မူလ / ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက် စစ်ရှောင်စခန်းရှိ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်အာဏာသိမ်းစစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့မှုအပေါ် ထုတ်ပြန်ချက်

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက် စစ်ရှောင်စခန်းရှိ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်အာဏာသိမ်းစစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့မှုအပေါ် ထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်

၁။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့၊ ည ၁၁ နာရီခွဲခန့်တွင် အကြမ်းဖက်အာဏာသိမ်းစစ်တပ်က ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုက်ခက် စစ်ရှောင်စခန်းရှိ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား၍ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကလေးသူငယ် (၁၃) ဦးအပါအဝင် အနည်းဆုံး ပြည်သူ (၃၀) ခန့် သေဆုံးခဲ့ပြီး ပြည်သူ (၅၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ဝမ်းနည်းကြေကွဲစွာ လေ့လာကြားသိရပါသည်။

၂။ ယခုကဲ့သို့ အကြမ်းဖက်အာဏာသိမ်းစစ်တပ်၏ အရပ်သားပြည်သူများအပေါ် လူမဆန်သော အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်နေမှုအား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်သည်။ အကြမ်းဖက်အာဏာသိမ်းစစ်တပ်သည် အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့အချိန်မှစ၍ အရပ်သားပြည်သူများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ လူနေကျေးရွာများ၊ စစ်ရှောင်စခန်းများသို့ ခွဲခြားမှုမရှိသော လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများကို ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။

၃။ အကြမ်းဖက်အာဏာသိမ်းစစ်တပ်၏ နေ့စဉ်တိုးမြှင့်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်မှုများကြောင့် ပြည်သူ ၂ သန်းကျော်သည် နေရပ်စွန့်ခွာ တိမ်းရှောင်နေရလျက် ရှိပါသည်။ ယနေ့အချိန်ထိ ပြည်သူ ၂၅,၀၀၀ ကျော် ဖမ်းဆီးခဲ့ပြီး အမျိုးသမီးနှင့် ကလေးသူငယ်များအပါအဝင် ပြည်သူ ၄,၀၀၀ ကျော်အား သတ်ဖြတ်ခဲ့ကာ ပြည်သူ့နေအိမ် ၈၀,၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်ပါသည်။ မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်အာဏာသိမ်းစစ်တပ်သည် နှစ်ပေါင်းများစွာကတည်းက အပြစ်ပေးအရေးယူခံရခြင်းမရှိခြင်းကြောင့် အရပ်သားများအပေါ်၌ အကြမ်းဖက်မှုများကို ဆက်လက်လုပ်ဆောင်နေခြင်းဖြစ်ပါသည်။

၄။ အကြမ်းဖက်အာဏာသိမ်းစစ်တပ်က ကျူးလွန်လုပ်ဆောင်ခဲ့သည့် ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေရေး မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်ပြီး မြန်မာပြည်သူများအတွက် တရားမျှတမှု ရရှိရေးအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အရေးကြီးသော လုပ်ငန်းစဉ်တစ်ရပ်အဖြစ် သတ်မှတ်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အကြမ်းဖက်အာဏာသိမ်းစစ်တပ်အား ထိရောက်သော အရေးယူဆောင်ရွက်ခြင်းများဖြင့်သာ ၎င်းတို့ကျူးလွန်လုပ်ဆောင်နေသည့် လူမဆန်သော အကြမ်းဖက်မှုများအား ရပ်တန့်စေနိုင်မည်ဖြစ်သည်ကို နားလည်လိမ့်မည်ဟု အခိုင်အမာယုံကြည်ပါသည်။

၅။ သို့ပါ၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်ကောင်စီအပေါ် စစ်လက်နက် တင်ပို့ရောင်းချခြင်းအား အမြန်ဆုံးပိတ်ပင်တားဆီးသွားနိုင်ရေး၊ ပိုမိုပြင်းထန်သော အရေးယူပိတ်ဆို့မှုများ တိုးမြှင့်လုပ်ဆောင်သွားနိုင်ရေး ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ပေးကြပါရန်နှင့် မြန်မာပြည်သူများအတွက် တရားမျှတမှုဖော်ဆောင်ရေး လုပ်ငန်းစဉ်အတွက် မိမိတို့ ဒီမိုကရေစီအင်အားစုများအား ထိရောက်သော ပံ့ပိုးကူညီမှုများနှင့်အတူ လက်တွဲလုပ်ဆောင်ပေးရန် လေးလေးနက်နက် ထပ်မံတိုက်တွန်းအပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top