မူလ / ဥရောပပါလီမန်၏ နိုင်ငံရေးပါတီများဖျက်သိမ်းမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် (2023/2694(RSP)) နှင့်စပ်လျဉ်းသည့် ထုတ်ပြန်ချက်

ဥရောပပါလီမန်၏ နိုင်ငံရေးပါတီများဖျက်သိမ်းမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် (2023/2694(RSP)) နှင့်စပ်လျဉ်းသည့် ထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ မေလ ၁၂ ရက်

၁။ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော မြန်မာ့လွှတ်တော် ကိုယ်စားလှယ် များ၏ ကိုယ်စားပြုအဖွဲ့အစည်းဖြစ်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီသည် ဥရောပပါလီမန်က ၂၀၂၃ ခုနှစ်၊ မေလ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် (2023/2694(RSP)) အား ကြိုဆိုထောက်ခံပြီး ဥရောပ ပါလီမန်ကိုလည်း ကျေးဇူး တင်ရှိပါသည်။

၂။ လေယာဉ်လောင်စာဆီ တင်ပို့ရောင်းချခြင်းကို ပိတ်ပင်တားမြစ်သည့် ဒဏ်ခတ်အရေးယူမှု များအပါအဝင် စစ်တပ်နှင့် ၎င်း၏ အကျိုးစီးပွားများအပေါ် ပစ်မှတ်ထား၍ ဒဏ်ခတ်အရေးယူမှုများ ထပ်မံချမှတ်ရန် ဥရောပပါလီမန်၏ တောင်းဆိုချက်ကို မိမိတို့ ချီးကျူးဂုဏ်ပြုအပ်ပါသည်။

၃။ စစ်တပ်၏ အရပ်သားပြည်သူများအား အမြဲတစေ၊ ထပ်ခါတလဲလဲ ကျူးလွန်နေသည့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် စစ်ရာဇ၀တ်မှုများကို ရပ်တန့်စေရန် အထောက်အကူ ဖြစ်စေသည့် ဆုံးဖြတ်ချက်အား ချက်ချင်းအကောင်အထည်ဖော်ဆောင်မှုကို မိမိတို့အနေဖြင့် ကြိုဆိုထောက်ခံလိုပါသည်။

၄။ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေကြသည့် မြန်မာပြည်သူများအပေါ် ဥပရောပပါလီမန် ကဲ့သို့ ပံ့ပိုးကူညီရန် နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းပါသည်။ ဥရောပပါလီမန်သည် ဒီမိုကရေစီနှင့် တရားမျှတမှုကို ဖော်ဆောင်နိုင်မည့် အားလုံးပါဝင်မှုရှိသော ဖက်ဒရယ်ဒီမိုကရေစီ တို့အတွက် ထောက်ခံအားပေးကာ ဆောင်ရွက်နေခြင်းဖြင့် ယခုကဲ့သို့ ပံ့ပိုးကူညီနေပါသည်။ 

၅။ ဥရောပပါလီမန်၏ အမျိုးသားညီညွတ်ရေးအစိုးရနှင့် နိုင်ငံအတွင်းရှိ အခြားသော ဒီမိုကရေစီ အင်အားစုများအား ထိရောက်သည့် အားပေးထောက်ခံမှုများကို ထပ်မံလုပ်ဆောင်ကြပါရန် နိုင်ငံတကာသို့ တိုက်တွန်းတောင်းဆိုမှုကိုလည်း အထူးကျေးဇူးတင်ပါသည်။

၆။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး ကြိုးပမ်းမှုတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန်အတွက် လွှတ်တော်တွင်း ဆွေးနွေးမှုများပြုလုပ်ပြီး ဆုံးဖြတ်ချက်များ ချမှတ်ပေးခြင်းဖြင့် ပံ့ပိုးကူညီမှုများကို တိုးမြှင့်လုပ်ဆောင်ပေးရန် နိုင်ငံတကာပါလီမန်များနှင့် ပါလီမန်အဖွဲ့အစည်းများအား ဆက်သွယ်ဆောင်ရွက်မှုများပြုလုပ်ပါရန် ဥရောပပါလီမန်အား မိမိတို့အနေဖြင့် လေးစားစွာ တောင်းဆိုအပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top