မူလ / အမေရိကန်ပြည်ထောင်စု၊ ယူကေနှင့် ကနေဒါနိုင်ငံတို့၏ ပူးပေါင်းအရေးယူဒဏ်ခတ် ပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းအပေါ် ထုတ်ပြန်ချက်

အမေရိကန်ပြည်ထောင်စု၊ ယူကေနှင့် ကနေဒါနိုင်ငံတို့၏ ပူးပေါင်းအရေးယူဒဏ်ခတ် ပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းအပေါ် ထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်

၁။ တရားမဝင် အာဏာသိမ်းစစ်ကောင်စီက မြန်မာပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရာ၌ အသုံးပြုနေသည့် စစ်လက်နက် ပစ္စည်းများ ဝယ်ယူရာတွင် နိုင်ငံခြားငွေကြေးအရင်းအမြစ်ကို အဓိက ပံ့ပိုးပေးနေသည့် မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပေါ် အမေရိကန်ပြည်ထောင်စုက အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှု ချမှတ်ခဲ့ခြင်း၊ ယူကေနှင့် ကနေဒါနိုင်ငံတို့က အာဏာသိမ်းစစ်ကောင်စီထံ ငွေကြေး ဝန်ဆောင်မှုနှင့် စစ်လက်နက်များဝယ်ယူမှုတွင် လုပ်ဆောင်ပေးနေပြီး အရပ်သားပြည်သူများအား တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်သည့် လူပုဂ္ဂိုလ်များနှင့် စီးပွားရေးလုပ်ငန်းများအပေါ် အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းဖြင့် ပူးပေါင်းအရေးယူ ဆောင်ရွက်ခဲ့မှုအတွက် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အထူးကျေးဇူးတင်စွာဖြင့် ထောက်ခံကြိုဆိုပါသည်။

၂။ တရားမဝင်အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတော်အား ဥပဒေမဲ့ ဆက်လက် ထိန်းချုပ်ထားနိုင်ရန်အတွက် နိုင်ငံတစ်ဝှမ်း၌ အကြမ်းဖက်မှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိပြီး ယခုနှစ်တွင် လေကြောင်းတိုက်ခိုက်မှုများအပါအဝင် အင်အားပြင်းသော စစ်လက်နက်များဖြင့် လူမဆန်သော ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များကို ပိုမိုလုပ်ဆောင်လျက်ရှိခြင်းကြောင့် စစ်ကောင်စီထံ စစ်လက်နက်ပစ္စည်းများ၊ လေယာဉ်ဆီနှင့် အခြားသော ငွေကြေးအရင်းအမြစ်များ မစီးဆင်းစေရန် နိုင်ငံတစ်နိုင်ငံချင်းစီအလိုက်သော်လည်းကောင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သော်လည်းကောင်း ဆောင်ရွက်ပေးရန် ကမ္ဘာ့နိုင်ငံများအား ထပ်လောင်း တိုက်တွန်းပါသည်။

၃။ မြန်မာပြည်သူထောင်ပေါင်းများစွာသည် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရခြင်း၊ အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှုများ၊ ဥပဒေမဲ့ ဖိနှိပ်မှုများကို ဆိုးရွားစွာ ခံစားနေရသည့်အပြင် အခြေခံအခွင့်အရေးတို့ ဆုံးရှုံးနေခြင်းတို့ကြောင့် မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ ပြန်လည်ရရှိရေးသည် အရေးတကြီး လိုအပ်လျက်ရှိသည့်အတွက် တရားမဝင်အာဏာသိမ်းမှုနှင့် စစ်တပ်၏ အကြမ်းဖက်မှုများကို အမြန်ဆုံး အဆုံးသတ်နိုင်ရန် မြန်မာပြည်သူများက ကြံ့ကြံ့ခံ တွန်းလှန်ဆန့်ကျင်နေခြင်း ဖြစ်ပါသည်။

၄။ ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်ကောင်စီအပေါ် သံတမန်ရေး၊ စီးပွားရေးအရ ပိုမိုဖိအားပေးခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်သွားနိုင်ရေး ဦးတည်ကြိုးပမ်းနေသည့် ဒီမိုကရေစီအင်အားစုများနှင့် မြန်မာပြည်သူများထံသို့ လက်တွေ့ကျသော ပံ့ပိုးကူညီမှုများ ပေးအပ်ခြင်းဖြင့် လက်ရှိပဋိပက္ခများ အမြန်ဆုံးအဆုံးသတ်ပြီး မြန်မာပြည်သူများ အတွက် ငြိမ်းချမ်းသောအနာဂတ်ကို အမြန်ဆုံးပြန်လည်ရရှိနိုင်ရေးအတွက် လက်တွေ့ကျ၍ ထိရောက်သော ပံ့ပိုးကူညီမှုများကို တိုးမြှင့်ပေးအပ်ရန် တောင်းဆိုတိုက်တွန်းအပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top