မူလ / အကြမ်းဖက်စစ်အုပ်စုက တရားမဝင်ပြဋ္ဌာန်းလိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ ထုတ်ပြန်ကြေညာချက်

အကြမ်းဖက်စစ်အုပ်စုက တရားမဝင်ပြဋ္ဌာန်းလိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ ထုတ်ပြန်ကြေညာချက်

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်

၂၀၁၀ ခုနှစ်က ပြဋ္ဌာန်းထားသော နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင် နိုင်ရန် ဥပ‌ဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အာဏာစတင်ကြောင်း အသက်သွင်း သည့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ထုတ်ပြန်ကြေညာချက်အပေါ် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု‌ကော်မတီ၏ သဘောထားကို အောက်ပါအတိုင်း ထုတ်ပြန်ကြေညာပါသည်-

၁။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ကောင်စီသည် ပြည်သူ့အစိုးရထံမှ ဥပ‌ဒေမဲ့ အဓမ္မအာဏာသိမ်းထားသည့် ဥပဒေပြဋ္ဌာန်းပိုင်ခွင့်မရှိသော တရားမဝင် အဖွဲ့အစည်း ဖြစ် ကြောင်းကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့ကတည်းက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၏ သဘောထားထုတ်ပြန်‌ကြေညာချက် (၂/၂၀၂၁) ဖြင့် အတိအလင်း ကြေညာ ထားခဲ့ပြီး ဖြစ်သည်။ ထို့အပြင် တရားမဝင် အာဏာသိမ်းစစ်အုပ်စုက နိုင်ငံ့ဝန်ထမ်းများအပါအဝင် ပြည်သူများအပေါ် သတ်မှတ်ပြဋ္ဌာန်းသော ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက် တစ်စုံတစ်ရာသည် တရားဝင်မှု မရှိသည့်အတွက် ပြည်သူများအနေဖြင့် လက်ခံလိုက်နာစရာ လုံးဝမလိုအပ်ကြောင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ကြေညာချက်အမှတ် (၃/၂၀၂၁) ဖြင့်လည်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

၂။ ဖက်ဆစ်စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေအာဏာတည်ကြောင်း ထုတ်ပြန်ချက် သည် ပြည်သူလူထုအား မတရားသည့်အမိန့်အာဏာဖြင့် ဖိစီးနှိပ်စက်ရန် ဥပဒေအသွင်ဆောင် လုပ်ဆောင်သော လူသားမျိုးနွယ်အ‌ပေါ် ကျုးလွန်သည့် ရာဇဝတ်ပြစ်မှုဖြစ်ပြီး ၎င်းတို့ အာဏာ တည်မြဲရေးအတွက် အလွဲအသုံးချရန် ကြိုးပမ်းခြင်းဖြစ်သည်။

၃။ ပြည်သူ့တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသားတော်လှန်ရေးမဟာမိတ်အင်အားစု များ၊ ပြည်သူများ၏ လက်တွဲညီညီ တော်လှန်တိုက်ပွဲများကြောင့်လည်းကောင်း၊ အမှန်တရားကို သိမြင်လာကြသော စစ်တပ်အတွင်းမှ အရာရှိစစ်သည်များ၏ ဘက်ပြောင်းခိုလှုံခြင်း၊ တပ်ရင်းအလိုက် လက်နက်ချခြင်း၊ တပ်စွန့်ခွာခြင်းများ‌ကြောင့်လည်း‌ကောင်း၊ တိုက်ပွဲများတွင် ရှုံးနိမ့်ခြင်းများ‌ ကြောင့်လည်းကောင်း၊ အဖက်ဖက်က ပြိုလဲ‌နေခြင်းကို အစားထိုးကျားကန်ရန်အတွက် ပြည်သူကို ထပ်မံဖိနှိပ်ရေး စစ်ယန္တရားတစ်ခုကို ဖော်ဆောင်ခြင်းဖြစ်သဖြင့် ယင်းယန္တရား အဆင့်ဆင့်တွင် ပါဝင်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းသည် ကြီးလေးသော စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်သည်။

၄။ အကြမ်းဖက်စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းစေရန် နည်းမျိုးစုံဖြင့် ဖိနှိပ်ရက်စက်မှုများ ကြောင့် မလွှဲမရှောင်သာ ရှောင်တိမ်းကြရသော ပြည်သူများကို အမျိုးသားညီညွတ်ရေးအစိုးရနှင့် မိတ်ဖက်တိုင်းရင်းသားမဟာမိတ်များအနေဖြင့် ဒေသအလိုက် လုံခြုံရေးကဏ္ဍကို သတိပြုလျက် စနစ်တကျ ပံ့ပိုးကူညီနိုင်ရေး ဆောင်ရွက်ပါရန်လည်း တိုက်တွန်းအပ်ပါသည်။

၅။ အကြမ်းဖက်စစ်အုပ်စုသည် ဥပဒေတစ်ရပ် ပြဋ္ဌာန်းပြီး ဆောင်ရွက်သည့်ပုံစံမျိုးဖြင့် လှည့်ဖြား၍ တစ်စုံတစ်ဦး၏ ဆန္ဒမပါဘဲ အတင်းအဓမ္မစစ်မှုထမ်းခိုင်းခြင်းသည် မြန်မာနိုင်ငံက ပါ၀င်လက်မှတ်ရေးထိုးထားသည့် International Labour Organization - ILO Convention များ အနက် Convention 29 (Forced Labor Convention) အား ဖောက်ဖျက်ကျူးလွန်ခြင်း ဖြစ်သည့် အတွက် ILO အနေဖြင့် စစ်အုပ်စုအပေါ် ပြဋ္ဌာန်းချက်များနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက် ရန် တိုက်တွန်းပါသည်။

၆။ ယခုကဲ့သို့ အကြမ်းဖက်စစ်ကောင်စီသည် ဥပဒေအသွင်ဆောင်၍ ပြည်သူများအပေါ် ကောက်ကျစ်စွာ တိုက်စစ်ဆင်လာသည့်အတွက် ရွှေ့ပြောင်းထွက်ခွာရသည့် လူသားလှိုင်းကြီးများ ထပ်မံဖြစ်ပေါ်လာနိုင်ပြီး ဒေသတွင်းမတည်ငြိမ်မှုများနှင့် လုံခြုံရေးထိပါးလာစေနိုင်မှုများကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာအစိုးရများ၊ လွှတ်‌တော်များ အနေဖြင့် အထူးအလေးထား၍ အကြမ်းဖက်စစ်အုပ်စု၏ ယင်းလုပ်ရပ်ကို အမြန်ဆုံးရပ်တန့်အောင် တားဆီးအရေးယူဆောင်ရွက်ပေးရန်နှင့် အန္တရာယ်ကျရောက်လျက်ရှိသော မြန်မာပြည်သူများကို လက်တွေ့ကျကျ ကာကွယ်ကူညီပေးပါရန် လေးလေးနက်နက် တောင်းဆိုအပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top