၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်
၁။ ယနေ့သည် အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်အုပ်စုက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရထံမှ နိုင်ငံတော်အာဏာကို အတင်းအဓမ္မ လုယူခဲ့ပြီး ဥပဒေမဲ့ တရားမဝင် စစ်အာဏာသိမ်းမှုသည် (၅) နှစ်ပြည့်ခဲ့ပြီ ဖြစ် သည်။ ယင်းအာဏာသိမ်းမှုကြောင့် တိုင်းပြည်သည် မကြုံစဖူး ဆိုးရွားလွန်းသည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။
၂။ (၅) နှစ်တာကာလပတ်လုံး စစ်ကောင်စီသည် ပြည်သူကို ပစ်မှတ်ထားသော စစ်ပွဲများ ဖော်ဆောင်ခဲ့ပြီး ကျေးရွာများနှင့် အရပ်သားနေရာများအား လေကြောင်းမှ ဗုံးကြဲခြင်း၊ နိုင်ငံရေး အကျဉ်းသားများအား ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် သန်းပေါင်းများစွာသော ပြည်သူများအား အိုးအိမ်စွန့်ခွာ ထွက်ပြေးစေခြင်းတို့ကို ကျူးလွန်ခဲ့သည်။ သို့သော်လည်း မြန်မာပြည်သူလူထုသည် စစ်အာဏာရှင်စနစ်ကို အပြီးတိုင် အမြစ်ပြတ်ချေမှုန်းရန် ခိုင်မာသော သန္နိဋ္ဌာန်ဖြင့် မပြိုလဲသော တော်လှန်ရေးစိတ်ဓာတ်ကို ပြသခဲ့ကြသည်။
၃။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ထုတ်ဖော်ပြသခဲ့သည့် ပြည်သူ့ဆန္ဒကို ကိုယ်စားပြုသော တရားဝင်ဥပဒေပြုအဖွဲ့အစည်းဖြစ်သော ကျွန်ုပ်တို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီအနေဖြင့် အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်ခဲ့သော ဟန်ပြရွေးကောက်ပွဲများနှင့် ယင်းမှ ထွက်ပေါ်လာမည့် အဖွဲ့အစည်းမှန်သမျှကို လုံးဝအသိအမှတ်မပြုကြောင်း ထပ်လောင်းအတည်ပြုကြေညာသည်။
၄။ ထိုအတုအယောင်ရွေးကောက်ပွဲများသည် အဓိကနိုင်ငံရေးပါတီများကို ဖျက်သိမ်းခြင်း၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီမိုကရေစီခေါင်းဆောင်များကို ဖမ်းဆီးအကျဉ်းချခြင်းနှင့် နိုင်ငံ၏ သုံးပုံတစ်ပုံကျော်တွင် တိုက်ပွဲများ ပြင်းထန်နေခြင်းတို့အကြားတွင် အတင်းအဓမ္မ ကျင်းပခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့ အတုအယောင် ရွေးကောက်ပွဲများမှတစ်ဆင့် စစ်အာဏာရှင်သက်ဆိုးရှည်စေရန် ဖန်တီးထားသော ဟန်ပြလွှတ်တော်နှင့် အစိုးရတို့သည် ပြည်သူ့ဆန္ဒကို ကိုယ်စားမပြုသကဲ့သို့ ဥပဒေကြောင်းအရလည်း တရားဝင်မှု လုံးဝမရှိပါ။ နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများအနေဖြင့် စစ်အုပ်စု၏ အတုအယောင် နိုင်ငံရေးယန္တရားသစ်ကို အသိအမှတ်မပြုရန်နှင့် အကြမ်းဖက်စစ်အုပ်စုကို တရားဝင်မှုပေးခြင်းသည် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကို ထောက်ခံရာရောက်ပြီး မြန်မာပြည်သူတို့၏ ဒီမို ကရေစီမျှော်လင့်ချက်ကို လျစ်လျူရှုရာရောက်ပါသည်။
၅။ မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အားလုံးပါဝင်နိုင်သော ဖက်ဒရယ်စနစ်တည်ထောင်ရေး ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပါသည်။ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုသည် တန်းတူညီမျှမှု၊ အားလုံးပါဝင်နိုင်မှု၊ ဥပဒေစိုးမိုးရေး နှင့် လူ့အခွင့်အရေးစသည့် ဒီမိုကရေစီစံနှုန်းများကို အခြေခံသော ပြည်ထောင်စုသစ်ကို တည်ဆောက်ခြင်းဖြင့်သာ ရရှိနိုင်မည်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။ မြန်မာ့နိုင်ငံရေးတွင် အကြမ်းဖက်စစ်တပ်က ဝင်ရောက်စွက်ဖက်ခြင်းကို အဆုံးသတ်စေကာ ငြိမ်းချမ်း၍ သာယာဝပြောပြီး စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်သည်အထိ ကျွန်ုပ်တို့သည် ပြည်သူနှင့်အတူ လက်တွဲတိုက်ပွဲဝင်သွားမည် ဖြစ်သည်။
၆။ ဤနှစ်ပတ်လည်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ကြံဖန်တီးထားသော နိုင်ငံရေး အခင်းအကျင်းနှင့် ၎င်း၏ အဖွဲ့အစည်းများကို တရားဝင်ပယ်ချရန်၊ စစ်ကောင်စီက နေ့စဉ်ကျူးလွန်နေသော အကြမ်းဖက်မှုများကို အထောက်အပံ့ဖြစ်စေသည့် လေယာဉ်ဆီ၊ ဘဏ္ဍာရေးလမ်းကြောင်းများနှင့် လက်နက်စီးဆင်းမှုများအပေါ် ပိုမိုပြင်းထန်သော ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန်၊ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေးအတွက် အကြမ်းဖက်စစ်တပ်အား ပိုမိုဖိအားပေးရန်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် ရဲရင့်သော ပြည်သူလူထုထံသို့ လူသားချင်းစာနာမှုဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ ပံ့ပိုးကူညီမှုများ တိုးမြှင့်ပေးအပ်ရန် နိုင်ငံတကာအသိုက်အဝန်းသို့ ထပ်လောင်းတောင်းဆိုပါသည်။
၇။ နွေဦးတော်လှန်ရေး (၅) နှစ်တာကာလအတွင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် မိမိတို့၏ အသက်၊ ခန္ဓာ၊ အနာဂတ်နှင့် အိမ်မက်များကို စွန့်လွှတ်ပေးအပ်ကာ ကျဆုံးသွားခဲ့ကြသော အာဇာနည်သူရဲကောင်းများအားလုံးကို လေးနက်သော လေးစားမှု၊ အမြင့်ဆုံး ဂုဏ်သိက္ခာဖြင့် ဂုဏ်ပြု ဦးညွတ်အပ်ပါသည်။ ၎င်းတို့၏ စွန့်လွှတ်အနစ်နာခံမှုနှင့် သွေးဖြင့်ရေးသားထားသည့် သမိုင်းသည် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး လမ်းကြောင်းတွင် အမြဲတမ်း မီးရှူးတန်ဆောင်အဖြစ် ထွန်းလင်းနေမည် ဖြစ်ပါသည်။
၈။ အခက်အခဲနှင့် အကျပ်အတည်းမျိုးစုံကြားမှ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် နွေဦးတော်လှန်ရေး (၅) နှစ်တိုင်လာသည်အထိ ကြံ့ကြံ့ခံ တော်လှန်နေကြသော အလွှာစုံမှ ပြည်သူများ၊ လွှတ်တော် (၃) ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံ့ဝန်ထမ်း CDM များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ အနုပညာ နယ်ပယ်အသီးသီးမှ တော်လှန်အနုပညာရှင်များ၊ မျိုးဆက်သစ်လူငယ်များ၊ အမျိုးသမီးများ၊ နိုင်ငံတကာရောက် မြန်မာပြည်သူများ၊ တော်လှန်ရေးအင်အားစုများကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် လေးနက်စွာ ကျေးဇူး တင်ဂုဏ်ပြုအပ်ပါသည်။
၉။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်၍ အသက်အန္တရာယ်များကို မလွဲမသွေ ရင်ဆိုင်ကာ တော်လှန်တိုက်ပွဲဝင်နေကြသော မြန်မာပြည်သူများ၏ ရဲရင့်သတ္တိ၊ မပြိုလဲသော သန္နိဋ္ဌာန်နှင့် အတူတကွ ရပ်တည်ပံ့ပိုးပေးလျက်ရှိကြသည့် ဒေသတွင်းနှင့် နိုင်ငံတကာမှ လူပုဂ္ဂိုလ်များ၊ လူမှုအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်များ၊ လွှတ်တော်အဖွဲ့အစည်းများနှင့် အစိုးရများအားလုံးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် လေးနက်စွာ ကျေးဇူးတင်ဂုဏ်ပြုအပ်ပါသည်။
၁၀။ အထူးသဖြင့် စစ်အုပ်စု၏ အကြမ်းဖက်မှုများကို မျက်ကွယ်ပြုမထားဘဲ အမှန်တရားဘက်တွင် ရပ်တည်ကာ မြန်မာပြည်သူတို့၏ ဒီမိုကရေစီမျှော်လင့်ချက်ကို နိုင်ငံတကာအဆင့်တွင် ထောက်ခံမြှင့်တင်ပေးခဲ့ကြမှု၊ အားပေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် မြန်မာနိုင်ငံ၏ လွတ်လပ်၍ တန်းတူညီမျှသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး လမ်းကြောင်းအတွက် အလွန်အရေးပါသော အင်အားဖြစ်ပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ယခုအချိန်ကာလအတွင်းသာမက အနာဂတ်တွင်လည်း မြန်မာပြည်သူများ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို ကာကွယ်ထောက်ခံသည့် နိုင်ငံတကာ မိတ်ဆွေများနှင့် ဆက်လက်လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုပါကြောင်း ထုတ်ပြန်အပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ


