၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်
၁။ ယနေ့သည် ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံ၌ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းအား အတည်ပြုခဲ့သည့် (၇၆) နှစ်မြောက်နေ့ ဖြစ်ပါသည်။ မြန်မာပြည်သူတို့သည် အကြမ်းဖက်အာဏာသိမ်းစစ်တပ်၏ လူမဆန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကြားမှပင် လွတ်လပ်ခွင့်၊ ဒီမိုကရေစီနှင့် လူသားဂုဏ်သိက္ခာတို့အတွက် ယနေ့ထိတိုင် ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာဖြင့် ရည်မှန်းချက်ပန်းတိုင်ဆီ ဆက်လက်လျှောက်လှမ်းလျက်ရှိပါသည်။ မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မြန်မာပြည်သူတို့အတွက် လူ့အခွင့်အရေး အပြည့်အဝရရှိခံစားနိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရန် ပါဝင်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်၊၊
၂၊၊ ရာဇဝတ်မှုကျူးလွန်သူများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့် ကမ္ဘာတစ်ဝှမ်းတွင် နိုင်ငံသားများသည် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ အကြမ်းဖက်ခံရမှုများကို ယခုနှစ်အနည်းငယ်အတွင်း ပိုမိုကြုံတွေ့ခံစားနေရပြီး ကျူးလွန်သူများသည်လည်း ပြစ်ဒဏ်မှ ဆက်လက်ကင်းလွတ်နေလျက်ရှိပါသည်။ ယင်းသည် ဥပဒေလေးစားလိုက်နာမှုနှင့် ဥပဒေစိုးမိုးမှုကို ပိုမိုအားနည်းစေသည်သာမက နောက်ထပ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ဆက်လက်ကျူးလွန်ရန် တွန်းပို့လျက်ရှိပါသည်။ မြန်မာနိုင်ငံ၌ အကြမ်းဖက်စစ်တပ် ထိပ်တန်းခေါင်းဆောင်များသည်လည်း အလားတူ ပြစ်ဒဏ်ပေးခံရခြင်းမှ ကင်းလွတ်နေမှုကြောင့် ၂၀၂၁ ခုနှစ်၊ ဥပဒေမဲ့ အာဏာသိမ်းမှုအပြင် မြန်မာနိုင်ငံတစ်ဝှမ်း၌ တုန်လှုပ်ခြောက်ခြားဖွယ်ရာဇဝတ်မှုများကို အကြိမ်များစွာ ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။
၃။ စစ်အာဏာရှင်များသည် ခေတ်အဆက်ဆက်၌ တိုင်းရင်းသားလူနည်းစုများနှင့် ရိုဟင်ဂျာများအပေါ် ရာဇဝတ်မှုများကို ကျူးလွန်လုပ်ဆောင်ခဲ့သည့်နည်းတူ ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုနောက် အစုလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း၊ ပစ်မှတ်ခွဲခြားမှုမရှိသော လေကြောင်းတိုက်ခိုက်မှုများကဲ့သို့ ရာဇဝတ်မှုပေါင်းများစွာကို ကျူးလွန်လုပ်ဆောင်ခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို တိုးမြှင့်အသုံးပြုနေပြီး အရပ်သားများနေထိုင်ရာ ကျေးရွာ၊ မြို့ပြများ၊ စာသင်ကျောင်းများ၊ စစ်ရှောင်ပြည်သူများနေထိုင်ရာ ဘုန်းတော်ကြီးကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများ၊ စစ်ဘေးရှောင်စခန်းများကိုပါ ဦးတည်တိုက်ခိုက်လျက်ရှိပါသည်။
၄။ ယင်းသို့ အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှုများကြောင့် အနည်းဆုံး ပြည်သူ (၆,၀၀၀)ဦး သေဆုံးခဲ့ပြီးဖြစ်သကဲ့သို့ နေအိမ်၊ အဆောက်အအုံ (၁၀၀,၀၀၀) ခန့် ပျက်စီးခဲ့ပြီးဖြစ်ပါသည်။ ပြည်သူ (၃) သန်းကျော်မှာလည်း နေရပ်စွန့်ခွာတိမ်းရှောင်နေရပြီး အမျိုးသမီးနှင့် ကလေးသူငယ်များအပါအဝင် ပြည်သူ (၁၈.၆) သန်းကျော်သည် လူသားချင်းစာနာထောက်ထားမှုအကူအညီများ အရေးတကြီး လိုအပ်လျက်ရှိပါသည်၊၊ ပြည်သူများ လက်ရှိခံစားနေရသည့် ဆင်းရဲဒုက္ခများနှင့် တိုင်းပြည်အတွင်း မတည်ငြိမ်မှုများကို အဆုံးသတ်စေရန် အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်အာဏာသိမ်းယူထားမှုနှင့် ကျူးလွန်လုပ်ဆောင်နေသည့် အကြမ်းဖက်မှုများကို အမြန်ဆုံး အဆုံးသတ်ရမည် ဖြစ်ပါသည်။
၅။ ထို့ကြောင့် ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရှေ့နေချုပ်၏ လျှောက်ထားမှုကို မိမိတို့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကြိုဆိုပြီး ယင်းဝရမ်းလျှောက်ထားမှု အတည်ပြုခဲ့ပါက အမြန်ဆုံးဖမ်းဆီးအပြစ်ပေးနိုင်ရေးအတွက်လည်း နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် တောင်းဆိုလိုပါသည်။ ICC တရားသူကြီးများအနေဖြင့် လျှောက်ထားချက်အားလက်ခံပြီး ဖမ်းဆီးရန် ဝရမ်းလျှောက်လွှာကို မြန်မြန်ဆန်ဆန် ထုတ်ပေးရန်လည်း မိမိတို့ တောင်းဆိုပါသည်။ မိမိတို့အနေဖြင့်လည်း အကြမ်းဖက်စစ်တပ်က ကျူးလွန်လုပ်ဆောင်ခဲ့သည့် ရာဇဝတ်မှုများအတွက် ပြည်တွင်းနှင့် နိုင်ငံတကာဥပဒေများအရ အပြစ်ပေးအရေးယူနိုင်ရေး ဆက်လက်ကြိုးပမ်းအားထုတ်သွားမည် ဖြစ်ပါသည်။
၆။ ယနေ့အချိန်တွင် နိုင်ငံတကာရာဇဝတ်ကောင်အဖြစ် ဝရမ်းထုတ်ရန် တောင်းဆိုခံနေရသည့် မင်းအောင်လှိုင်၏ အကြမ်းဖက်စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများသည် မြန်မာနိုင်ငံ၌ အကြမ်းဖက်စစ်တပ်၏ အကြမ်းဖက်မှုများ၊ ရာဇဝတ်မှုများကို ဆက်လက်ဖြစ်ပေါ်စေရန် ပံ့ပိုးပေးသည့်သဘော သက်ရောက်နိုင်သည်သာမက ယင်းနိုင်ငံများအပေါ် ဝေဖန်ပြစ်တင်ခံရနိုင်သည်ကို မိမိတို့အသိပေးလိုပါသည်။ အကြမ်းဖက်စစ်ကောင်စီနှင့် တည်ဆောက်ခဲ့ပြီးသော ဆက်ဆံရေးများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အမြန်ဆုံးရပ်တန့်ခြင်းဖြင့် မြန်မာနိုင်ငံ၌ အကြမ်းဖက်စစ်တပ်၏ ရာဇဝတ်မှုများ လုပ်ဆောင်နေမှုကို ကူညီအဆုံးသတ်ပေးရန်လည်း ကမ္ဘာ့နိုင်ငံများကို တောင်းဆိုပါသည်။
၇။ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲသည် မြန်မာပြည်သူတို့ဆန္ဒကို ထင်ဟပ်ခဲ့သည့် ရွေးကောက်ပွဲဖြစ်ပြီး ယင်းရွေးကောက်ပွဲမှ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဥပဒေပြုရေးတာဝန်များကို ထမ်းဆောင်နေသည့်နည်းတူ နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)ကလည်း အသိအမှတ်ပြုထားပါသည်။ အကြမ်းဖက်စစ်ကောင်စီ၏ အာဏာရှင်များသည် မြန်မာ့ပြဿနာအရပ်ရပ်၏ အဓိကအခြေခံဖြစ်ပြီး ယင်းတို့က ကျင်းပရန် စီစဉ်လျက်ရှိသည့် ရွေးကောက်ပွဲသည် လက်ရှိနိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်ပါ။ ထို့အပြင် လက်ရှိပဋိက္ခအား ပိုမိုရှည်ကြာစေမည်ဖြစ်ပြီး ငြိမ်းချမ်းရေးသည်လည်း ဝေးကွာနေဦးမည် ဖြစ်ပါသည်။
၈။ မိမိတို့ ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲမှတစ်ဆင့် ရွေးကောက်တင်မြှောက်ခံထားရသည့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုအန္တရာယ်များကြားမှပင် မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးတို့ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ကဏ္ဍအသီးသီးတွင် ပါဝင်ကြိုးပမ်းလျက်ရှိပါသည်။ ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုတို့ ပြန်လည်ရရှိရေးအတွက် တရားမဝင်စစ်အုပ်ချုပ်ရေးအား အစောတလျင် ဖျက်သိမ်းနိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရေးတို့အတွက် ထိထိရောက်ရောက် ပံ့ပိုးကူညီပေးရန် နိုင်ငံတကာအသိုက်အဝန်းအား ကျွန်ုပ်တို့အနေဖြင့် ထပ်မံတိုက်တွန်းအပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ


