မူလ / အကြမ်းဖက်စစ်အုပ်စုအပေါ် ထိရောက်စွာအရေးယူနိုင်ရေး အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့က ဆုံးဖြတ်ချက်ချမှတ်ခဲ့မှုနှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်

အကြမ်းဖက်စစ်အုပ်စုအပေါ် ထိရောက်စွာအရေးယူနိုင်ရေး အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့က ဆုံးဖြတ်ချက်ချမှတ်ခဲ့မှုနှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်

၂၀၂၅ ခုနှစ်၊ ဇွန်လ ၈ ရက်

၁။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ကျင်းပပြုလုပ်လျက်ရှိသည့် (၁၁၃) ကြိမ်မြောက်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ၏ ၅-၆-၂၀၂၅ ရက်နေ့၊ စုံညီအစည်းအဝေးတွင် မြန်မာနိုင်ငံ၌ ဥပဒေမဲ့အာဏာသိမ်းယူထားပြီး မြန်မာပြည်သူများအပေါ် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်လုပ်ဆောင်နေသည့် အကြမ်းဖက်စစ်ကောင်စီအား အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့၏ ဖွဲ့စည်းပုံစည်းမျဉ်း၊ ပုဒ်မ (၃၃) အရ ဒဏ်ခတ်အရေးယူပိတ်ဆို့ရန် ဆုံးဖြတ်ချက်အား ချမှတ်လိုက်ခြင်းကို မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ကြိုဆိုပါသည်။

၂။ ယင်းဆုံးဖြတ်ချက်သည် အကြမ်းဖက်စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်နေမှုများ၊ တရားလက်လွန်ဖမ်းဆီးသတ်ဖြတ်နေမှုများ၊ အပြစ်မဲ့ပြည်သူများအား လေကြောင်းဖြင့် တိုက်ခိုက်နေမှုများ၊ ပြည်သူ့အိုးအိမ်များကို မီးရှို့ဖျက်ဆီးနေမှုများနှင့် အတင်းအဓမ္မစစ်မှုထမ်းခိုင်းစေနေမှုများကို ဟန့်တားနိုင်လိမ့်မည်ဟု အခိုင်အမာယုံကြည်ပါသည်။ အကြမ်းဖက်စစ်တပ်၏ လူမဆန်သော အကြမ်းဖက်မှုများ အမြန်ဆုံးအဆုံးသတ်ရေးနှင့် မြန်မာနိုင်ငံ၌ ဒီမိုကရေစီကို အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ရေးမှာ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံချင်းကဖြစ်စေ၊ အဖွဲ့ဝင်နိုင်ငံများအကြား ညီညွတ်သော ပူးပေါင်းဆောင်ရွက်မှုများဖြင့်ဖြစ်စေ မြန်ဆန်ပြီး ထိရောက်သောအရေးယူမှုများ ပြုလုပ်ပေးရန်လည်း လေးလေးနက်နက် တိုက်တွန်းပါသည်။

၃။ ယခုဆုံးဖြတ်ချက်သည် မြန်မာပြည်သူများ ခံစားနေရသည့် ဒုက္ခမျိုးစုံကို ကုစားပေးနိုင်ရေး နိုင်ငံတကာအသိုက်အဝန်းက စာနာနားလည်မှုနှင့် လက်တွေ့ကျကျ ကူညီပေးရန်ဆန္ဒရှိမှု၏ ခြေလှမ်းအဖြစ်လည်း မိမိတို့ မှတ်ယူပါသည်။ နောက်ဆက်တွဲ ကြိုးပမ်းအားထုတ်မှုများလည်း အချိန်တိုအတွင်း ရှိလာမည်ဟု မျှော်လင့်ပါသည်။ ထို့ပြင် မြန်မာနိုင်ငံ၌ တရားမဝင် အာဏာလုယူထားသည့် အကြမ်းဖက်စစ်တပ်နှင့် ၎င်းတို့၏ စစ်အုပ်ချုပ်ရေးကို အမြန်ဆုံး အဆုံးသတ်စေပြီး ဒီမိုကရေစီ ပြန်လည်တည်ဆောက်နိုင်ရေး၊ တရားမျှတမှုဖော်ဆောင်နိုင်ရေးနှင့် အရပ်သားအုပ်ချုပ်ရေးတစ်ရပ် အမြန်ဆုံး ပေါ်ပေါက်လာရေးအတွက် မှန်ကန်သော ပံ့ပိုးကူညီမှုတစ်ခုဖြစ်သည်ကိုလည်း ဖော်ပြလိုပါသည်။

၄။ အကြမ်းဖက်စစ်အုပ်စုက ယခုကဲ့သို့ တိုင်းပြည်အား လက်နက်အားကိုးဖြင့် ဒီမိုကရေစီနည်းကျမဟုတ်ဘဲ ဆက်လက်ထိန်းချုပ်ထားနေခြင်း၊ ကျူးလွန်လုပ်ဆောင်ခဲ့သည့် ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်မှ ကင်းလွတ်နေခြင်း၊ အချိန်မီ အရေးယူနိုင်ရန် နှောင့်နှေးနေခြင်းတို့ကြောင့် တိုင်းပြည်၏ အခြေအနေသည် ယခုကဲ့သို့ ဆိုးရွားသွားခဲ့ရခြင်းဖြစ်ပြီး အလုပ်သမားများအပါအဝင် အလွှာပေါင်းစုံမှ ပြည်သူပေါင်းများစွာ ထိခိုက်ခံစားခဲ့ရပါသည်။ ထို့ကြောင့် အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင်စစ်အုပ်ချုပ်ရေးနှင့် အကြမ်းဖက်မှုများ အဆုံးသတ်နိုင်ပြီး မြန်မာပြည်သူတို့အနေဖြင့် ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နှင့် အခြေခံအခွင့်အရေးများ ရရှိခံစားနိုင်ရေးအတွက် နိုင်ငံရေးအရ၊ စီးပွားရေးအရ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများကို တိုးမြှင့်ချမှတ်ပေးရန် နိုင်ငံတကာအသိုက်အဝန်းအား ထပ်လောင်းတောင်းဆိုပါသည်။

၅။ ယခုကဲ့သို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့က အကြမ်းဖက်စစ်အုပ်စုအပေါ် ဒဏ်ခတ်အရေးယူပိတ်ဆို့ရန် ဆုံးဖြတ်ချက် ချမှတ်ပေးနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် နိုင်ငံတကာသို့ တိုက်တွန်းမှုများပြုလုပ်ရာတွင် တက်တက်ကြွကြွ ဆောင်ရွက်ခဲ့ပါသည်။ ယင်းဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ခြင်းသည် အလွှာပေါင်းစုံမှ ဦးဆောင်ဦးရွက်ပြုသူများ၊ လူတန်းစားအသီးသီး၏ ကြိုးပမ်းအားထုတ်မှုများကြောင့်ဖြစ်ပြီး မိမိတို့နိုင်ငံ၌ ငြိမ်းချမ်း၍ ဒီမိုကရေစီ၊ လူ့အခွင့်အရေးစံနှုန်းများ ထွန်းကားသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအား တည်ဆောက်သွားနိုင်ရေးအတွက် ဆက်လက်လက်တွဲကြိုးပမ်းသွားကြရန် လေးလေးနက်နက်တိုက်တွန်းလျက် ဤထုတ်ပြန်ချက်အား ထုတ်ပြန်လိုက်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top