင့် ချမှတ်ခဲ့ခြင်းအပေါ် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီအနေဖြင့် ကျေးဇူးတင်စွာဖြင့် ကြိုဆိုပါသည်။ အဆိုအား တင်သွင်း ဖတ်ကြားခဲ့သည့် The Hon. Winston Peters ကိုလည်း ကျေးဇူးတင်ရှိပါသည်။ ယင်းဆုံးဖြတ်ချက် သည် မြန်မာပြည်သူများအတွက် နယူးဇီလန်လွှတ်တော်၏ ဒီမိုကရေစီနည်းကျ ရပ်တည်ပေးမှုနှင့် ပံ့ပိုးကူညီမှုအား ပြသခြင်းဖြစ်ပါသည်။ ယင်းသည် မြန်မာပြည်သူများ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်သည့် စစ်မှန်သော ကိုယ်စားပြု ဒီမိုကရေစီစနစ်ဖော်ဆောင်နိုင်ရေး ဆန္ဒနှင့် ကြုံတွေ့ နေရသည့် အခက်အခဲများကို ထုတ်ဖော်ပေးခြင်းပင် ဖြစ်ပါသည်။ ထို့ပြင် မြန်မာပြည်သူများနှင့်အတူ ဒီမိုကရေစီနည်းကျ ရပ်တည်ခြင်းအား ပြသခြင်းနှင့် တရားမဝင် အာဏာသိမ်းစစ်တပ်က လုပ်ဆောင် လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအား ကန့်ကွက်ရှုတ်ချခဲ့ပါသည်။ 

၂။ ဒီမိုကရေစီပြန်လည်ရရှိရေး မြန်မာပြည်သူတစ်ရပ်လုံး၏ ခိုင်မာသော ကြိုးပမ်းအားထုတ်မှု အပေါ် ပံ့ပိုးကူညီမှုများအတွက် ကမ္ဘာတစ်ဝှမ်းရှိ လွှတ်တော်များနှင့် လွှတ်တော်ကိုယ်စားလှယ်များကို ကျေးဇူးတင်ရှိပါသည်။ တရားမဝင်အာဏာသိမ်းစစ်တပ်အနေဖြင့် မြေပြင်တွင် သိသိသာသာ ရှုံးနိမ့် နေပြီး ခုခံတွန်းလှန်မှုများသည် မထင်မှတ်လောက်သောအောင်မြင်မှုများကို ရယူပိုင်ဆိုင်ထားနိုင်သည့် အချိန်တွင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီပြန်လည်ရရှိရေး ကျွန်ုပ်တို့၏ ကြိုးပမ်းအားထုတ်မှုများအား ခိုင်မာ သေချာစေရန် ပံ့ပိုးကူညီမှုများကို တိုးမြှင့်ပေးအပ်ရန် နိုင်ငံတကာအသိုက်အဝန်းအား ထပ်လောင်း တောင်းဆိုပါသည်။

၃။ မြန်မာ့ပဋိပက္ခအား အဖြေရှာရာတွင် အာဏာသိမ်းစစ်တပ်က နိုင်ငံတစ်ဝှမ်း ဆက်လက် လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်မှုများ အဆုံးသတ်ခြင်းနှင့် အရပ်သားခေါင်းဆောင်များ အပါ အဝင် ထိန်းသိမ်းထားသူများအားလုံးကို လွှတ်ပေးခြင်းသည် အလွန်အရေးကြီးသော ပထမအဆင့်များ ဖြစ်ပါသည်။ ထို့ကြောင့် ကုလသမဂ္ဂနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးအနေဖြင့် မြန်မာ့အရေး ဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် (၂၆၆၉) နှင့် အာဆီယံဘုံသဘောတူညီချက် (၅) ရပ်အား ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့အတွက် ပိုမိုနီးကပ် သော ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သင့်ပါသည်။

၄။ အာဏာသိမ်းစစ်တပ်အနေဖြင့် လေကြောင်းဖြင့်တိုက်ခိုက်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်းနှင့် သတ်ဖြတ်ခြင်းများကဲ့သို့ အရပ်သားပြည်သူများအပေါ်၌ ပစ်မှတ်ထားသည့် အကြမ်းဖက်မှုများကို တိုးမြှင့်လုပ်ဆောင်နေခြင်းကြောင့် နိုင်ငံအတွင်းနှင့် အိမ်နီးချင်းနိုင်ငံအချို့တွင် နေရပ်စွန့်ခွာသူဦးရေ မှာ အမြင့်ဆုံးနှုန်းထားဖြင့် တိုးမြင့်လျက်ရှိပါသည်။ ယခုအချိန်တွင် နေရပ်စွန့်ခွာသူဦးရေ ၂.၇ သန်း ကျော်ရှိပြီ ဖြစ်ပါသည်။ ယင်းနေရပ်စွန့်ခွာသူများနှင့် နိုင်ငံတစ်ဝှမ်းရှိ အကူအညီလိုအပ်နေသူများထံ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးအပ်နိုင်ရေးသည် အရေးတကြီးဆောင်ရွက်ရမည့် ကိစ္စရပ်ဖြစ်ပါသည်။ ယင်းကို နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုဖြင့် ချက်ချင်း အကောင်အထည် ဖော် ဆောင်ရွက်သင့်ပါသည်။

၅။ ၂၀၂၄ ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့သည့် (၁၄၈) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ အဖွဲ့ညီလာခံအတွင်း အမှုဆောင်ကောင်စီ၏ (၂၁၃) ကြိမ်မြောက် အစည်းအဝေးက ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီအား ဆက်လက်အသိအမှတ်ပြုရန် ဆုံးဖြတ်ခဲ့ပါသည်။ အာဏာသိမ်း စစ်တပ်၏ ဆိုးရွားသော အကြမ်းဖက်မှုများနှင့် စိန်ခေါ်မှုများစွာကို ကြုံတွေ့နေရသည့်တိုင် ကျွန်ုပ်တို့ အနေဖြင့် မြန်မာနိုင်ငံ၌ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးတို့အတွက် ဆက်လက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတကာ လွှတ်တော်အသိုက်အဝန်းအနေဖြင့် နိုင်ငံတကာပါလီမန် များအဖွဲ့ (IPU) ၏ ၂၀၂၄ ခုနှစ်အတွက် ဦးစားပေးမူဝါဒများနှင့်အညီ လွှတ်တော်ရေးရာ သံတမန် ဆက်ဆံရေးကိုအသုံးပြုပြီး မြန်မာနိုင်ငံ၌ ပဋိပက္ခများအဆုံးသတ်နိုင်ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက် နိုင်ရေးအတွက် ကူညီလုပ်ဆောင်ရန် လေးလေးနက်နက် တိုက်တွန်းပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top