မူလ / အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ကျင်းပခဲ့သည့် (၄၃) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး၌ ချမှတ်ခဲ့သည့် ဘုံသဘောတူညီချက်(၅)ရပ်အား အကောင်အထည်ဖော်ဆောင်မှုနှင့် စပ်လျဉ်း၍ အာဆီယံခေါင်းဆောင်များ၏ သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်အပေါ် ထုတ်ပြန်ချက်

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ကျင်းပခဲ့သည့် (၄၃) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး၌ ချမှတ်ခဲ့သည့် ဘုံသဘောတူညီချက်(၅)ရပ်အား အကောင်အထည်ဖော်ဆောင်မှုနှင့် စပ်လျဉ်း၍ အာဆီယံခေါင်းဆောင်များ၏ သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်အပေါ် ထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်

၁။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့၊ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ကျင်းပ ခဲ့သည့် (၄၃) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး၌ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ် အကောင်အထည် ဖော်ဆောင်မှုနှင့်စပ်လျဉ်း၍ အာဆီယံခေါင်းဆောင် များ၏ သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ခြင်းနှင့် မြန်မာ့အရေးအတွက် အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများအပေါ် ၂၀၂၀ ပြည့်နှစ်၊ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲမှတစ်ဆင့် ရွေးကောက်ခြင်းခံရသော ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၏ ကိုယ်စားပြုအဖွဲ့အစည်း ဖြစ်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အနေဖြင့် ကြိုဆို အသိအမှတ် ပြုပါသည်။

၂။ အာဆီယံ၏ ဆုံးဖြတ်ချက်များသည် မိမိကိုယ်တိုင်ပါဝင် သဘောတူခဲ့သော ကတိကဝတ် များကို မျက်ကွယ်ပြုချိုးဖောက်လျက် အရပ်သားပြည်သူများအား နည်းမျိုးစုံဖြင့် ဖိနှိပ်ခြင်း၊ သတ်ဖြတ်ခြင်းများကို ဆက်လက်ကျူးလွန်လျက်ရှိသည့် မင်းအောင်လှိုင်ခေါင်းဆောင်သည့် အကြမ်းဖက်စစ်အုပ်စုကို ဟန့်တားရပ်တန့်စေရန်အတွက် လုံလောက်မှုမရှိသေးသော်လည်း ရှေ့ဆက် တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အပြုသဘော ခြေလှမ်းများအဖြစ် ကျွန်ုပ်တို့ ရှုမြင်ပါသည်။

၃။ အာဆီယံအနေဖြင့် ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဆောင်ရာတွင် မြန်မာပြည်သူများ ခံစားနေရသော အသက်ဘေးအပါအဝင် ဘေးဒုက္ခမျိုးစုံကို အမြန်ဆုံး အဆုံးသတ် နိုင်ရေးအတွက် ထိရောက်ပြီး လက်တွေ့ကျသော အကောင်အထည်ဖော်မှု အစီအမံများ၊ တိကျသော ကာလ စည်းကမ်းသတ်မှတ်မှုများနှင့် ဘုံသဘောတူညီချက်များအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ ချိုးဖောက်ပျက်ကွက်မှုများအတွက် အရေးယူဒဏ်ခတ်မှုအစီအစဉ်များ အမြန်ဆုံးချမှတ်သွားရန် လည်း ကျွန်ုပ်တို့ တိုက်တွန်းအပ်ပါသည်။

၄။ မြန်မာ့အရေးနှင့်ပတ်သက်၍ ပိုမိုထိရောက်သော ရလဒ်များ ထွက်ပေါ်လာစေရန်အတွက် လက်ရှိအာဆီယံဥက္ကဋ္ဌ၊ ယခင်နှင့် နောင်လာမည့် အာဆီယံဥက္ကဋ္ဌများ အနေဖြင့် အလွတ်သဘော ပူးပေါင်းဆောင်ရွက်သွားမည့် ဆုံးဖြတ်ချက်အပေါ် အထူးကြိုဆိုပါသည်။

၅။ ကမ္ဘာ့နိုင်ငံများက စစ်ကောင်စီအပေါ် လေယာဉ်ဆီ ဖြတ်တောက်ခြင်း၊ ဘဏ္ဍာငွေ ဖြတ်တောက်ခြင်းနှင့် သံတမန်ရေးအရ ဖိအားပေးခြင်းများကို တိုးမြှင့်လုပ်ဆောင်နေချိန်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားခြင်းဖြင့် မင်းအောင်လှိုင် ဦးဆောင် သော အကြမ်းဖက်စစ်တပ်က အရပ်သားများအပေါ် စနစ်တကျရည်ရွယ်လျက် အကြမ်းဖက် တိုက်ခိုက်ကျူးလွန်မှုများကို လျှော့ချရန် ထိရောက်သော အထောက်အကူဖြစ်စေမည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။

၆။ အာဏာသိမ်းစစ်ကောင်စီ၏ နေ့စဉ်တိုးမြှင့်လုပ်ဆောင်နေသည့် အကြမ်းဖက်မှုများ ကြောင့် နိုင်ငံတစ်ဝှမ်း၌ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူအရေအတွက်သည် သိသိသာသာ တိုးမြင့်လာလျက်ရှိပါသည်။ ထို့ကြောင့် အာဆီယံခေါင်းဆောင်များ အနေဖြင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးတကြီး လိုအပ်နေသည့် မြန်မာပြည်သူများထံသို့ အကူအညီများ ထိထိရောက်ရောက် ပေးပို့နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက် သွားရန် အထူးတိုက်တွန်းလိုပါသည်။

၇။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင် စနစ် အမြန်ဆုံး အဆုံးသတ်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာရေးနှင့် ဒေသတွင်း ငြိမ်းချမ်းရေးအတွက် ရှေးရှုလျက် ဘုံရည်မှန်းချက်ပန်းတိုင်တူညီသော တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့် လက်တွဲ ဆောင်ရွက်လျက်ရှိပြီး အာဆီယံဥက္ကဋ္ဌ၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံများ၊ အာဆီယံဆိုင်ရာ အဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိမှုကို ထပ်လောင်း ပြောကြားလိုပါသည်။ အာဆီယံအနေဖြင့် မြန်မာ့အရေး မှန်ကန်ထိရောက်စွာ ချဉ်းကပ် ဖြေရှင်းနိုင်ရေးအတွက် မြန်မာပြည်သူများ၏ အသံနှင့်ဆန္ဒကို ကိုယ်စားပြုသည့် ပြည်ထောင်စု လွှတ်တော်၊ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တော်လှန်ရေးအင်အားစုများနှင့် နီးနီးကပ်ကပ် စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ပါရန် လေးလေးနက်နက် တိုက်တွန်းလိုပါသည်။ 

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top