၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်
၁။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၌ ပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ (၉၁) ခုနှင့် တစ်သီးပုဂ္ဂလတို့မှ ကိုယ်စားလှယ်လောင်း စုစုပေါင်း (၅,၆၃၉) ဦးက ဝင်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံခဲ့သည်။ ပြည်သူ့လွှတ်တော်တွင် မဲဆန္ဒနယ် (၃၃၀) ရှိသည့်အနက် (၃၁၅) နယ်၊ အမျိုးသားလွှတ်တော်တွင် မဲဆန္ဒနယ် (၁၆၈) နယ် ရှိသည့်အနက် (၁၆၁) နယ်နှင့် တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်များအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် (၆၇၃) နယ် ရှိသည့်အနက် (၆၄၁) နယ်၊ စုစုပေါင်း (၁,၁၇၁) အနက် (၁,၁၁၇) နယ်တို့တွင် ရွေးကောက်ပွဲများ ကျင်းပနိုင်ခဲ့သည်။ တရားဝင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ၏ ၇၁ ရာခိုင်နှုန်းကျော်က ဆန္ဒမဲပေးခဲ့ကြပြီး ခိုင်လုံမဲ ၉၆ ရာခိုင်နှုန်းကျော် ရရှိခဲ့သည်။
၂။ အဆိုပါ ရွေးကောက်ပွဲအား ယုံကြည်စိတ်ချရပြီး ပြည်သူအများစု၏ ဆန္ဒကို ထင်ဟပ်စေခဲ့သည့် ရွေးကောက်ပွဲအဖြစ် ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများက အသိအမှတ်ပြုခဲ့ကြသည်။ ယင်းရွေးကောက်ပွဲကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဥပဒေများနှင့်အညီ ကျင်းပပေးခဲ့ပြီး နိုင်ငံသားများက Covid-19 ရောဂါကူးစက်မှုများကြားမှ ကိုဗစ်စည်းကမ်းများနှင့်အညီ ၎င်းတို့၏ ပြင်းပြသော ဒီမိုကရေစီစိတ်ဆန္ဒကို မှန်ကန်စွာ ထုတ်ဖော်ခဲ့ကြပါသည်။
၃။ အကြမ်းဖက်စစ်တပ်က တရားဝင်အစိုးရထံမှ နိုင်ငံတော်အာဏာကို ဥပဒေမဲ့လုယူခဲ့သည့်အပြင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံ့ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများအား အပြစ်မဲ့ ဖမ်းဆီးထောင်ချခဲ့သည်။ အရပ်သားပြည်သူများအား အဓိကပစ်မှတ်ထား၍ လေကြောင်းဖြင့်တိုက်ခိုက်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မ စစ်မှုထမ်းဆောင်စေခြင်းတို့ကို ဆက်လက်တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။ အကြမ်းဖက်စစ်တပ်၏ လူမဆန်သော အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူ (၃.၆) သန်းကျော်သည် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး သန်းပေါင်းများစွာသော ပြည်သူလူထုသည် အိမ်နီးချင်းနိုင်ငံများနှင့် အခြားနိုင်ငံများတွင် ဒုက္ခသည်အဖြစ် ခိုလှုံနေကြရသည်။ လက်ရှိအချိန်တွင် စီးပွားရေး သိသိသာသာ ကျဆင်းခြင်း၊ အလုပ်အကိုင် ရှားပါးလာခြင်း၊ တရားဥပဒေစိုးမိုးမှုမရှိခြင်းအပြင် အွန်လိုင်းလိမ်လည်မှုများ၊ လူမှောင်ခိုကူးမှုများ၊ မူးယစ်ဆေးဝါး ကုန်သွယ်ဖြန့်ဝေမှုများ အဆမတန်ကြီးထွားလာခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ တည်ငြိမ်ရေးကိုသာမက ဒေသတွင်းနှင့် နိုင်ငံတကာ၏ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဆိုးရွားစွာ ခြိမ်းခြောက်လျက်ရှိပါသည်။
၄။ ယင်းအခြေအနေတွင် အကြမ်းဖက်စစ်တပ်က ပြုလုပ်ရန်စီစဉ်နေသည့် အတုအယောင်ရွေးကောက်ပွဲသည် မြန်မာ့ငြိမ်းချမ်းရေးကို ဦးတည်သည့် ရွေးကောက်ပွဲတစ်ခု မဟုတ်သည့်အပြင် ပြည်သူအများစု၏ ဆန္ဒအမှန်ကိုလည်း ထင်ဟပ်စေမည်မဟုတ်ပါ။ စစ်ဗိုလ်ချုပ်များ၏ အာဏာကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ရေးအတွက် ကြိုတင်ကြံစည်ထားသည့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်ပါသည်။ လက်ရှိအချိန်တွင် အကြမ်းဖက်စစ်တပ်သည် ၎င်းတို့၏ အဓိက တိုက်ခိုက်ရေးအင်အားများ ဆုံးရှုံးနေပြီး နိုင်ငံ၏ နယ်မြေ ၃ ပုံ ၁ ပုံ ခန့်သာ ထိန်းချုပ်ထားနိုင်ခြင်း၊ စစ်ရာဇဝတ်မှုများစွာနှင့် ဥပဒေမဲ့လုပ်ရပ်များစွာကို ကျူးလွန်နေသည့် အကြမ်းဖက်စစ်အုပ်စုက ပြည်သူများအား ဖိနှိပ်၍ အဓမ္မပြုလုပ်နေသည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲဖြစ်ခြင်းတို့ကြောင့် အဆိုပါရွေးကောက်ပွဲသည် ပွင့်လင်းမြင်သာ၍ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ မဖြစ်နိုင်ပါ။
၅။ အကြမ်းဖက်စစ်အုပ်စုသည် အဓိက နိုင်ငံရေးအင်အားစုများအား ဖိနှိပ်၊ ဖယ်ကြဉ်ထားပြီး လွတ်လပ်သော သတင်းရယူခွင့်ကိုလည်း ပိတ်ပင်ထားသည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် အန္တရာယ်ရှိသောအခြေအနေသို့ ရောက်ရှိနေပြီး ယုံကြည်ရသော အစီရင်ခံစာများအရ အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေအရ ထင်ရှားကျော်ကြားသော အနုပညာရှင်များအပါအဝင် အရပ်သားပြည်သူ အနည်းဆုံး (၉၉) ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရှိရပါသည်။ အကြမ်းဖက်စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲသည် ဟန်ပြဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖြစ်ပြီး လက်ရှိဖြစ်ပွားနေသော ပဋိပက္ခကို ပိုမိုဆိုးရွားစေမည် ဖြစ်ပါသည်။ ထို့ကြောင့် ဆိုးရွားသော အခြေအနေများစွာကို ရင်ဆိုင်နေရသည့် မြန်မာပြည်သူများအတွက် စစ်မှန်သော ငြိမ်းချမ်းရေးသည် ပိုမိုအလှမ်းကွာဝေးနေမည် ဖြစ်ပါသည်။
၆။ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ပြည်သူလူထုက ရွေးကောက်တင်မြောက်ခဲ့ကြသည့် မိမိတို့လွှတ်တော်ကိုယ်စားလှယ်များသည် အကြမ်းဖက်စစ်တပ်၏ ခြိမ်းခြောက်မှုများ၊ ဖမ်းဆီးမှုများကြားမှပင် ပြည်သူက အပ်နှင်းလိုက်သည့် လုပ်ပိုင်ခွင့်အာဏာကို ဆက်လက်ကျင့်သုံးလျက် မြန်မာနိုင်ငံ၌ စစ်မှန်သော တည်ငြိမ်အေးချမ်းရေးနှင့်အတူ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် တော်လှန်ရေးအင်အားစုအသီးသီးနှင့် လက်တွဲကြိုးပမ်းလျက်ရှိပါသည်။ ပြည်သူ၏ဆင့်လွှဲအာဏာအရ အမျိုးသားညီညွတ်ရေးအစိုးရအား နိုင်ငံ၏ တရားဝင်အစိုးရအဖြစ် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး အခက်အခဲအတားအဆီးများကြားမှပင် မိမိတို့ ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်တာဝန်များ၊ တော်လှန်ရေးတာဝန်များကို ထမ်းဆောင်လျက်ရှိပါသည်။
၇။ ကျင်းပပြီးစီးခဲ့သည့် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ၏ (၁၅၁) ကြိမ်မြောက် အထွေထွေညီလာခံ၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား တရားဝင်မိတ်ဖက်အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုထားမှုကို ဆက်လက်အတည်ပြုခဲ့သည်။ ယင်းအသိအမှတ်ပြုမှုသည် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တခဲနက်ဆန္ဒမဲပေးခဲ့ကြသည့် မြန်မာပြည်သူတို့၏ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ်အား အသိအမှတ်ပြုခြင်းပင် ဖြစ်ပါသည်။ ယင်းအသိအမှတ်ပြုမှုနှင့်အတူ မိမိတို့လွှတ်တော်ကိုယ်စားလှယ်များသည် မြန်မာပြည်သူတို့၏ စစ်မှန်သော သဘောထားနှင့် မျှော်လင့်ချက်တို့ကို နိုင်ငံတကာအသိုက်အဝန်းက သိရှိလက်ခံပြီး ပံ့ပိုးကူညီမှုများ တိုးမြှင့်လာစေရန် ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ပါသည်။
၈။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် လွတ်လပ်၍ တရားမျှတသော ဒီမိုကရေစီနည်းကျရွေးကောက်ပွဲမှတစ်ဆင့် လွှတ်တော်တစ်ရပ် မပေါ်ပေါက်မချင်း တရားဝင်ဆဲ ဖြစ်သည့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲရလဒ်ကို ကိုင်စွဲ၍ အေးချမ်းတည်ငြိမ်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးအတွက် တော်လှန်ရေးအင်အားစုများ အားလုံးနှင့်လက်တွဲကာ ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကတိပြုလျက် ဒီမိုကရေစီနှင့် အခြေခံလူ့အခွင့်အရေးများအား ကာကွယ်စောင့်ရှောက်ရန်အတွက် မိမိတို့ ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအပါအဝင် ဒီမိုကရေစီအစုအဖွဲ့များနှင့် တိုင်းရင်းသားအဖွဲ့အစည်းများအား ပိုမိုပံ့ပိုးကူညီပေးရန်၊ အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုက ပြုလုပ်မည့် ရွေးကောက်ပွဲရလဒ်အား ပြတ်သားစွာ ငြင်းပယ်ပေးရန် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းအား ဤသမိုင်းဝင်နေ့ထူးနေ့မြတ်တွင် ထပ်မံတောင်းဆိုတိုက်တွန်းအပ်ပါသည်။
The Committee Representing Pyidaungsu Hluttaw


