မူလ / ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (၃) နှစ်ပြည့် အထိမ်းအမှတ် ထုတ်ပြန်ချက်

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (၃) နှစ်ပြည့် အထိမ်းအမှတ် ထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်

၁။ ယနေ့သည် မြန်မာပြည်သူများ၊ ကမ္ဘာ့နိုင်ငံများနှင့် နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေး အဖွဲ့အစည်းများက ပွင့်လင်းမြင်သာမှုရှိပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်း (၃) နှစ်ပြည့် ဖြစ်ပါသည်။ ဒီမိုကရေစီကို ပြင်းပြစွာ လိုလားလျက်ရှိသည့် မြန်မာပြည်သူများသည် ၎င်းတို့၏ ဆန္ဒသဘောထားအား ရွေးကောက်ပွဲမှ တစ်ဆင့် ရှင်းလင်းပြတ်သားစွာ ပြသခဲ့ကြသည်။

၂။ မြန်မာ့နိုင်ငံရေးတွင် အစဉ်တစိုက် ဦးဆောင်ပြီး စိုးမိုးဗိုလ်ကျ ခြယ်လှယ်လိုသော စစ်ခေါင်းဆောင်များသည် ၎င်းတို့မျှော်မှန်းထားသည့် ရွေးကောက်ပွဲရလဒ် ဖြစ်ပေါ်မလာခဲ့သည့် အတွက် ပြည်သူလူထု၏ ဆန္ဒကို ဆန့်ကျင်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တည်ဆဲ အရပ်သားအစိုးရထံမှ နိုင်ငံတော်အာဏာကို ဥပဒေမဲ့ လုယူခဲ့ကြသည်။ နိုင်ငံတစ်ဝှမ်းမှ ပြည်သူ များသည် မတရား စစ်အာဏာသိမ်းမှုအပေါ် ပြင်းထန်စွာ ဆန့်ကျင်ကြောင်း ဆန္ဒဖော်ပြခဲ့ကြပြီး စစ်အာဏာရှင်စနစ်ကို ယနေ့အချိန်အထိ နည်းလမ်းမျိုးစုံဖြင့် ရဲရင့်စွာ ဆန့်ကျင်တော်လှန် တိုက်ပွဲ ဝင်လျက် ရှိကြပါသည်။

၃။ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲရလဒ်ကို ပျက်ပြယ်စေပြီး လွှတ်တော်ခေါ်ယူနိုင်ခြင်း မရှိစေရေးနှင့် အရပ်သားအစိုးရ ထပ်မံဖွဲ့စည်းပေါ်ပေါက်ခြင်းမရှိစေရေး ကြံရွယ်ချက်ဖြင့် အာဏာသိမ်း စစ်ကောင်စီ၏ မတရား ဟန့်တားနှောင့်ယှက်မှုများရှိသည့်ကြားမှပင် ၂၀၂၀ ရွေးကောက်ပွဲမှတစ်ဆင့် ရွေးကောက်ခံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကို အောင်မြင်စွာ ခေါ်ယူကျင်းပနိုင်ခဲ့ကြပြီး ပြည်သူ့ ဆင့်လွှဲ အာဏာကို ကာကွယ်နိုင်ခဲ့ကြသည်။ ပြည်သူလူထု အပ်နှင်းထားသော တရားဝင်မှုကို ကိုင်စွဲလျက် တော်လှန်ရေးအင်အားစုများနှင့် ဆွေးနွေးတိုင်ပင်ညှိနှိုင်းကာ အမျိုးသားညီညွတ်ရေးအစိုးရကိုလည်း ဖွဲ့စည်းနိုင်ခဲ့ကြပါသည်။

၄။ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက်စစ်ကောင်စီ သည် စစ်အာဏာရှင်အဆက်ဆက်တွင် ကျင့်သုံးခဲ့သည့် နည်းလမ်းများအတိုင်း နိုင်ငံတစ်ဝှမ်းလုံး၌ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူမဆန်သော အကြမ်းဖက်မှုများ၊ မတရားဖမ်းဆီးမှုများ၊ သတ်ဖြတ်မှုများ၊ စစ်ရာဇဝတ်မှုများကို ကျူးလွန်လုပ်ဆောင်လျက်ရှိပြီး ယင်းလုပ်ရပ်များကြောင့် အရပ်သားပြည်သူ ၁.၈ သန်းကျော်သည် နေရပ်စွန့်ခွာ တိမ်းရှောင်နေရပြီး ဒေသတွင်း တည်ငြိမ်မှု အတွက် ခြိမ်းခြောက်လျက်ရှိသည်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ကြွလှုပ်ရှားသူများအပါအဝင် အနည်းဆုံး အရပ်သားပြည်သူ (၂၅,၃၈၂) ဦးအား မတရား ဖမ်းဆီးထားပြီး (၄,၁၇၅) ဦးအား သတ်ဖြတ်ခဲ့သည်။ လူနေအိမ်များ၊ စာသင်ကျောင်း၊ ကျန်းမာရေးဆိုင်ရာ အဆောက်အဦများနှင့် ဘာသာရေးအဆောက်အဦများ အပါအဝင် အဆောက်အဦ (၈၀,၀၀၀) လုံးခန့် ဖျက်ဆီးခံခဲ့ရသည်။

၅။ စစ်ကောင်စီသည် အာဏာသိမ်းမှု ကျူးလွန်သည့်နေ့မှစ၍ ယနေ့အထိ နိုင်ငံတစ်ဝှမ်းရှိ လူငယ်များ၊ အမျိုးသမီးများအပါအဝင် အလွှာစုံ လူမျိုးပေါင်းစုံ ပြည်သူများ၊ တော်လှန်ရေး အင်အားစု များ၏ အရှိန်အဟုန်မြှင့် ဆန့်ကျင်တော်လှန်မှုများကို ရင်ဆိုင်နေကြရသည်။ ပြည်သူ့ဘဏ္ဍာ အရင်း အမြစ်များကို အသုံးချကာ အင်အားပြင်းလက်နက်များ၊ လေကြောင်းတိုက်ခိုက်မှုများ၊ ကြီးမားသော မီးရှို့မှုများ၊ လူမဆန်သော ညှဉ်းပန်းနှိပ်စက်မှုများဖြင့် အကြမ်းဖက်မှုများကို တိုးမြှင့်လုပ်ဆောင် နေသည့်တိုင် အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ မျှော်မှန်းထားသကဲ့သို့ တိုင်းပြည်အား စိုးမိုး ထိန်းချုပ်နိုင်စွမ်း မရှိသည့်အပြင် တစ်နေ့တစ်ခြား ထိန်းချုပ်နယ်မြေ (Control Area) လက်လွှတ် ဆုံးရှုံးနေရသည်ကို အထင်အရှား တွေ့မြင်နေကြရပြီ ဖြစ်သည်။

၆။ မြန်မာပြည်သူလူထုသည် စစ်အာဏာရှင်စနစ်ဆိုးကို မည်မျှ ရွံမုန်းလျက်ရှိပြီး ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်ခြင်းတို့ကို မည်မျှ အာသာပြင်းပြ တောင့်တလျက်ရှိသည်ကို ဤနွေဦး တော်လှန်ရေးတွင် ၎င်းတို့၏ အသက်၊ သွေး၊ ချွေး၊ ပစ္စုပ္ပန်ဘဝများ ရင်းနှီးပေးဆပ်မှု၊ ရုန်းကန်မှု များဖြင့် သက်သေပြလျက် ရှိကြသည်။ ထို့ကြောင့် ဒီမိုကရေစီ၏ အခြေခံဖြစ်သော ရွေးကောက်ပွဲ များမှ ဖြစ်ပေါ်လာသည့် ပြည်သူ့ဆန္ဒများကို အဟောသိကံ မဖြစ်စေရေး ဆက်လက် ထိန်းသိမ်းလျက် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းစေရေး၊ ပြည်သူ လူထုဆန္ဒနှင့် ထပ်တူကျသည့် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်း၊ လူ့အခွင့်အရေး နှင့် ငြိမ်းချမ်းရေးတို့ကို အာမခံချက်ပေးမည့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်သွားနိုင်ရေး ကြိုးပမ်းမှုတွင် တော်လှန်ရေးအင်အားစုများနှင့်အတူ ဆက်လက် ပါဝင် သွားမည် ဖြစ်ပါသည်။

၇။ အကြမ်းဖက်ခြင်းနည်းလမ်းကိုသာ ဆုပ်ကိုင် ကျင့်သုံးလျက်ရှိသည့် အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ထွက်ပေါက်ပိတ်နေသော ၎င်းတို့၏ လက်ရှိအခြေအနေကို ဖြေရှင်းရန်နှင့် ၎င်းတို့ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအပေါ် အရေးယူအပြစ်ပေးခံရခြင်းများကို ရှောင်ရှားရန် အတွက် အတုအယောင်ရွေးကောက်ပွဲတစ်ရပ်ကို ဖန်တီးပြီး နိုင်ငံတကာအသိုက်အဝန်းကို လှည့်စား ကာ တရားဝင်မှုရရှိရေး အားထုတ်လာသည်ကို တွေ့ရှိရသည်။ အတုအယောင် ရွေးကောက်ပွဲဖြင့် လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်သည့်အပြင် ပဋိပက္ခများကိုသာ ပိုမိုတိုးပွားလာစေမည် ဖြစ်သည်။

၈။ လက်ရှိ ဆိုးရွားလျက်ရှိသော အခြေအနေများကို ရပ်တန့်စေရန်နှင့် မြန်မာ့နိုင်ငံရေး ပြဿနာကို ဆက်လက်အဖြေရှာရန်မှာ အာဏာသိမ်းစစ်ကောင်စီ၏ မတရားအာဏာသိမ်းမှုနှင့် ပြည်သူအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများအား ချက်ချင်း ရပ်တန့် အဆုံးသတ်ရမည် ဖြစ်သည်။ မြန်မာ့နိုင်ငံရေးတွင် စစ်တပ်က ပါဝင်စိုးမိုးခြယ်လှယ်မှုကို အဆုံးသတ်ပြီး ၎င်းတို့ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် တာဝန်ယူမှု တာဝန်ခံမှု ရှိစေမှသာ မြန်မာပြည်သူများအတွက် တရားမျှတမှု ရရှိမည်ဖြစ်ပြီး ထာဝရငြိမ်းချမ်းရေးကို ရရှိစေမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီ ပြန်လည် ပုံဖော်နိုင်ရေးအတွက် နိုင်ငံတကာ၏ မှန်ကန်စွာ ပူးပေါင်း ဆောင်ရွက်မှုနှင့် အကူအညီများမှာ လွန်စွာအရေးကြီးပါသည်။ ထို့ကြောင့် နိုင်ငံတကာ အသိုက် အဝန်းအနေဖြင့် မြန်မာနိုင်ငံ၏ ဖော်ပြပါ နိုင်ငံရေးပြဿနာ အရင်းအမြစ်များနှင့် အခြေအနေမှန်များ ကို ကောင်းစွာနားလည်သဘောပေါက်ပြီး မှန်ကန်သောနည်းလမ်းများဖြင့် လက်တွေ့ကျ ထိရောက် သော အကူအညီများ ပေးနိုင်မည်ဟု မိမိတို့ မျှော်လင့်ပါသည်။

၉။ ယနေ့အချိန်အထိ တရားမဝင် အာဏာလုယူထားသည့် အကြမ်းဖက်စစ်တပ်အား အမြန်ဆုံး ဖယ်ရှားနိုင်ရေးအတွက် နိုင်ငံရေး၊ စစ်ရေးနည်းလမ်းအမျိုးမျိုးဖြင့် အရှိန်တိုးမြှင့် ဖိအား ပေးနိုင်ရန် ကြိုးပမ်းနေကြသည့် ၁၀၂၇ စစ်ဆင်ရေးစီမံချက်အပါအဝင် နိုင်ငံတစ်ဝှမ်းရှိ တော်လှန်ရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများ၊ စစ်တပ်၏ အကြမ်းဖက်မှုများအား ကြံ့ကြံ့ခံကာ နိုင်သည့် နည်းလမ်းဖြင့် ဆက်လက်ပါဝင်နေကြသည့် တိုင်းရင်းသားပြည်သူများအား လေးစား ဂုဏ်ပြုပါကြောင်း ကျေးဇူးတင်စွာဖြင့် ဖော်ပြအပ်ပါသည်။ ယခုကဲ့သို့ စည်းလုံးညီညွတ်သော ခုံခံတွန်းလှန်မှုများကြောင့် လူထုတော်လှန်ရေးကြီးသည်လည်း မုချအောင်မြင်နိုင်မည်ဟု အခိုင်အမာ ယုံကြည်ပါသည်။

၁၀။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် စတင်ဖွဲ့စည်းတည်ထောင်သည့် အချိန်မှစ၍ ချမှတ်ထားသည့် နိုင်ငံရေးဦးတည်ချက်များအတိုင်း တရားမဝင် အာဏာသိမ်းမှု အဆုံး သတ်ရေး၊ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် တာဝန်ရှိသော စစ်တပ်ခေါင်းဆောင်များနှင့် ပူးပေါင်းပါဝင်သူများကို အပြစ်ပေး အရေးယူနိုင်ရေးနှင့် အားလုံးပါဝင်နိုင်မည့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု အမြန်ဆုံး တည်ဆောက်သွားနိုင်ရေးတို့အတွက် ဒီမိုကရေစီအင်အားစု များ၊ တိုင်းရင်းသား မိတ်ဖက်တော်လှန်ရေးအင်အားစုများနှင့်အတူ ဆက်လက်ပူးပေါင်း ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၁၁။ သို့ဖြစ်ပါ၍ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာ့အရေးအား အမှန်တကယ် အမြန်ဆုံး ဖြေရှင်းနိုင်ရေးနှင့် မြန်မာပြည်သူများအတွက် ငြိမ်းချမ်းသော အနာဂတ်ကို လက်တွေ့ ကျကျ အကောင်အထည်ဖော်မှုတွင် ထိထိရောက်ရောက်ကူညီပေးလိုပါက အောက်ပါ အချက်များကို ကူညီဆောင်ရွက်ပေးရန် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ (၃) နှစ်ပြည့် အထိမ်းအမှတ်နေ့တွင် မြန်မာပြည်သူများကိုယ်စား ကျွန်ုပ်တို့ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များက လေးလေးနက်နက် ထပ်လောင်း တောင်းဆို တိုက်တွန်းအပ်ပါသည်-

  • လွတ်လပ်၍ တရားမျှတသော ဒီမိုကရေစီရွေးကောက်ပွဲမှတစ်ဆင့် ပြည်သူက အပ်နှင်းခဲ့သည့် တရားဝင်မှုနှင့် လုပ်ပိုင်ခွင့်အရ ဖွဲ့စည်းထားသည့် အမျိုးသား ညီညွတ်ရေးအစိုးရကို တရားဝင်အသိအမှတ်ပြုရန်နှင့် တရားမဝင်စစ်ကောင်စီကို မည်သည့်နည်းလမ်းနှင့်မျှ အသိအမှတ်ပြုဆက်ဆံခြင်းမပြုဘဲ ၎င်းတို့ကျူးလွန် လျက်ရှိသည့် အကြမ်းဖက်မှုများ ချက်ချင်းအဆုံးသတ်ရေးအတွက် စီးပွားရေး၊ သံတမန်ရေး စသည့် နည်းလမ်းများအပါအဝင် ထိရောက်နိုင်သမျှ နည်းလမ်း များစွာဖြင့် ဖိအားပေး ဆောင်ရွက်ရန်၊
  • စစ်တပ်က ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအပေါ် တာဝန်ခံမှု ရှိစေရေးနှင့် နစ်နာသူများအတွက် တရားမျှတမှု ဖော်ဆောင်ပေးနိုင်ရေးအတွက် အမျိုးသား ညီညွတ်ရေးအစိုးရ အပါအဝင် မြန်မာ့လူမှုအဖွဲ့အစည်းများ၏ ကြိုးပမ်းအားထုတ် မှုများအား ပူးပေါင်း ကူညီပံ့ပိုးပေးရန်၊
  • အရပ်သားအစိုးရခေါင်းဆောင်များ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများအား အမြန်ဆုံး လွတ်မြောက် ရေးအတွက် ကူညီဆောင်ရွက်ပေးရန်၊
  • မိမိတို့၏ လက်ရှိ အရပ်သားအစိုးရအုပ်ချုပ်ရေးစနစ်နှင့် ဒီမိုကရက်တစ် အဖွဲ့ အစည်းများ ပိုမိုခိုင်မာ အားကောင်းလာစေရေးအတွက် နည်းပညာနှင့် ငွေကြေး အကူအညီများ တိုးမြှင့်ပေးအပ်ရန်၊
  • ဒီမိုကရေစီအင်အားစုများအကြား ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းစဉ်များ အပါအဝင် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များကို အမြန်ဆုံး အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် ကုလသမဂ္ဂ၊ ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံများအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် လက်တွေ့ကျ ထိရောက်သော နည်းလမ်း များဖြင့် စဉ်ဆက်မပြတ် ပူးပေါင်းကူညီပေးရန်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top