မူလ / ၂၀၂၄ ခုနှစ်၊ နိုင်ငံတကာနှစ်သစ်ကူးနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ နိုင်ငံတကာနှစ်သစ်ကူးနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်

၁။ ယနေ့ကျရောက်သည့် နိုင်ငံတကာနှစ်သစ်ကူးနေ့အချိန်အခါသမယတွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနှင့်တကွ ကမ္ဘာသူ၊ ကမ္ဘာသားများအားလုံး ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်စုံကြကာ ဘေးအန္တရာယ်အပေါင်း ကင်းဝေးကြပါစေကြောင်းနှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအကျိုးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်သည့် နှစ်သစ်ကူးဖြစ်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ ၂၀၂၄ နှစ်သစ်သည် စစ်အာဏာရှင်တို့၏ နေဝင်ချိန်ဖြစ်ပြီး မြန်မာပြည်သူလူထုတို့အတွက် အေးချမ်းသာယာသော နေ့သစ်များဖြစ်ကြပါစေကြောင်း ထပ်လောင်းဆန္ဒပြုအပ်ပါသည်။

၂။ မြန်မာပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်က တရားမဝင်အာဏာသိမ်းယူရန် ကြိုးပမ်းမှုနှင့် ၎င်းတို့၏ အကြမ်းဖက်မှုများကို အခက်အခဲအမျိုးမျိုးကြားမှပင် ရင်ဆိုင်တွန်းလှန်ရင်း တိုင်းပြည်အား စစ်အာဏာရှင်များလက်အောက်မှ လွတ်မြောက်ရေး၊ အေးချမ်းသော အနာဂတ်နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ရေးတို့အတွက် ကြိုးပမ်းနေရသည့် နှစ်သစ်ကူးကာလ ဖြစ်ပါသည်။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် တော်လှန်ရေးအင်အားစုအသီးသီးတို့က နည်းလမ်းအမျိုးမျိုးဖြင့် စုပေါင်းတွန်းလှန်နေမှုများကြောင့် အောင်မြင်မှုများ လက်တွေ့ဖော်ဆောင်နိုင်ကြကာ အဆုံးသတ်အောင်ပွဲဆီသို့လည်း ဆက်လက်လျှောက်လှမ်းနေဆဲ ဖြစ်ပါသည်။

၃။ ပြည်သူ့တော်လှန်ရေး (၃) နှစ်ပြည့်နီးပါးအချိန်ကာလအထိ မြန်မာပြည်သူတို့၏ ဒီမိုကရေစီအပေါ် လေးစားတန်ဖိုးထားသည့် စိတ်ဓာတ်ကို ယုံကြည်လက်ခံ၍ မိမိတို့ ပြည်သူများနှင့်အတူ ရပ်တည်ကာ အကူအညီများပေးအပ်ခဲ့သော အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအား အထူးကျေးဇူးတင်ရှိပါသည်။ ၂၀၂၄ နှစ်သစ်တွင်လည်း မြန်မာနိုင်ငံ၌ စစ်အာဏာရှင်များ အမြန်ဆုံး အဆုံးသတ်နိုင်ရေးနှင့် မျှော်လင့်နေသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်အား အမြန်ဆုံး တည်ဆောက်နိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီအပေါ် ဖိအားများ တိုးမြှင့်ချမှတ်ပေးရန်နှင့် တော်လှန်ရေးအင်အားစုများအပေါ် ထိရောက်သော အကူအညီများ တိုးမြှင့်ပေးအပ်သွားရန် လေးလေးနက်နက် တောင်းဆိုလိုပါသည်။

၄။ ယနေ့အချိန်တွင် မြင်တွေ့နေရသော နွေဦးတော်လှန်ရေး၏ အောင်မြင်မှုများသည် တိုင်းရင်းသားပြည်သူများနှင့် တော်လှန်ရေးအင်အားစုများအားလုံးက စစ်အာဏာရှင်များအား နည်းလမ်းအမျိုးမျိုးဖြင့် မလျော့သောဇွဲ၊ လုံ့လတို့ဖြင့် သုံးနှစ်နီးပါးကြာ ကြိုးပမ်းခုခံတော်လှန်ခဲ့ကြသောကြောင့် ရရှိလာသောအကျိုးရလဒ်များ ဖြစ်ပါသည်။၊ နိုင်ငံတစ်ဝှမ်းတွင် ခုခံတွန်းလှန်စစ်များ ဆင်နွှဲနေကြသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ယုတ်မာမှုအမျိုးမျိုးကို ကြံ့ကြံ့ခံရင်ဆိုင်ကာ အခက်အခဲများစွာဖြင့် ရင်ဆိုင်ကျော်ဖြတ်နေကြသည့် CDM သူရဲကောင်းများ၊ ကျောင်းသားလူငယ်များအပါအဝင် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးအား များစွာ ကျေးဇူးတင်ရှိပါသည်။

၅။ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံ၌ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးအတွက် တော်လှန်ရေးအစောပိုင်းကာလမှစ၍ ကဏ္ဍအမျိုးမျိုးမှ ပါဝင်ကြိုးပမ်းခဲ့သည့်နည်းတူ ယင်းရည်မှန်းချက်များ အောင်မြင်နိုင်ရေးအတွက် ရည်ရွယ်ချက်တူညီသော နိုင်ငံရေး၊ တော်လှန်ရေးအင်အားစုများနှင့် ယခုထက်ပိုမိုသော စုစည်းညီညွတ်မှု၊ အချင်းချင်း အပြန်အလှန်နားလည်ယုံကြည်မှုများကို အခိုင်အမာတည်ဆောက်ကာ ဆက်လက်လက်တွဲ ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၆။ ထို့အပြင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားများအားလုံး အမြန်ဆုံး လွတ်မြောက်ရေးနှင့် ၂၀၂၄ ခုနှစ် နှစ်သစ်တွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးကို ပြည်သူများအားလုံးဆန္ဒနှင့်အညီ ပေါ်ထွန်းလာရေးတို့အတွက် စိတ်ဆန္ဒပြု အလေးအနက် ဆောင်ရွက်သွားမည်ဟု သန္နိဋ္ဌာန်ပြုပါသည်။

၇။ နှစ်ဟောင်းတွင် တွေ့ကြုံခံစားခဲ့ရသော စိန်ခေါ်မှုနှင့် အခက်အခဲများမှ လွန်မြောက်ကာ ပျော်ရွှင်အေးချမ်းမှုများ ဆောင်ယူလာမည့်နှစ်သစ်တွင် မိမိတို့အားလုံး၏ နွေဦးတော်လှန်ရေး အောင်ပွဲအား ဆင်နွှဲလျက် အနာဂတ်မျိုးဆက်သစ်များအတွက် မလျော့သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့နှင့်အတူ ညီညွတ်သောအင်အားတို့ဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ဆီသို့ ဆက်လက်ချီတက်လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း အလေးအနက် ကတိပြုလျက် ဤနှစ်သစ်ကူး သဝဏ်လွှာ ထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top