မူလ / ဥရောပသမဂ္ဂက တရားမဝင် အာဏာသိမ်းစစ်ကောင်စီနှင့် ပတ်သက်နေသည့် လူပုဂ္ဂိုလ်များနှင့် စီးပွားရေးလုပ်ငန်းများအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းအပေါ် သဘောထားထုတ်ပြန်ချက်

ဥရောပသမဂ္ဂက တရားမဝင် အာဏာသိမ်းစစ်ကောင်စီနှင့် ပတ်သက်နေသည့် လူပုဂ္ဂိုလ်များနှင့် စီးပွားရေးလုပ်ငန်းများအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းအပေါ် သဘောထားထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်

၁။ (၁၁-၁၂-၂၀၂၃) ရက်နေ့တွင် တရားမဝင် အာဏာသိမ်းစစ်ကောင်စီနှင့် ပတ်သက်နေ သည့် လူပုဂ္ဂိုလ် (၄) ဦးနှင့် စီးပွားရေးလုပ်ငန်း (၂) ခုအား ဥရောပသမဂ္ဂက အရေးယူဒဏ်ခတ် ပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းအပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ကြိုဆိုပါသည်။ ယင်းအရေးယူဒဏ်ခတ်ပိတ်ဆို့မှုများတွင် ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်လုပ်ဆောင်နေသည့် တရားမဝင် အာဏာသိမ်းစစ်ကောင်စီ အဖွဲ့ဝင်(၂) ဦး၊ ယင်းလက်အောက်ခံ ပြည်ထောင်စုဝန်ကြီး (၁) ဦး၊ ကရင်နီပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှု များအတွက် တာဝန်ရှိသည့် စစ်ဗိုလ်ချုပ် (၁) ဦးတို့အပြင် အာဏာသိမ်းစစ်ကောင်စီထံ စစ်လက်နက် နှင့် အခြားပစ္စည်းများ ပံ့ပိုးပေးနေသည့် ကုမ္ပဏီ (၂) ခုတို့ ပါဝင်ပါသည်၊၊

၂။ မြေပြင်တွင် ကြီးကြီးမားမား ရှုံးနိမ့်မှုများနှင့်ကြုံတွေ့နေရပြီး တစ်နေ့တခြား နယ်မြေ များ လက်လွတ်ဆုံးရှုံးနေရသည့် တရားမဝင် အာဏာသိမ်းစစ်ကောင်စီသည် ခွဲခြားမှုမရှိသော လေကြောင်းတိုက်ခိုက်မှုများအပါအဝင် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို တိုးမြှင့် လုပ်ဆောင်နေသည့်အတွက် ကမ္ဘာ့နိုင်ငံများစွာက အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများကို တိုးမြှင့် ချမှတ်ပေးရန် လိုအပ်လျက်ရှိပါသည်၊၊ တစ်ချိန်တည်းတွင် အာဏာသိမ်းစစ်ကောင်စီ၏ လုံခြုံရေး တပ်သားများ၏ အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် မြန်မာပြည်သူ များထံသို့ အရေးတကြီးလိုအပ်နေသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ထိထိရောက်ရောက် ပေးအပ်နိုင်ရေးအတွက်လည်း နည်းလမ်းသစ်များဖြင့် ကူညီပေးရန် လိုအပ်ပါသည်၊၊

၃။ လေကြောင်းအသုံးပြုကာ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား ချေမှုန်းလျက်ရှိ သည့် စစ်ကောင်စီထံသို့ လေယာဉ်ဆီ တင်ပို့ရောင်းချမှုအား တားမြစ်ပိတ်ပင်နိုင်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှ ပူးပေါင်းပါဝင်လာစေရန် ဥရောပသမဂ္ဂအနေဖြင့် အထူးအလေးထား ကြိုးပမ်းပေးပါရန်လည်း တိုက်တွန်းတောင်းဆိုအပ်ပါသည်။

၄။ နိုင်ငံတစ်ဝှမ်း တိုးမြင့်လာသည့် ပဋိပက္ခများနှင့် စီးပွားရေးကမောက်ကမဖြစ်မှုများ ကြောင့် သန်းပေါင်းများစွာသော မြန်မာပြည်သူများသည် ဒုက္ခများကို ဆိုးရွားစွာ ခံစားနေရသည့် အချိန်တွင် တရားမဝင်စစ်အာဏာသိမ်းမှု အဆုံးသတ်ရေးနှင့် ပြည်သူလူထုဆန္ဒကို ဆန့်ကျင် လျက် တိုင်းပြည်အား ဥပဒေမဲ့ထိန်းချုပ်နိုင်ရန် အားထုတ်လျက်ရှိသည့် စစ်ကောင်စီအား အမြန်ဆုံးဖယ်ရှားနိုင်ရေးသည် အရေးတကြီးလိုအပ်နေပြီး နိုင်ငံတကာအသိုက်အဝန်း၏ လက်တွေ့ ကျပြီး ထိရောက်သောအကူအညီများ လိုအပ်လျက်ရှိပါသည်၊၊ ကမ္ဘာတစ်ဝှမ်းဖြစ်ပေါ်နေသည့် ပဋိပက္ခများ အဆုံးသတ်ရေးအတွက် ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံများက ကြိုးပမ်း လုပ်ဆောင်နေရာတွင် မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက်လည်း ခိုင်မာစွာ ရပ်တည် ပေးရန်နှင့် ထိရောက်စွာ ပံ့ပိုးကူညီပေးရန် ထပ်လောင်း တောင်းဆိုပါသည်၊၊

၅၊၊ တရားမဝင် အာဏာသိမ်းစစ်ကောင်စီအပေါ် ဒီမိုကရေစီအင်အားစုများ၏ နိုင်ငံတစ်ဝှမ်း ခုခံတွန်းလှန်မှုများသည် အောင်မြင်မှုများစွာကို ပိုင်ဆိုင်ထားလျက်ရှိပါသည်၊၊ ယခုအချိန်ကာလ တွင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ရေး ကြိုးပမ်းမှုများကို တိုးချဲ့ ဆောင်ရွက်နိုင်ရေးအတွက် အရပ်သားအုပ်ချုပ်ရေးစနစ်အား ပိုမိုခိုင်မာအားကောင်းလာစေရန် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ဒီမိုကရေစီအင်အားစုများအား ငွေကြေးနှင့် နည်းပညာအကူအညီများ တိုးမြှင့်ပေးအပ်ရန် ဥပရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများကို တောင်းဆိုတိုက်တွန်း အပ်ပါသည်။ 

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

 

Scroll to Top