မူလ / မြန်မာ့အရေးနှင့် စပ်လျဉ်း၍ ဥပရောပါလီမန်က ဆုံးဖြတ်ချက်ချမှတ် အတည်ပြုခဲ့ခြင်းအပေါ် သဘောထားထုတ်ပြန်ချက်

မြန်မာ့အရေးနှင့် စပ်လျဉ်း၍ ဥပရောပါလီမန်က ဆုံးဖြတ်ချက်ချမှတ် အတည်ပြုခဲ့ခြင်းအပေါ် သဘောထားထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်

၁။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့ ရက်စွဲဖြင့် ဥရောပပါလီမန်က မြန်မာနိုင်ငံရှိ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ပိတ်ပင်တားဆီးမှုနှင့် သတင်းထောက်များဖြစ်သည့် မထက်ထက်ခိုင်၊ ကိုစည်သူအောင်မြင့်နှင့် မငြိမ်းငြိမ်းအေး တို့အား မတရားဖမ်းဆီးခံရသည့်ကိစ္စနှင့် စပ်လျဉ်း၍ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်အတည်ပြုခဲ့ခြင်းအပေါ် မြန်မာပြည်သူများနှင့် သတင်းမီဒီယာသမား များကိုယ်စား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ကျေးဇူးတင်စွာဖြင့် အသိအမှတ်ပြုပါသည်။

၂။ ဆုံးဖြတ်ချက်တွင် ပါဝင်သည့် စစ်အာဏာရှင်တို့၏ မြန်မာနိုင်ငံတွင် အကြမ်းဖက်ကာ တရားမဝင်အုပ်ချုပ်မှုအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဆိုသည့် စကားရပ်သည် လူသတ် ခေါင်းဆောင်မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်က မြန်မာပြည်သူများ အပေါ်၌ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်နေခြင်း၊ ဖမ်းဆီးထောင်ချနေခြင်း၊ အကန့်အသတ်မရှိ ခွဲခြားမှု မရှိသည့် လေကြောင်းနှင့် လက်နက်ကြီးများ အသုံးပြုကာ တိုက်ခိုက်နေခြင်းများကို တားဆီး နိုင်လိမ့်မည်မဟုတ်ဘဲ စစ်တပ်က ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုများအတွက် နိုင်ငံတကာ ဥပဒေများနှင့်အညီ ထိရောက်စွာ အချိန်မီ အပြစ်ပေးအရေးယူနိုင်ရန် အထူးလိုအပ်ကြောင်း သတိပေး လိုပါသည်။

၃။ ဥရောပပါလီမန်က တောင်းဆိုထားသည့် ဥပဒေမဲ့ ဖမ်းဆီးထားသည့် သတင်းမီဒီယာ သမားများအား ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေးနှင့် နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ ချမှတ်ထား သည့် ပြစ်ဒဏ်များကို ရုပ်သိမ်းရန် တောင်းဆိုချက်ကို မိမိတို့အနေဖြင့် ထပ်လောင်းထောက်ခံပါ သည်။ ယင်းလုပ်ရပ်သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လူမဆန်သော လူ့အခွင့်အရေးချိုးဖောက်မှု များနှင့် စစ်ရာဇဝတ်မှုများကို ဆက်လက်လုပ်ကိုင်နိုင်ရန်နှင့် ဖုံးကွယ်ထားနိုင်ရန် စနစ်တကျ လုပ်ဆောင်နေခြင်းပင် ဖြစ်ပါသည်။ တစ်ချိန်တည်းတွင် နိုင်ငံတကာနှင့် ပြည်သူလူထုအား သတင်းအမှားများ ဖြန့်ဝေပြီး အာဏာဆက်လက်ဆုပ်ကိုင်နိုင်ရေး ကြိုးပမ်းနေလျက်ရှိပါသည်။

၄။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ဖမ်းဆီးထိန်းသိမ်းထားသူများကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေးတောင်းဆိုချက်အား ပြန်လွှတ်ပေးရေးအတွက် ဥပရောပပါလီမန်အနေဖြင့် စစ်အာဏာရှင်များကို ချက်ချင်းအကောင် အထည်ဖော်ဆောင်ပေးသည်အထိ ဖိအားပေး တောင်းဆိုပေးရန်လည်း မျှော်လင့်ပါသည်။ နိုင်ငံရေးအကျဉ်းသားများအား ထပ်မံ၍ သေဒဏ်ချမှတ်ခြင်းများ ပြုလုပ်လာမည်ကို စိုးရိမ်လျက် ရှိသည့်အပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်သို့ ပြောင်းရွေ့လိုက်ခြင်းသည် နိုင်ငံရေးအရ ရည်ရွယ်ထိုးနှက်ချက်တစ်ခုဖြစ်ပြီး သူမ၏ကျန်းမာရေး အတွက် မြန်မာပြည်သူများနှင့်အတူ မိမိတို့ အလွန်စိုးရိမ်ပူပန်လျက် ရှိပါသည်။ 

၅။ ဥရောပပါလီမန်က တောင်းဆိုထားသည့် ဥပဒေနှင့် မကိုက်ညီသည့် အရေးပေါ် ကြေညာချက်ကို ရုပ်သိမ်းပြီး အရပ်သားအစိုးရထံ အာဏာပြန်လည်အပ်နှံခြင်းနှင့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအားလုံးနှင့်အတူ လွှတ်တော်ခေါ်ယူပေးရန်ဆိုသည့် အချက်သည် အာဏာမက်မော၍ လက်နက်ဖြင့် မတရားလုယူခဲ့သည့် စစ်အာဏာရှင်များအတွက် မည်သို့မျှ တွန်းအားပေးရန် မဖြစ်နိုင်ပါ။ ထို့ကြောင့် တစ်ဖက်လှည့်ဖြင့် အယောင်ပြ ရွေးကောက်ပွဲ ကျင်းပ၍ အာဏာဆက်လက်ဆုပ်ကိုင်နိုင်ရေးအတွက် ကြိုးပမ်းနေမှုကို တားဆီးကန့်ကွက်ရမည် ဖြစ်ပါသည်။ 

၆။ မြန်မာနိုင်ငံရှိ သတင်းသမားများအပါအဝင် မြန်မာပြည်သူများသည် အကြမ်းဖက် ဖမ်းဆီးထိန်းသိမ်းခံရခြင်း၊ ညှင်းပန်းနှိပ်စက်ခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ အဓမ္မပြုကျင့်ခံရခြင်း၊ နေအိမ်များ မီးရှို့ဖျက်ဆီးခံရခြင်းတို့ကို နေ့စဉ်နှင့်အမျှ ခံစားနေရပြီး နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် အကြမ်းဖက်စစ်တပ်၏ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများမှ အချိန်မီ ချက်ချင်း တားဆီးကာကွယ်ပေးရန် လိုအပ်ပါသည်။ ယင်းအတွက် စစ်လက်နက်များ ရောင်းချမှု ကို ပိတ်ပင်တားဆီးခြင်းနှင့် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများကိုလည်း ကမ္ဘာ့နိုင်ငံအားလုံးက ထိထိရောက်ရောက် ဆောင်ရွက်ပေးရန် တောင်းဆိုပါသည်။

၇။ မြန်မာပြည်သူများနှင့် မြန်မာပဋိပက္ခကို မှန်ကန်ထိရောက်စွာ ကူညီဖြေရှင်းပေးနိုင်ရန် မြန်မာပြည်သူတို့က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့အား အသိအမှတ်ပြု ကြောင်း ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်ခဲ့မှုအတွက် ကျေးဇူးတင်ရှိပါသည်။ အခြားသော နိုင်ငံတကာ ပါလီမန်များအနေဖြင့် ယင်းသို့ အလားတူ ဆုံးဖြတ်ချက်များ ချမှတ်ပြီး လူကြီးမင်းတို့၏ အစိုးရများက တရားဝင်အသိအမှတ်ပြုရန်နှင့် လက်တွေ့ကျစွာ ပူးပေါင်းဆောင်ရွက်ပေးရန်လည်း ထပ်လောင်း တောင်းဆိုပါသည်။

၈။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် မြန်မာနိုင်ငံ၌ တည်ငြိမ် အေးချမ်းရေးနှင့် ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပြီး ပြည်တွင်းရှိ အင်အားစုများဖြင့်သာမက ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနှင့် အာဆီယံအပါအဝင် နိုင်ငံတကာအစိုးရများ၊ လွှတ်တော်များ၊ အဖွဲ့အစည်းများအနေဖြင့် မိမိတို့နှင့်အတူ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် မြန်မာပြည်သူများ၏ ဒီမိုကရေစီပြန်လည်ရရှိရေး ကြိုးပမ်းမှုများကို အားပေးကူညီရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Resource Link of EU Parliament’s Resolution >>> https://www.europarl.europa.eu/news/pt/press-room/20220930IPR41933/human-rights-breaches-in-haiti-myanmar-and-ethiopia

Scroll to Top