၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်
၁။ မြန်မာနိုင်ငံ၏ အရပ်သားအစိုးရထံမှ ဥပဒေမဲ့ အာဏာလုယူထားပြီး မြန်မာပြည်သူများ အပေါ်၌ လူမဆန်သော ဖမ်းဆီးသတ်ဖြတ်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်စစ်ကောင်စီသည် မြန်မာနိုင်ငံဆိုင်ရာ အရှေ့တီမောသံရုံး၏ ယာယီတာဝန်ခံအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မတိုင်မီ မြန်မာနိုင်ငံမှ ထွက်ခွာသွားရန် ဖိအားပေးခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် လေ့လာသိရှိရပါသည်။
၂။ ယင်းလုပ်ရပ်သည် ရာဇဝတ်မှုများ၊ အကြမ်းဖက်မှုများ၊ ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများကိုသာ လုပ်ဆောင်တတ်သည့် နိုင်ငံတော်နှင့် နိုင်ငံတော်အစိုးရအား ပုန်ကန်၍ အာဏာလုယူထားသော စစ်အာဏာရှင်ခေါင်းဆောင်များ၏ သိမ်ဖျင်းသော ရှိရင်းစွဲ အမူအကျင့်သာ ဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချသည်။
၃။ ယခုကဲ့သို့ ခက်ခဲကြမ်းတမ်းသည့်အချိန်တွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လေးစား တန်ဖိုးထားသည့် အရှေ့တီမောနိုင်ငံခေါင်းဆောင်များနှင့် ပြည်သူများသည် မိမိတို့နှင့်အတူ ခိုင်ခိုင်မာမာ ရပ်တည်ပြီး မြန်မာနိုင်ငံ၌ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် ဝိုင်းဝန်းကြိုးပမ်းပေး နေမှုများအတွက် မြန်မာပြည်သူများကိုယ်စား ကျေးဇူးအထူးတင်ရှိပါသည်။
၄။ မိမိတို့၏ စစ်အာဏာရှင်စနစ် အမြန်ဆုံး အဆုံးသတ်နိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေး ကြိုးပမ်းမှုတွင် သမိုင်းအတွေ့အကြုံနှင့် သင်ခန်းစာများစွာ ပိုင်ဆိုင်ထားသည့် အရှေ့တီမောနိုင်ငံခေါင်းဆောင်များနှင့် ပြည်သူများထံမှ အကြံပြုချက်များနှင့် ထိရောက်သော ပံ့ပိုးကူညီမှု၊ ပူးပေါင်းဆောင်ရွက်မှုများသည် တန်ဖိုးမဖြတ်နိုင်သော အကူအညီများ ဖြစ်ပါသည်။
၅။ အကြမ်းဖက်စစ်ခေါင်းဆောင်များသည် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အား ဆုတ်ယုတ်ပျက်စီးစေရန် ဆက်လက်တိုးမြှင့် လုပ်ဆောင်နေခြင်းကြောင့် စစ်ကောင်စီအပေါ် ပိုမိုပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ် ဆောင်ရွက်ပေးရန်နှင့် မြန်မာပြည်သူတို့၏ ဒီမိုကရေစီအရေး ကြိုးပမ်းချက်များအပေါ် ထိရောက် သော ပံ့ပိုးကူညီမှုများကို တိုးမြှင့်ပေးအပ်ရန် နိုင်ငံတကာအသိုက်အဝန်းအား ထပ်လောင်း တိုက်တွန်း အပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ