၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်
၁။ ယနေ့အချိန်သည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအပြင် ဒီမိုကရေစီပြန်လည်ရရှိရေးနှင့် စနစ်သစ်တစ်ခုဖြင့် နိုင်ငံတော်သစ်ကို တည်ဆောက်သွားရန် တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ခိုင်ခိုင်မာမာ လျှောက်လှမ်း နေချိန်ဖြစ်ပါသည်။ လက်ရှိမြန်မာ့အရေးအား ကူညီဖြေရှင်းရာနှင့် မြန်မာပြည်သူများအား ပံ့ပိုး ကူညီရာတွင် အတိတ်မှနိုင်ငံရေးဖြစ်စဉ်များနှင့် လက်ရှိဖြစ်ပေါ်နေသော တိုးတက်မှုများကို မြင်သာအောင်ကြည့်၍ မြန်မာပြည်သူတို့၏ ကြိုးပမ်းဆောင်ရွက်နေမှုများကို လေးစားခြင်းအားဖြင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်ကြပါရန် ယနေ့ကျရောက်သော နိုင်ငံတကာဒီမိုကရေစီနေ့တွင် ဒေသတွင်း နှင့် နိုင်ငံတကာအသိုက်အဝန်းအား ထပ်လောင်းတောင်းဆိုပါသည်။
၂။ ခေတ်အဆက်ဆက် စစ်အာဏာရှင်များ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်အကြမ်းဖက်မှု များကြားမှ မြန်မာပြည်သူများသည် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအတွက် ကြံ့ကြံ့ခံ ကြိုးပမ်းခဲ့ကြ ပါသည်။ ဥပဒေမဲ့ဖမ်းဆီးထိန်းသိမ်းခြင်းအပါအဝင် အသက်ဘဝအပေါင်းများစွာ ရင်းနှီးပေးဆပ်ခဲ့ ကြရပြီးဖြစ်ပါသည်။ ယနေ့အချိန်တွင်လည်း မြန်မာပြည်သူများသည် ယခင်ထက်သာလွန်သော နည်းလမ်း၊ နည်းဗျူဟာ၊ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ရှေ့ဆက်လျှောက်လှမ်းနေကြဆဲ ဖြစ်ပါသည်။
၃။ နိုင်ငံတစ်နိုင်ငံ၏ အရှင်သခင်သည် ပြည်သူလူထုသာဖြစ်ပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲ မှုများသည် ပြည်သူ့ဆန္ဒအရသာ ဆောင်ရွက်ကြရမည်ဖြစ်ပြီး လူတစ်ဦးတစ်ယောက်၊ အသင်းအဖွဲ့ တစ်ဖွဲ့၏ဆန္ဒဖြင့် လုပ်ကိုင်ဆောင်ရွက်ခွင့် မရှိပါ။ စစ်အာဏာရှင်အဆက်ဆက်သည် ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုပြီး ပြည်သူအား လက်နက်နှင့် အတင်းအဓမ္မ ဖိနှိပ်အုပ်ချုပ်ပြီး တိုင်းပြည်ကို ကိုယ်ကျိုး အတွက် အစဉ်တစိုက် အသုံးပြုခဲ့ခြင်းကြောင့် ပဋိပက္ခများစွာ ဖြစ်ပွားခဲ့ရပါသည်။
၄။ ထို့ကြောင့် စစ်အာဏာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ စစ်အာဏာရှင်များအား ပံ့ပိုးကူညီပေးနေခြင်းသည် မြန်မာ့အရေးဖြေရှင်းနိုင်မည်မဟုတ်သည့်အပြင် လက်ရှိပဋိပက္ခကို ကြီးထွားစေမည်ဖြစ်ပြီး ပြည်သူများခံစားနေရသည့် ဆင်းရဲဒုက္ခသည် ပိုမိုကြာရှည်စေမည် ဖြစ်ပါ သည်။ လက်ရှိပဋိပက္ခကို ဖြေရှင်းကျော်လွန်ပြီး ငြိမ်းချမ်းသောအနာဂတ်ဆီသို့ အမြန်ဆုံး လျှောက်လှမ်းနိုင်ရေးအတွက် ဒီမိုကရက်တစ်အင်အားစုများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်းများနှင့် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတို့အတွက် ကြိုးပမ်းနေသူများနှင့် နီးနီးကပ်ကပ်၊ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ရန် အထူးလိုအပ်ပါသည်။
၅။ နှစ်ပေါင်းများစွာကြာ မြန်မာပြည်သူတို့၏ ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုအပေါ် ပံ့ပိုးကူညီ ရပ်တည်ခဲ့ကြသည့် မိတ်ဆွေနိုင်ငံများ၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို ကျေးဇူးအထူးတင် အသိအမှတ်ပြုအပ်ပါသည်။ နိုင်ငံတကာအနေဖြင့် အနာဂတ်တွင်လည်း ဒီမိုကရေစီခိုင်မာ အားကောင်းစေရေး ဆက်လက် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တောင်းဆိုအပ်ပါသည်။ အခက်အခဲ နှင့်ဒုက္ခမျိုးစုံ ကြုံတွေ့ခံစားနေကြရသော်လည်း ယနေ့အချိန်အထိ ဤတော်လှန်ရေးတွင် ပါဝင်နေ ကြသည့် တိုင်းရင်းသား ပြည်သူလူထုအားလုံးကို ကျေးဇူးတင် ချီးကျူးဂုဏ်ပြုအပ်ပါသည်။
၆။ ဤတော်လှန်ရေးကြီး ယခုကဲ့သို့ အောင်မြင်ရခြင်းမှာ တိုင်းရင်းသားပြည်သူလူထု၏ ပံ့ပိုး ပါဝင်နေမှုကြောင့်သာဖြစ်ပါသည်။ အကြမ်းဖက်စစ်အာဏာရှင်များက တိုင်းပြည်ကို လက်နက် အားကိုးဖြင့်ထိန်းချုပ်သွားနိုင်ရန် ကြိုးပမ်းနေမှု မအောင်မြင်ရခြင်းမှာလည်း တိုင်းရင်းသားပြည်သူ လူထုကြောင့်သာဖြစ်ပါသည်။ အဖက်ဖက်က ရှုံးနိမ့်နေမှုများနှင့် ရင်ဆိုင်နေရသည့် စစ်အာဏာရှင် များသည် တိုင်းပြည်အာဏာကို ဆက်လက်ထိန်းချုပ်ထားနိုင်ရန် နည်းအမျိုးမျိုးဖြင့်ကြိုးပမ်းနေမှု အပေါ် တိုင်းရင်းသားပြည်သူများနှင့် တော်လှန်ရေးအင်အားစုများက အချင်းချင်း အပြန်အလှန် နားလည်ယုံကြည်မှု၊ အပြန်အလှန်ဖေးမကူညီမှုတို့နှင့်အတူ ပူးပေါင်းတွန်းလှန် ချေဖျက်သွားကြရ မည်ဖြစ်ပါသည်။
၇။ မိမိတို့ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များသည် ဒီမိုကရေစီအရေး၊ လူ့အခွင့် အရေးနှင့် ငြိမ်းချမ်းရေးကို တန်ဖိုးထားပြီး ပြည်သူ့ဆန္ဒကိုလေးစားကာ ပြည်သူလူထုက ဆန္ဒမဲပေး ရွေးချယ်၍ တာဝန်ပေးအပ်ခံထားကြရသော ပြည်သူ့ကိုယ်စားလှယ်များဖြစ်သည်နှင့်အညီ လက်ရှိ တော်လှန်ရေးကာလတွင်လည်း ကဏ္ဍအသီးသီးတွင် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ပါဝင်ဆောင်ရွက် လျက်ရှိပါသည်။ အနာဂတ်တွင် တိုင်းရင်းသားပြည်သူအားလုံးအတွက် ယမ်းငွေ့ကင်းစင်ပြီး လုံခြုံ ငြိမ်းချမ်းသော နိုင်ငံတစ်ခုကို ဖန်တီးတည်ဆောက်နိုင်ရေးအတွက်လည်း တော်လှန်ရေးအင်အားစု အသီးသီးနှင့် အတူ ဆက်လက်လက်တွဲကြိုးပမ်းသွားမည်ဖြစ်ပြီး ပြည်သူတို့၏သဘောဆန္ဒအတိုင်း ပြည်သူ့ဘက် မှ ခိုင်ခိုင်မာမာ ထာဝရရပ်တည်သွားမည် ဖြစ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ


