မူလ / ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေနှင့်စပ်လျဉ်း၍ ထုတ်ပြန်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေနှင့်စပ်လျဉ်း၍ ထုတ်ပြန်ခြင်း

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်

၁။ အကြမ်းဖက်စစ်အုပ်စု၏ မတရားဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိ အချိန်တွင် ဆိုးဝါးသော နှလုံးကျန်းမာရေးအခြေအနေကို ခံစားနေရပြီး လုံလောက်ကောင်းမွန်သော ဆေးကုသမှုမရရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက အသိပေးချက်ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည့်အတွက် မိမိတို့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီအနေဖြင့် များစွာ စိုးရိမ်ပူပန်မိပါသည်။

၂။ အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူလူထုက ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက် ထားသည့် နိုင်ငံတော်အစိုးရထံမှ ဥပဒေမဲ့အာဏာသိမ်းယူခဲ့သည့်အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံ့ခေါင်းဆောင်များ၊ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ စုစုပေါင်း (၂၉,၆၂၈) ဦးကို ဥပပေမဲ့ ဖမ်းဆီးကာ ယခုထိတိုင် ပြည်သူ (၂၂,၃၆၆) ဦးသည် ထိန်းသိမ်းခံနေရဆဲဖြစ်ပါသည်။ ဖမ်းဆီးထားသူများအား ညှင်းပန်းနှိပ်စက်ခြင်း၊ မိသားစုနှင့် တွေ့ဆုံခွင့်မပေးခြင်း၊ ဆိုးရွားသော အခြေအနေများတွင် ထားရှိ ခြင်းသာမက အသက်အန္တရာယ်ရှိသော ရောဂါဝေဒနာခံစားနေရသူများကိုလည်း လုံလောက်သော ဆေးကုသခွင့်မပေးခြင်းအပြင် ထောင်တွင်းသေဒဏ် (၁၂၉) ဦးနှင့် မျက်ကွယ်သေဒဏ် (၄၄) ဦး ကျခံနေရဆဲဖြစ်ကာ ပြည်သူ (၂,၁၈၅) ဦးသည် အာဏာသိမ်းကာလအတွင်း ဖမ်းဆီးထိန်းချုပ် ထားစဉ် သေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

၃။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူလူထုက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသည့် တရားဝင်နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ၏ ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ပါသည်။ ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ထိတိုင် ပြည်သူအများစု၏ ထောက်ခံမှုကို အခိုင်အမာရရှိထားပြီး မြန်မာ့အရေးဖြေရှင်းမှုတွင် အဓိကကျသော လူထုခေါင်းဆောင်တစ်ဦးအဖြစ် မိမိတို့ အခိုင်အမာယုံကြည်ပါသည်။ ယခုကဲ့သို့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် နိုင်ငံ့ခေါင်းဆောင်တစ်ဦးအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ယနေ့ထိတိုင် ရက်ပေါင်း (၁,၆၇၈) ရက်ကြာ ဆိုးရွားသော အခြေအနေ ဖြင့် ဖမ်းဆီးအကျဉ်းချထားရုံမျှမက ယခုကဲ့သို့ အသက်အန္တရာယ်ရှိသော နှလုံးရောဂါကို ခံစားနေ ရချိန်တွင် လုံလောက်သော ဆေးကုသခွင့်မပေးခြင်းကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီအနေဖြင့် အပြင်းအထန် ရှုတ်ချသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်အား ယခုကဲ့သို့ ကောင်းမွန်လုံလောက်သော ဆေးကုသမှုပေးရန်ငြင်းဆိုခြင်းသည် နိုင်ငံ ရေးအရ ရည်ရွက်ချက်ရှိရှိ နှိပ်ကွပ်ခြင်း (Political Persecution) ပင်ဖြစ်ပြီး အကျိုးသက်ရောက်မှု အားလုံးကို အကြမ်းဖက် စစ်ကောင်စီအနေဖြင့် အပြည့်အဝတာဝန်ခံရမည် ဖြစ်ပါသည်။

၄။ မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် တရားမဝင် စစ်အာဏာ သိမ်းမှုနှင့် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး၊ အားလုံးပါဝင်သည့် နိုင်ငံရေးဖြေရှင်းမှုမှတစ်ဆင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်အား တည်ဆောက်နိုင်ရေးနှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရန် အစဉ်တစိုက် တောင်းဆိုကြိုးပမ်းခဲ့ပါသည်။ လက်ရှိ အချိန်တွင် မိမိတို့နိုင်ငံ၌ ပဋိပက္ခများအဆုံးသတ်နိုင်ရေးနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန် ဖမ်းဆီးခံထားရသည့် နိုင်ငံ့ခေါင်းဆောင်များ၊ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို အမြန်ဆုံးလွှတ်ပေးရန်သည် အရေးကြီး သည့် ပထမဆုံးလုပ်ငန်းစဉ်အဖြစ် မှတ်ယူပါသည်။

၅။ အကြမ်းဖက်စစ်အုပ်စုသည် ငြိမ်းချမ်းရေးဖော်ဆောင်ရန် ထုတ်ဖော်ပြောကြားနေသော် လည်း လက်တွေ့တွင်မူ ကြီးမားသော ဖိနှိပ်မှုများ၊ ရာဇဝတ်မှုမြောက်သော အကြမ်းဖက်မှုများ၊ လူအမြောက်အမြားသေစေသည့် လေကြောင်းတိုက်ခိုက်မှုများကို ကျူးလွန်လုပ်ဆောင်နေဆဲ ဖြစ် ပါသည်။ အကြမ်းဖက်စစ်အုပ်စု၏ နေစဉ်ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက် လုပ်ရပ်များ အမြန်ဆုံးရပ်တန့်နိုင်ရေး၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရေး၊ အင်အားစုအားလုံး၏ ရည်မှန်းချက်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက် လက်တွေ့ကျကျ ကူညီဆောင်ရွက်ခြင်းဖြင့် မြန်မာ့အရေးအမြန်ဆုံးဖြေရှင်းမှုအား ဆက်လက် ကူညီပေးကြရန် ကုလသမဂ္ဂ၊ အာဆီယံ၊ အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများ၊ အဖွဲ့အစည်းများ ကို ဤထုတ်ပြန်ချက်ဖြင့် ထပ်မံတိုက်တွန်းအပ်သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top