၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၈ ရက်
၁။ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အမေရိကန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ ပူးတွဲထုတ်ပြန်ချက်သည် နှစ်နိုင်ငံအကြားတွင်သာမက မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများအပေါ် နှစ်နိုင်ငံခေါင်းဆောင်များ၏ ကတိကဝတ်ကောင်းများဖြစ်ပြီး ကမ္ဘာကြီး တည်ငြိမ်အေးချမ်းရေးနှင့် ရေရှည်တည်တံ့ဖွံ့ဖြိုးရေးတို့အတွက် များစွာ အကျိုးဖြစ်ထွန်းသော ရလဒ်များကို အကောင်အထည် ဖော်နိုင်လိမ့်မည်ဟု မိမိတို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အခိုင်အမာ ယုံကြည်ပါသည်။
၂။ အထူးသဖြင့် ယင်းပူးတွဲထုတ်ပြန်ချက် အပိုဒ် (၃၀) တွင် ပါရှိသည့် တရားမဝင် အာဏာသိမ်း စစ်ကောင်စီက ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ထားသူအားလုံးကို ပြန်လွှတ်ပေးရေးနှင့် အားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်အား ဖော်ဆောင်နိုင်မည့် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးစသည့် တောင်းဆိုချက်များကို မိမိတို့ ထောက်ခံကြိုဆိုပါသည်။
၃။ သို့သော် အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးရေးဟု ဆိုရာ၌ လက်ရှိ မြန်မာပြည်သူ များ၏ ပြင်းပြသည့် နိုင်ငံရေးအာသီသ ဖော်ဆောင်မှုဖြစ်သော စစ်အာဏာရှင်စနစ် အဆုံးသတ် တော်လှန်ရေးအရှိန်အဟုန်ကို မျက်ကွယ်ပြုရန် မဖြစ်နိုင်သကဲ့သို့ ပြည်သူများအပေါ် စစ်အာဏာရှင် များက ကျူးလွန်ခဲ့ကြသည့်၊ လက်ရှိတွင်လည်း ကျူးလွန်နေဆဲဖြစ်သည့် လူ့အခွင့်အရေးချိုးဖောက်မှု များ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများအတွက် တရားမျှ တမှု ဖော်ဆောင်ရေးနှင့် နောင်အနာဂတ်တွင်လည်း ယခုကဲ့သို့သောအခြေအနေများ ထပ်မံမဖြစ် ပေါ်ရေးတို့သည်လည်း အရေးကြီးသော ကဏ္ဍဖြစ်သည်ကို အလေးအနက် သတိချပ်ရမည် ဖြစ်ပါသည်။
၄။ ခေါင်းဆောင်နှစ်ဦး စိုးရိမ်သကဲ့သို့ မြန်မာနိုင်ငံ၏ ဆိုးရွားသောအခြေအနေများကို အမြန်ဆုံး အဆုံးသတ်နိုင်ရန်မှာ အာဏာသိမ်းစစ်တပ်၏ ဥပဒေမဲ့ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးရေးအပါအဝင် စစ်တပ်က လက်နက်အားကိုးဖြင့် နိုင်ငံတော်အား တရားမဝင် ထိန်းချုပ်နိုင်ရန်ကြိုးပမ်းနေမှုကို အဆုံးသတ်ရန် လိုအပ်ခြင်းကြောင့် စိုးရိမ်မှုများမှသည် လက်တွေ့ကျ ထိရောက်သော ကူညီမှုများအဖြစ်သို့ ဆက်လက်ဖော်ဆောင်ကူညီပေးရန် အထူးလိုအပ် ပါသည်။
၅။ လွတ်လပ်ခွင့်၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တန်းတူအခွင့်အရေးနှင့် စုံလင်ကွဲပြားမှု စံတန်ဖိုးများအပေါ် ထားရှိသည့် နှစ်နိုင်ငံခေါင်းဆောင်များ၏ ကတိကဝတ်ကို ဝမ်းမြောက်စွာ တွေ့ရှိရပြီး မြန်မာပြည်သူများအတွက် စစ်အာဏာသိမ်းမှုကြောင့် ဆုံးရှုံးသွားရသည့် ဒီမိုကရေစီ၊ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးတို့ ပြန်လည်ရရှိခံစားနိုင်ရန် အင်အားကြီး ဒီမိုကရေစီနိုင်ငံ နှစ်နိုင်ငံ ဖြစ်သည့် အမေရိကန်ပြည်ထောင်စုနှင့် အိန္ဒိယနိုင်ငံတို့ထံမှ လက်တွေ့ကျသော ပံ့ပိုးကူညီမှုများ ဆက်လက်ပေးအပ်ရန် တောင်းဆိုပါသည်။
၆။ ကိုလိုနီနယ်ချဲ့စနစ်အောက်မှ လွတ်လပ်ရေး ကြိုးပမ်းမှုများအပါအဝင် သမိုင်းအစဉ်အလာ အားဖြင့် နက်ရှိုင်းသော ဆက်ဆံရေးရှိခဲ့သည့် မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံအနေဖြင့် ယခုလက်ရှိတွင် စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ရေးနှင့်ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းနေကြသော မြန်မာပြည်သူများ၏ ရုန်းကန်မှုကို စာနာကူညီသောအားဖြင့် အကြမ်းဖက် တရားမဝင် စစ်ကောင်စီ နှင့် စီးပွားရေး၊ သံတမန်ရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်နေမှုများကို ရပ်တန့်ရန်နှင့် ကိုယ်တိုင် သော်လည်းကောင်း၊ အမေရိကန်နိုင်ငံနှင့် ပူးပေါင်း၍လည်းကောင်း တရားမဝင်စစ်ကောင်စီအပေါ် အဘက်ဘက်မှ ပိတ်ဆို့ ဖိအားပေးမှုများ တိုးမြှင့်လုပ်ဆောင်ပေးရန် အလေးအနက် တိုက်တွန်းပါသည်။
၇။ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုတို့ ဖော်ဆောင်ပေးနိုင်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်နိုင်ရေးအတွက် လက်ရှိတွင် စစ်အာဏာရှင်စနစ် ဖယ်ရှားချုပ်ငြိမ်းရေးမှာ အဓိကဖြစ်ရာ အမေရိကန်နှင့် အိန္ဒိယနိုင်ငံ တို့အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဒီမိုကရေစီအင်အားစုများအား ထိရောက်သော ပံ့ပိုးကူညီမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်ပေးရန်အတွက် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် လေးလေးနက်နက် ထပ်မံ တိုက်တွန်းတောင်းဆို အပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ